တစ်ယောက်တည်း စကားပြောခြင်း




မြို့ကြီးရဲ့သွေးတွေ အကုန်စုပ်ယူမယ့် ကြမ်းပိုး
ကျွန်တော်ဖမ်းမိခဲ့တယ် အိပ်ယာထဲမှာ။
ဘုံဘိုင်က ရေမလာဘူး
သူမက ကျွန်တော့်ကို လွမ်းပြီး မငိုဘူး(တစ်နှစ်ကျော်ပြီ)။
ညစာစားဖို့ အကြောင်းကြားတဲ့ သံကြိုးစာ ဝင်လာတယ်။
ဗာဒံပင်က သူချုပ်တည်းထားခဲ့သမျှကို တစ်ရွက်ပြီး တစ်ရွက် ခြွေချလို့။
မရေးရသေးတဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေ စကားပြောနေကြ။
‘ ဒါဆို . . . လူကြီးမင်းက ကျွန်တော့်အဖေပေါ့၊ တွေ့ရတာ ဝမ်းသာပါတယ်’ တဲ့။
ကျွန်တော့်ဖောင်တိန်ထဲမှာ အကောင်းစား ဘရိတ်တွေ တပ်ဆင်ထားပါတယ် ခင်ဗျာ။
ပင်လယ်ဟာ  မူလီစုပ်ထားဆဲပဲ
ကျွန်တော်တို့ မုန်တိုင်းကို လေညင်းဖြစ်အောင် ခွဲစိတ်အောင်မြင်ခဲ့ကြပြီ။
အစီရင်ခံစာ တစ်စောင်မှာ ဖတ်ရတယ်
အဝေးမှာ ကြယ်တွေ  အော်နေကြရဲ့။
ကျွန်တော့် လည်ချောင်းတွေ ယားလာတယ်မိတ်ဆွေ
ဆင်တစ်ကောင်ကို ဘယ်မြွေမှ ကုန်အောင် မျိုနိုင်မှာ မဟုတ်ဘူးလို့။
ကျွန်တော့်ကို ပြောပြနေတာလား အာဖရိက
ဧပြီလ ပြီးရင် ဧပြီလ မလာဘူး
မစ္စတာဂျွန် (ဝမ်းနည်းပါတယ်) မင်းကို ငါ မသိဘူး။
ကျွန်တော် ငတ်မွတ်ခဲ့ဖူးပုံကို အရသာရှိရှိ ပြန်ပြောပြနိုင်ပါပြီ
ဒိုင်ယာရီထဲမှာ အချက်ပေး ခေါင်းလောင်းတွေ မြည်ကြ
ငွေစက္ကူတွေဆီက အနံ့ တထောင်းထောင်း ရနေပေါ့။
၁၉၉၀ ခုနှစ်က ဟဖြဲထားတဲ့ ပါးစပ်ကြီးတွေဆီ အလည်တစ်ခေါက်သွားဦးမယ်။
ကြွက်ထောင်ချောက်ထဲမှာ ဒိန်ခဲမရှိ
စာချုပ်ထဲမှာ လက်မှတ်ထိုး မရှိ
ကျွန်တော့်မှာ ငွေစက္ကူ မရှိ
စီးကရက်တစ်လိပ်ကို မီးညှိပြီး ငြင်းပယ်ဖို့ ကြိုးစားကြည့်မိပြန်ပေါ့။
ငြိမ်သက်ခြင်းဟာ ဇာတ်ညွှန်းနှစ်ခုကို တစ်ပြိုင်တည်း သရုပ်ဆောင်ရာ ရောက်သတဲ့။
ပျောက်ဆုံးသွားတဲ့ ဖခင်အတွက် သင်္ဘောတစ်စီး ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ သင်္ဘောတစ်စီးအတွက် ရေငုပ်သမားတွေ ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ ရေငုပ်သမားတွေ အတွက် လင်းပိုင်များ ထွက်ခွာခဲ့ပါပြီ
ရောမမြို့ကြီး နှင်းတွေထဲမှာ ငြိမ်သက်တိတ်နေချိန်
ကျွန်တော်ဟာ တယောတစ်လက် ထိုးနေခဲ့တယ်။       ။

