အရိပ်လက္ခဏာများ


ငှက်တွေ စ လမ်းဆင်းလျှောက်ကြတဲ့အခါ၊
ချဉ်းကပ်လာနေတဲ့ ယာဉ်တွေဟာ
သေကြေနေကြတဲ့ အရာဝတ္တုတွေရဲ့ ချိုင့်ဝှမ်း
ရှောင်ဖို့ဆွဲကွေ့လိုက်ကြတာကို
ညစာစားပွဲဝတ် ပိုးသားကုတ်အင်္ကျီနက်တွေနဲ့
ကျီးကန်းတွေ
လမ်းပေါ်မှာ ရပ်ကြည့်နေကြတဲ့အခါ၊
ဘဲငန်းတွေဟာ ကောင်းကင်ကို ပယ်ချလိုက်ကြပြီး
ဟိုင်းဝေး ၉၅ ရဲ့ လမ်းပခုံးမှာထိုင်
တောင်ပံတစ်ဘက်မြောက်အရပ်ညွှန်
အခြားတဘက် တောင်အရပ်ညွှန်နေကြတဲ့အခါ၊

ဒီမနက်မှာဆောင်တာ ဘာအရိပ်လက္ခဏာ
အင်္ကျီမပါ ဖိနပ်မပါ ယောက်ျားတစ်ယောက်
သူ့ကားကနေ ကတောင်ချောက်ချားအကြည့်တွေနဲ့
ယာဉ်ကြောတောကြီးထဲပြေးဝင်
တစ်ဘက်စောင်းနင်းသွားတဲ့ လောကထဲပြေးဝင်
သူ့လက်ဖဝါးတွေ ကားနိုင်သလောက်ကားပြီး
ကျီးကန်းလို တအာအာ အော်လုနီးနီး
ဝတ်လစ်စလစ်နီးနီးနဲ့ ပျံသန်းဖို့အားကုန်ညှစ်
မြေပေါ်ကနေ ကြွတက်တော့လုနီးနီး။             ။

လူစီး(လ်) ကလစ်(ဖ်)တင်(န်)