နေမျိုး

သရဖူ ၂၀၀၃၊ မတ်လ

ရေကဗျာ




တောနက်ကြီးထဲက ရေဟာ
မြို့တော်ကြီးရဲ့ ရေပိုက်ခေါင်းတွေရှိရာ
လာနေပါပြီ။

ဘယ်က လာ-မလာ
(အခက်အခဲ ပါ-မပါ)
သိစရာ မလိုပါ
မျက်နှာသစ်နိုင်ကြပါပြီ
ရေမိုးသန့်စင်နိုင်ကြပါပြီ
အညစ်အကြေးစွန့်နိုင်ကြပါပြီ။

ဘာရေးရမှန်း သိတာနဲ့
ရေးကြည့်လိုက်တာပါ။           ။

သုခမိန်လှိုင်

ရုပ်ရှင်တေးကဗျာ  ၂၀၀၅၊ နိုဝင်ဘာ

လူးလှိမ့်နေတဲ့လူ



တစ်ပိုဒ်တစ်ပိုဒ်တစ်စ တစ်ကြောင်းတစ်လုံး တစ်ပါဒအတွက်
လူးလှိမ့်မျောပါနေတဲ့ ကဗျာရေးသူလို
ကြိုးစားပြီး ချစ်ကြလို့
ရယ်သံမောမော သက်တံနဲ့ အိပ်စက်ခြင်းကို အေးချမ်းစွာ
တောင်းဆိုနေတဲ့ အခန်း။ ကြွေသားအရောင် အေးစက်ခြင်းနံရံ
ကော်ဖီအသွေး နွေးထွေးမှု ပြတင်းပေါက်ပန်းချီကား
ခရု၊ ဂုံး၊ ကမာစတဲ့ အခွံပိတ် သတ္တဗေဒ ဆိုင်ရာကြွက်သား
စက္ကူစွန်ကိုမိုးပေါ်တက်သွားစေတဲ့ လေအဟုန်
အပန်းဖြေပန်းခြံထဲ အသည်းထိတ်လို့ ဖြစ်ပေါ်လာတဲ့အသံ ငြိမ့်ကနဲတွေ
အရင်ဘဝ (သို့) ဘဝအဆက်ဆက် ကွဲသွားသော
အချင်းချင်း လက်ငင်းရှာဖွေနေဆဲဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်းအစများရဲ့
ပုံကြီးချဲ့ အနီးကပ်ရှုခင်း၊ အဝေးက ဖြည်းဖြည်းလာနေရတဲ့ အသံ
နားစွင့်နေကျ တောင်တန်းကြီးများဆီမှ
တစ်ခါတစ်ရံ ရံဖန်ရံခါ အကြိမ်ကြိမ်များ ပုံမှန်နီးနီး
စိတ်ဝင်တစား အကျင့်ကပါ လုပ်လေ့ရှိ အလေ့အထများရဲ့
ဂရုတစိုက် ပွက်လောရိုက်မှု ပဲ့တင်သံတိုးတိုး
မှန်လိုကြည့် ထွင်းဖောက်ထွက်ချည်
ခွဲစိတ်ခန်းထဲ အချိန်နှင့်အမျှ အရောက်ရှုသံ
အခိုးအငွေ့တစ်ခုခု အတွင်းသားအရောင်ရဲ့ သီးခြားကိုယ်ပိုင်ပုဂ္ဂလိကရနံ့
မြက်တွေပေါ် အင်အားကြီး တွန်းလှဲသွားလာ
စပါးကြီးမြွေ တစ်ကောင်လောက် တွားသွားခွန်အား
အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် အသံနဲ့
တွက်ချက်ထားသော အခုအခံ အရံအတားအဆီး
အဆန့်အကျင် အနှောင့်အနှေးများမှ
ဘေးလွတ်ရာဆီ။
တပုဒ် တစ်ပိုဒ်တစ်စ
တစ်ကြောင်း တစ်လုံးတစ်ပါဒအတွက်
လူးလှိမ့်နေသူ။        ။

လူဆန်း

ရေးသူ လူဆန်း မှ ကူးယူဖော်ပြသည်

the rolling man


like a poem writer rolling floating,
for the sake of piece, a stanza, a line, a word,
they try to love
room peacefully demanding gay laughter, rainbow,
and sleep. Porcelain cool walls
coffee colour warmth window picture
snails, clams, oysters, shelled biological muscles
gush of wind that sends paper kites up into the sky
sudden noises coming out of heart beats in the park
presently searching for one another body parts
enlarged close-up scenes, sounds coming slowly from afar
listen from the mountain ranges
sometimes, occasionally, frequently, almost regularly
interestingly, being accustomed to, used to, habits
carefully, uproarious, faint echoes,
looking as if at a mirror, breaks into and out
into the operating theatre all the time  coming breaths
particular personal odour of internal color inside some vapour
on the grass pushing down to move with great force
slithering power like a boa constrictor’s
with a peaceful quiet sound
calculated obstacles, barriers
oppositions, hindrances
to somewhere safe from these
for the sake of a piece, a stanza,
a line, a word,
rolling one.

Lu Hsan
Translated by Maung Tha Noe

From : written by Lu Hsan



ကျန်းမာသော နွေဥတုနှင့် သူ၏ချစ်သူများ



အို -- ကြွေရွက်
လေထက်ဝဲပျံ လှသောဈာန်မှ
သင့်ခံစားမှု ဘယ်သို့နုသလဲ။


မြေဆွဲအားကို
ဆန့်ကျင်ငြိုငြင် ခဏစဉ်မှာ
အာကာသနှင့် မြင်ခက်သင့်လက်
ချိတ်ဆက်အားယူ လေပူပူမှာ
ပြုံးနေသလား။


နုမှရင့်လွန်
အဝါကျွန်ဖြစ် စိတ်ညစ်ညစ်နှင့်
သေခွင့်ရနိုး ဇွဲကြိုးချ၍ဆင်းလာသလော။

ရွက်နုဝေသစ်
ပျိုမြစ်ကတည်းက လှသောအစိမ်း
တိမ်းယိမ်းမှုကို နှုတ်လို
ချုပ်တည်းမှုများ။
နေခြည်ပါးကိုကြောက်
အောက်ဆီဂျင်ကို ပယ်ခွာ
ကာဗွန်ဒိုင်အောက်ဆိုဒ် မရှုရှိုက်ခဲ့၍
အို -- မိုက်သော ကြွေရွက်ရှုပ်
ချုပ်တည်းမှုများ ပွားလာသည်ဖြစ်
စိတ်ညစ်ဝန်ပိ လျှော့ချကြည့်မှ
မူလထက်ပင် တွေစွာ ဝေစွာ
ဘာရယ်မသိ
မြေထိဒုတ်ဒုတ် ဆင်းသလော။