*   *    *

အမေရိကန်ကဗျာဆရာမ လူစီး(လ်) ကလစ်(ဖ်)တင်(န်) က ဒီကဗျာနဲ့ ပတ်သက်လို့ ဟောသလိုပြောပါတယ်။ “ ကျွန်မဘဝမှာ ကျွန်မတွေ့မြင်ခဲ့ရတဲ့ ထူးထူးခြားခြားဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဒီကဗျာကို ရေးဖွဲ့လိုက်တာပါ။ ပြီး..ကျွန်မ စဉ်းစားတယ်၊ ဒီထူးထူးခြားခြားဖြစ်ရပ်တွေဟာ ဘာအဓိပ္ပါယ်လဲ။ ဘာလက္ခဏာတွေလဲ။ သဘာဝမကျတဲ့ အဖြစ်အပျက်တွေကို မြင်တွေ့ကြုံဆုံရတဲ့အခါ ‘ ဘာကြောင့်’ လို့မေးရုံတင်မကဘူး၊ ဒါဟာ ‘လက္ခဏာ’ တခုခုများလား။ အဓိပ္ပါယ်တခုခုများဆောင်နေသလား။ အဲဒီမေးခွန်းမျိုးတွေရဲ့ အရှိန်နဲ့ ဒီကဗျာကိုရေးဖွဲ့ဖြစ်ပါတယ်”
            ဒီကဗျာထဲမှာ ထူးထူးခြားခြားဖြစ်ရပ်တွေ၊ သဘာဝမကျတဲ့ဖြစ်ရပ်တွေကိုဖွဲ့ထားတာတွေ့ရပါတယ်။ ငှက်တွေဟာ မပျံပဲ လမ်းပေါ်ဆင်းလျှောက်ကြတယ်။ ဂုဏ်သရေရှိလူကြီးလူကောင်းတွေ ညစာစားပွဲတက်ရင် ဝတ်လေ့ဝတ်ထရှိတဲ့ ကျက်သရေဆောင် Tuxedo ဝတ်စုံ ဝတ်ထားတဲ့ပုံစံမျိုးနဲ့ ကျီးကန်းတွေဟာ လမ်းပေါ်ကယာဉ်တွေကို ရပ်ကြည့်နေကြတယ်။ ပျံထွက်မသွားကြဘူး။ ဘဲငန်းတွေဟာလည်းကောင်းကင်ဆီ
မပျံကြဘူး။ ဟိုင်းဝေးလမ်းမကြီးရဲ့ လမ်းပခုံးမှာထိုင်လို့။ လမ်းပြပုလိပ်တွေလို တောင်ပံတစ်ဘက်စီ အရပ်တစ်ဘက်ဆီ ညွှန်လို့၊ အရာဝတ္ထုတွေဟာလည်း သေကျေပျက်စီးလို့။ အဲဒီ ချိုင့်ဝှမ်းဟာ အဲဒီ အရာဝတ္ထုအလောင်းကောင်တွေ စွန့်ပစ်ထားတဲ့ သုဿန်တစပြင်လို။
            ဒီမြင်ကွင်းထဲကိုဝင်လာတာက ယောက်ျားတစ်ယောက်။ အင်္ကျီမပါ၊ ဖိနပ်မပါနဲ့။ ဘာဖြစ်လို့မပါတာ
လဲ။ ‘ကတောင်ချောက်ခြားအကြည့်တွေနဲ့’သူဘာကိုကတောင်ချောက်ခြားဖြစ်နေပါလိမ့်။ သူဘာဖြစ်ခဲ့ပါလိမ့်။
သူဟာ အိနြေ္ဒမဆည်နိုင်အောင်ကိုဖြစ်ပျက်နေတယ်။ ယာဉ်ကြောကြီးထဲ ပြေးဝင်တယ်ဆိုတော့ သူ့အသက်အန္တရာယ်ကို မမှုလောက်တော့အောင် ဆိုးဆိုးဝါးဝါးကိစ္စကြီးတစ်ခု ဖြစ်များဖြစ်ခဲ့သလား။ သူ့ကားပေါ်ကနေ ဘာကြောင့်ပြေးဆင်းတာလဲ။ အဲဒီမှာရှိနေတဲ့ အသေကောင်အရာဝတ္ထုတွေနဲ့များ ပတ်သက်နေမလား။ ဘာက သူ့ကို ချောက်ခြားသွားစေသလဲ။ သူဟာ ‘တဖက်စောင်းနင်း လောက’ ထဲ
ပြေးဝင်သွားပြန်တယ်။ ထင်မှတ်ရတာက ယာဉ်ကြောကြီးကို ကန့်လန့်ဖြတ်ကူးပြီး တဘက်မှာရှိတဲ့ လောကထဲ ဝင်ရောက်သွားတယ်။ အဲဒီလောကဟာလည်း သဘာဝမကျ၊ မူမမှန်၊ ကပြောင်းကပြန်တွေ ဖရိုဖရဲတွေ၊ စည်းလွတ်ဝါးလွတ်တွေ ကသောင်းကနင်းတွေ ပြည့်နှက်နေပုံရတယ်။ ပြီးတော့ ကြည့်ဦး။ သူ့ကိုယ်သူ ငှက်လိုပျံဖို့ ကြိုးစားနေသေးတယ်။ လက်ဖဝါးတွေကား ပါးစပ်ကိုလည်း ဖြဲဟပြီး ကျီးလိုတအာအာ အော်ဖို့ ကြိုးစားနေပုံရ။ ကိုယ်ခန္ဓာကလည်း ခုန်ဆွခုန်ဆွ လေထဲထပျံတက်သွားအောင် လုပ်နေပုံရတယ်။ သူဟာ မူမမှန်တဲ့ လောကမှာ မူမမှန်တဲ့ အလုပ်တစ်ခုကို လုပ်နေတယ်။ ဒါမှ မဟုတ် သူ့ရဲ့
ဆန္ဒဟာ ဒီမူမှန်တဲ့ လောက ကနေ ငှက်တစ်ကောင်လို ပျံတက်သွားချင်တာများလား။ ဒီဆန္ဒဟာလည်း မူမမှန်ပြန်ဘူး။ ဖြစ်နေတာတွေဟာလည်း မူမမှန်ဘူး။
            ဒါမှ မဟုတ် မူမမှန်တဲ့ လောကထဲမှာ ဒီမူမမှန်တဲ့လူဟာ မူမမှန်တာလုပ်နေမှပဲ ‘မူမှန်’ ဖြစ်တော့မှာလား။ အဲဒီအရိပ်လက္ခဏာလား။ အရပ်စကားအားဖြင့် ‘ sign တွေပြနေတယ်’ ။ ဒီကဗျာထဲက လူဟာ လူနာလား၊ လူမမာလား၊ စိတ်ရောဂါသည်လား။ အဲသလို စိတ်ရောဂါသည်ဆိုရင် ဘာကြောင့် စိတ်ရောဂါဖြစ်ရတာလဲ။ စိတ်ဖိစီးမှုတွေကို မလွန်ဆန်နိုင်လို့လား။ သူဟာ sign တွေ ပြနေတယ်ဆို၊ အဲဒီ sign တွေရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ နေ့စဉ် ညစဉ် နပမ်းလုံးနေကြရတဲ့ လူသားတွေ။ အတောင်ပံသာပါရင် ထ သာပျံပြေးချင်ကြမှာပဲ။ တောင်ပံလည်းမပါတော့…အင်း၊ အစ်အစ် အာအာနဲ့ ငှက်နဲ့မတူ၊ မျောက်နဲ့တူတဲ့ ခုန်ဆွခုန်ဆွနဲ့။ သြော်..သူ့ဘဝ၊ လူ့ဘဝ၊ ငှက်တွေကလည်း လမ်းတွေဆင်းလျှောက်လို့။ ရယ်စရာလား၊ သနားစရာလား၊ ထိတ်လန့်စရာလား။ (ကျွန်တော်လည်း အဲသလို မကြာခဏ ထထ ဖြစ်တယ်။ သတိသာလွတ်သွားရင် အဲဒီ
ချိုင့်ဝှမ်းမှာ ကျွန်တော်လည်းပဲ သေကျေနေမယ့် အရာဝတ္တုတစ်ခုဖြစ်နေမှာပဲ)။