အို -- ပုစ္ဆာပြုသူ
တလူလူ တဖျတ်ဖျတ်
ငါတို့ ကြွေတတ်၏။


တလူလူ အထပ်ထပ်
ငါတို့ ဝေတတ်၏။


ရုပ်သည် အနိစ္စ
ကိစ္စမရှိ။ ။


မိနှောင်း 


မိုးဝေ၊ ဒီဇင်ဘာ၊ ၁၉၈၀ မှ ကူးယူဖော်ပြသည်

သမိုင်း နှင့် ကဗျာ


[၁]
            ယနေ့ခေတ်ပေါ်ကဗျာကို လူငယ်တွေ ဘာကြောင့်ရေးနေကြသနည်း၊ ဖတ်နေကြသနည်းဆိုသော မေးခွန်းမှာ ယနေ့စတီရီယို(ခေတ်ပေါ်ဂီတ)ကို လူငယ်တွေ ဘာကြောင့်ဆိုနေရသနည်း၊ နားထောင်နေကြသနည်း ဆိုသောမေးခွန်းနှင့် အတူတူပင်ဖြစ်ကာ အဖြေတစ်ခုတည်းသာ ရှိလေသည်။ ခေတ်က တောင်းဆိုသောကြောင့်ဟူ၍ ဖြစ်၏။ ဒီထက် လေးနက် အောင်ပြောရလျှင် ခေတ်ပေါ်ကဗျာဆိုသည်မှာ သမိုင်း၏ ပြဋ္ဌာန်းချက်အသစ်ပင်ဖြစ်လေသည်။
            ဖြတ်သန်းသွားသော ကာလများမှာ သမိုင်းဖြစ်လာသည်။ အနုပညာအပါအ၀င် ယဉ်ကျေးမှုကိစ္စများကို သမိုင်း ကာလများက ကန့်သတ်ဖော်ဆောင်ပေးခဲ့လေသည်။ မြန်မာကဗျာ၏စဉ်ဆက် ဆင့်ကဲတိုးတက်ခြင်းသည်လည်း အခြား အရာများလိုပင် သမိုင်းနှင့်အတူ ဖြစ်ထွန်းလာရသည်မှာ ငြင်းပယ်၍ မရနိုင်သော သဘာဝတရားဖြစ်၏။ ပုဂံမှ ကုန်းဘောင် ခေတ်နှောင်း(ရတနာပုံခေတ်)ထိ ထွန်းကားခဲ့သော အစဉ်အလာရိုးရာ မြန်မာကဗျာသည် ခေတ်စမ်း၏ ဖြစ်ထွန်းမှုကြောင့် ချုပ်ငြိမ်းပျောက်ကွယ်ခဲ့လေသည်။ ယင်းမှာ ၀မ်းနည်းစရာ အခြေအနေမဟုတ်သည့် သမိုင်းဆိုင်ရာ အမှန်တရားပင်ဖြစ် သည်။ စစ်ပြီးခေတ် အကြီးအကျယ် ဖွံ့ဖြိုးခဲ့သော ခေတ်စမ်း၏အမွေကို ဆက်ခံခဲ့သည့် ခေတ်စမ်းသစ်ဝါဒမှာ ယခုအခါ မြ၀တီနှင့် ငွေတာရီမဂ္ဂဇင်း စာမျက်နှာပေါ်တွင်သာ ကုတ်တွယ်ရှင်သန်နေသော အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။
            ဇော်ဂျီ၊ မင်းသုဝဏ် ခေါင်းဆောင်သည့် ခေတ်စမ်းနောက်တွင် ဒဂုန်တာရာခေါင်းဆောင်သည့် စာပေသစ်သဘော တရားနှင့်အတူ အမျိုးသားလွတ်မြောက်ရေး၊ အရင်းရှင်ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး ကြွေးကြော်သံများဖြင့် ကဗျာသစ်တစ်ခေတ် ဖြစ်ခဲ့သည်။ (ဒေါင်းနွယ်ဆွေတို့နှင့် ဒဂုန်တာရာ အကွဲအပြဲမှာ အုပ်စုတွင်း ၀ိဝါဒပဋိပက္ခသာဖြစ်၍ ပန်းတိုင်းနှင့် အခြေခံသဘောတရားမှာ အတူတူပင်ဖြစ်လေသည်။) ထိုကဗျာသဘောတရားမှာ မိုးဝေကဗျာခေတ်၊ တော်လှန်ကဗျာ၊ နိုင်ငံတကာဝါဒအထိ သက်တမ်းမြင့်ကြာခဲ့သည်။
            ယနေ့ခေတ်ကား ပီပီသသ ထင်ထင်ရှားရှားပင် ခေတ်ပေါ်ကဗျာခေတ် ဖြစ်တော့သည်။ သမိုင်းသည် ကျွန်တော်တို့ကို ဘယ်သောအခါမှ မညာပေ။ ကျွန်တော်တို့ကလည်း သမိုင်းကို မညာသင့်ပေ။

[၂]
            ကျွန်တော်တို့သည် သမိုင်းကို အလေးပေးတန်ဖိုးထားရန် လိုသည်။ ကျွန်တော်သည် ခေတ်စမ်းစာပေသစ်နှင့် နောက်ဆုံးတော်လှန်ကဗျာတို့အထိ ယင်းတို့၏ ဖြစ်တည်မှု(ဖြစ်တည်ခဲ့မှု)ကို စောဒကတက် ငြင်းဆန်ရန် စိုးစဉ်းမျှ ဆန္ဒမရှိ ပေ။ ထိုဝါဒနှင့် ကဗျာသဘောတရားများသည် ခေတ်ကာလ၏ တောင်းဆိုချက်အရ ထွက်ပေါ်လာသော သမိုင်းပြဋ္ဌာန်းချက် များဖြစ်ပေသည်ဟု နားလည်လက်ခံနိုင်ခဲ့သည်။ ပြဿနာတစ်စုံတစ်ရာ ရှိစရာမမြင်ပါ။
            ကျွန်တော့်စာအုပ်စင်တွင် ယနေ့တိုင်အောင် ဇော်ဂျီ၏ကဗျာစာအုပ်ရှိနေကာ ဗေဒါလမ်းကဗျာအတွဲကို မကြာ မကြာ ဖတ်ရှုမိဆဲဖြစ်၏။ ဒေါင်းနွယ်ဆွေ၏ ကဗျာများထဲမှ အားကောင်းပြင်းထန်လှသော ဒေါသမာန်နှင့် အံ့မခန်းကြွယ်ဝ သော ရူပကအလင်္ကာများ အသုံးများကိုလည်း ကြုံတိုင်းချီးကျူးစကားဆိုဖို့ နှုတ်လျှာလေးလံခြင်းမရှိပါ။ သဒ္ဒါဆန်သော ကဗျာအရေးအသားနှင့် ကြည်လင်ချိုသာသော အဖွဲ့အနွဲ့များကိုလည်း ရှုတ်ချရန် ရည်ရွယ်ချက်မရှိပါ။ သို့သော် ယနေ့ ခေတ်သည်ကား ဇော်ဂျီ၊ ဒေါင်းနွယ်ဆွေခေတ် မဟုတ်သည်မှာ သေချာပါသည်။ နောက်ဆုံးစကားဆိုရလျှင် (မလိုလှသော် လည်း ဒါဆို ဘယ်သူ့ခေတ်လဲ၊ မင်းခေတ်လားဟု ခွတိုက်မေးချင်သူ တချို့အတွက်ဖြေရလျှင် ကျွန်တော့်ခေတ်ဟု မဆိုလို ပါ။ ဆိုခွင့်လည်း မရှိပါ။ ထိုသို့ဆိုရမည်ကိစ္စလည်းမဟုတ်ပါ။) သို့သော် ကျွန်တော်တို့ခေတ်ဟုတော့ ဆိုချင်ပါသည်။ ကျွန်တော်တို့ဆိုသည်မှာ တစ်စုံတစ်ရာပုဂ္ဂိုလ် အမည်နာမထက်စစ်မှန်သော ခေတ်ပေါ်ကဗျာတစ်ခေတ် ဖြစ်ပေါ်လာ အောင် ကြိုးပမ်းထူထောင်နေသော ကဗျာဆရာအားလုံးကို ရည်ညွှန်းလိုရင်းဖြစ်သည်။
            ခေတ်စမ်းနှင့် စာပေသစ်တို့ကို ခေတ်၏လိုအပ်ချက်၊ တောင်းဆိုချက်အရ ဖြစ်ထွန်းလာရသည်ဆိုသောအဆိုကို ကျေကျေနပ်နပ်ခံယူကြမည့် ရှေးအစဉ်အဆက်က ဆရာကြီး၊ ဆရာငယ်တို့သည် ခေတ်ပေါ်ကဗျာသည် ခေတ်၏တောင်း ဆိုချက်အရ ဖြစ်ထွန်းလာရသည်ဆိုသော အဆိုကျမှ ဘာကြောင့် မျက်စိမှိတ်ငြင်းပယ်ရန် ကြံရွယ်နေကြရသနည်း။ စဉ်းစား စရာအကြောင်းခံတစ်ချက်သာ ရှိပါသည်။ သူတို့ သြဇာယုတ်လျော့မှာ စိုးရိမ်ပူပန်သောကြောင့်သာ ဖြစ်ဟန်ရှိပါသည်။ အာဂသတ္တိဟု ခေါ်ရပေတော့မည်။ အနုပညာသင်္ခါရ၊ အနုပညာသံဝေဂကင်းသူဟုတ်လည်း ခေါ်ရပေတော့မည်။
            သီပေါမင်းစီးခဲ့သော ခြေနင်း(ရွှေချထားသောခုံဖိနပ်)ကို ယနေ့နိုင်လွန်ကတ္တရာလမ်းမပေါ်တွင် ချစီးရန် မသင့် လျော်တော့ပါ။ သို့သော် အမှိုက်ပုံသို့လည်း သွားလွှင့်မပစ်သင့်ပါ။ သူ့တွင် အသုံးချတန်ဖိုးရှိမနေတော့သော်လည်း သမိုင်း ၏ တန်ဖိုးရှိနေသောကြောင့် ဖြစ်ပါသည်။ ခေတ်ပေါ်ကဗျာမတိုင်မီကာလက ကဗျာများသည်လည်း တချို့သမိုင်းတန်ဖိုး သာရှိတော့ကာ (ဥပမာ-ခေတ်စမ်း)၊ တချို့လည်း အသုံးချတန်ဖိုး ယုတ်လျော့ကျဆင်းလာနေပါသည်။ (ဥပမာ-စာပေသစ်)။
            ကျွန်တော်တို့ကတော့ ခေတ်ပေါ်ကဗျာကိုပင် ရေးဖွဲ့ရပါတော့မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ကုန်းဘောင်ခေတ်လူသားသော်လည်းကောင်း၊ စစ်ပြီးခေတ်လူသားသော်လည်းကောင်း မဟုတ်ဘဲ ၂၁ရာစု အကြို ခေတ် ပေါ်လူသားများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ နတ်သျှင်နောင်နှင့် လှိုင်ထိပ်ခေါင်တင်တို့ နန်းဆန်သော အသုံးအနှုန်း ဖြင့် ရတုနှင့်ဘောလယ်သာ ရေးခဲ့ရကောင်းလားဟု ကျွန်တော်တို့ အပြစ်တင်ရန်မသင့်ပါ။ အနုပညာဆိုသည်မှာ တခြား ယဉ်ကျေးမှုကိစ္စများလိုပင် ခေတ်ကာလ(သမိုင်း)၏ ပြဋ္ဌာန်းကန့်သတ်ချက်အရသာ ဖြစ်ထွန်းနိုင်ကြောင်း တင်ပြခဲ့ပြီးပါပြီ။ ခေတ်ပေါ်လူသားသည်လည်း ခေတ်ပေါ်ကမ္ဘာနှင့် သူ့ဆက်ဆံရေး(ခေတ်ပေါ်ဘ၀အတွေ့အကြုံ အထွေထွေကို)ခေတ်ပေါ် အာရုံခံစားမှုဖြင့် ကဗျာရေးဖွဲ့ပေလိမ့်မည်။ ယင်းမှာ ခေတ်ပေါ်ကဗျာရေးသူတို့၏ တသမတ်တည်းသော ၀တ္တရားသာလျှင် ဖြစ်သည်။
            ခေတ်ပေါ်ကဗျာရေးသူတို့သည် ဘယ်သူဘယ်ဝါ ရိုက်ချိုးရမည်ဟု လည်းကောင်း၊ ဘယ်ဝါဒ ဘယ်အယူအဆ ကျဆုံးပါစေဟု လည်းကောင်း မအော်သင့်ပါ။ အော်ရုံဖြင့် မကျဆုံးနိုင်ပါ။ (မိုးသည် အချိန်အခါကြောင့်သာ ရွာခြင်းဖြစ်ပြီး ဖားအော်သံကြောင့် ရွာခြင်းမဟုတ်ချေ။) တစ်ဘက်က ကျဆုံးပါစေဟု ဆန့်ကျင်အော်ဟစ်ခြင်းကိုလည်း တုန်လှုပ်စရာမရှိ ချေ။ (တုန်လှုပ်သူများမှာ နဂိုကပင် ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုမရှိသော၊ ခိုင်မာသော အသိမရှိသော အတုယောင်များ သာဖြစ်ပေမည်။)

သစ္စာနီ
(ဆက်လက်ဖော်ပြပါမည်)

လီယိုတော်စတွိုင်းပြတိုက်



အချစ်ဆိုတာ မူးဝေပြီး ဒုက္ခချစ်ဟန်ဆောင်လို့
ထီးတစ်စင်းအောက် မိုးရေထဲမှာ ရွာမဆုံးတော့
မျက်ဝန်းပြာပြာ နှင်းထုဖြင့် ပိတ်ဆိုင်းနေပြီလား
သိုးဆောင်းဘာသာမှ ပြန်ဆိုသော ဆောင်းပါး
ပြန်လည်ကိုးကားလျက် သွားစို့၊ သွားကြစို့
တောလက် နွေရာသီရဲ့ မြေပိုင်ရှင် နံနက်ခင်း
တော်စတွိုင်းပြတိုက် ပလာဇာ(တနင်္ဂနွေနေ့ ပိတ်သည်)
မျက်လုံးထဲက ထွက်ကျလာ မျက်ရည်လားကွယ်
မဟုတ်ဘူး၊ ပန်းချီကားတဲ့
ကျန်းမာ သန်စွမ်းသော ဝမ်းနည်းခြင်းများဖြင့်…

လီယိုတော်စတွိုင်းဟာ  မြို့စားကြီးဖြစ်တယ်
လီယိုတော်စတွိုင်းဟာ အရပ်မြင့်မြင့် ရုပ်ချောချော
ကာလသားရောဂါသည် လူငယ်တယောက်
ဒေါသကြီးတဲ့ ဝက်ဝံတစ်ကောင်ရဲ့ လက်သည်းစူးနစ်
သူ့မျက်နှာထဲ စိုက်ဝင်လို့
သူ့ဝတ္ထုကို အထပ်ထပ်ပြင်ကာ ဖျက်ကာ ရေးရှာပါရဲ့
ပြဇာတ်တစ်ပုဒ် တင်ဆက်ဖို့ရာ
သူ့ကို စန္ဒရားဆရာအဖြစ်ရွေးချယ်
ပီပီပြင်ပြင်သရုပ်ဆောင်ဖို့ သူဟာ သုံးရက်ကြာ
ဘယ်သူနဲ့မှ စကားမပြောပဲ လေ့ကျင့်
ဒါပေမယ့် ပြဇာတ်ထဲမှာ စန္ဒရားတစ်လုံးမှ မပါ
ပျော်ရွင်ဝမ်းနည်းဖွယ် သင်္ဘောတစ်စင်းပါတယ်
သင်္ဘောမာလိန်မှူး ဘုန်းတော်ကြီးတစ်ပါးနှင့်
လူသုံးယောက်ပါဝင် မုန်တိုင်းနှင့် ဒီလှိုင်းကြား
ဂါထာတွေ ရွတ်ဖတ်သရစ္ဇျယ်
ဒဏ်ရာ အနာတရ သေသေကြေကြေ ကူးခတ်ကြ
ဘုန်းတော်ကြီးတစ်ပါး ကုန်းပတ်ပေါ်လဲကျသွား
သူတော်စင်သုံးဦး လက်ချင်းယှက်
ကျွန်းညိုဆီ ပျံသန်းသွားခဲ့ပြီ
မာလိန်မှူး ဘယ်မှာလဲ
တော်စတွိုင်း ရုပ်တုကြီး
တီကောင်တွေ ခေါက်ဆွဲတွေ လုံးထွေး
ငြိမ်သက်လို့…
ဧည့်ပရိသတ်ဟာ လက်ကိုင်ပုဝါကိုယ်စီ
ပြတိုက်ထဲ လှည့်လည်ကြည့်ရှုကြ
တော်စတွိုင်း
စက်ဘီးတစ်စီးနှင့် ခါးထောက်ပြီးရပ်နေ (၁၈၅၂)
ဆိုက်ဘေးရီးယား တောလိုက်မုဆိုးတစုနှင့်အတူ
ကျားသေ တစ်ကောင်ရှေ့
လက်ပိုက်ပြီးရပ်လျက် နှုတ်ခမ်းမွေးနှင့် (မုတ်ဆိတ်မွေး မရှိသေး)
အင်နာ ဗရွန်စကီး ခန်းမဆောင်
သူ့အပြောလေးက တယောလိုချွဲ
သူ့ရင်ခွင်ထဲ ပျော့ပြောင်းသွယ်လျ မိန်းမပျိုတစ်ယောက်
ပုံစာ..(ချစ်သူကို အလိုမလိုက်ဘူး ရင်ခွင်မှာထား ဓါးနဲ့ထိုးမယ်)
ပွတ်ရှကင် ပြောတာလား
အန္တရာယ် တွေ့ကြုံစဉ် ဓါတ်ပုံ
(မျှားပြထားသူ လီယိုတော်စတွိုင်း)

ထိုစဉ် . . . တစ်စုံတစ်ယောက် ပြောရှာရဲ့
သူ့ဘဝ လေးမြတ်ကြီးမားသလောက်
သနားကြင်နာဖွယ်ရာ ကောင်းပါသတဲ့ ။        ။

မောင်သင်းမိုး

ပိတောက်ပွင့်သစ် အမှတ်(၂၄) မေလ၊ ၂၀၀၉ မှ ကူးယူဖော်ပြသည်

အိပ်ယာစောစောထဘို့ alarm



နွားတစ်ကောင်ရဲ့ကျောကုန်းပေါ်က မှက် ကောက်ရိုးဟာ သားသတ်ရုံမှာ သွေး
သံရဲရဲ နံရိုး တပိုင်းနဲ့ အူအသဲ တစ်စုံ ပိုက်ဆံရှင်းပေးပြီး မီးပွိုင့်မှာ အဖွားကြီးတယောက်
လမ်းကူးတာ စိတ်မရှည်စွာ စောင့်နေရတယ် မောင်းတံတွေ ဝါနီဖြူအရောင် ကျားကျား ပေါ့ပ်
ဂီတလို့ပြောတယ် စွဲမက်ကြတယ် ရူးမူး လို့သုံးနှုန်းတယ် အသုံးအနှုန်းတွေဟာ စံပြ ဖြစ်ဖို့
လိုတယ် ခင်ဗျားမျက်မှန်တင်ထားတဲ့အောက်က စက္ကူပုံးထဲမှာ မြွေ ခြေရာ အလင်းတန်း သူတော်စင်
ပြုံးလျက် ခေါင်းတငြိမ့်ငြိမ့် ပလပ်စတစ်အိတ်နဲ့ လေစုပ် ထုတ်ပိုးထားရာ အငွေ့ပျံဆဲ ဆုတ်ယုတ်ဆဲ
ဝ.၁၂ ခန့်မှ ၁၄.၈၉ ခန့်အထိ ယူနစ်ကို သင့်စိတ်ကြိုက်ယူလိုက်ပေါ့ လွဲသွားလည်း ဒိထက်လွဲစရာ
မရှိတော့ပါ ကမ္ဘာကြီးဟာ ဘာမှမထူးတော့ပါ သင်ခေါ်လည်း ထူးမယ့်သူမရှိတော့ပါ ဝမ်းနည်းကြောင်း
စာလွှာများ ပလူပျံ အဆိပ်ပြေပျောက်စေရန်ဟု မှောက်ထားသော ဝမ်းပြားလှေအား ထေးဖာ စွပ်ကြောင်း
တလျှောက် အရှိုးရာများ အစင်းလိုက် အစင်းလိုက် သဲသောင်မှာ မဲမှောင်နေတုန်း ပဲလှောင်ကြမလား
နှုတ်ကဆီမန်းမန်းသလို တိုးတိုးရွတ်ကြည့် ဒီဘဝနဲ့ ဒီအလုပ်ပဲလို့ တခါထဲ ငုတ်ရိုက်ထားတာကို ပဟတ္တိ
ခေါ်တာပဲ ဖိုးသူတော်နဲ့ တောင်ဝှေးပါ မောင်တောတွင် ဖက်က်စ် နှင့်ဆက်သွယ်နိုင်ပြီ ငါတောင်းတာ
အသား မင်းပေးတာအရိုး လှေကားတွေ တစ်စင်းနဲ့တစ်စင်း တွဲလောင်းဆင့်ချိတ်ထားတယ် တိမ်ထဲ
ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ။ ။


ခင်အောင်အေး
၂၊ ဧပြီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၇း၅၁ နာရီ