ဇေယျာလင်း
အလှပဆုံး စကားလုံး  စာအုပ်မှ 

English Section

မဂ္ဂဇင်းကဗျာ

၁၉၉၁ ကျောက်မြောင်း၊ ရန်ကုန်


တိမ်တစ်ဆုပ်နှစ်ဆုပ်နဲ့
ကောင်းကင်တစ်ခြစ် နှစ်ခြစ်နဲ့
(အကြံပိုင်တဲ့ငခွေး ပါးကအစင်းများကို သတိရစရာ)
တနင်္လာနေ့လားမသိ အဲဒီနေ့မှာ။

ထိပ်ကလမ်းး ဂ,ခွဆုံ
ကားတွေစုပြုံမီးနီမိနေပေါ့။

ကျောက်မြောင်း
သင်္ဂဟလမ်း
ပြဇာတ်စင်ပေါ်က အိမ်လိုအိမ်
အဲဒီ့အိမ်ရှေ့ ဒန့်ဒလွန်ပင်
အဲဒီ့ ဒန့်ဒလွန်ကိုင်းမှာ . . .
အာ့၊ အာ
အာ့၊ အာ . . .။
ဧည့်သည်လာမှာလား
ကျီးဟာသာလို့။
ဗဂျီအောင်စိုးပြန်လာမယ် မှာခဲ့လို့လား
ကျီးဟာသာလို့။
ငွေမပါတဲ့အနုပညာဟာ ပြန်လာမှာလား
ကျီးဟာသာလို့။

အောင်ချိမ့်
လှိုင်းသစ်၊၂၀၀၉၊ဇွန်လ


တုံ့လှယ်မေတ္တာ

ခင်ဗျားလွှတ်တဲ့လူ ရောက်လာတယ်
စာအိတ်ပေါ်မှာ စာပြန်ရေးပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ခင်ဗျားမှာတာတွေ ပြောပြတယ်
သူ ခင်ဗျားမှားတာတွေ ပြောပြတယ်
လမ်းစရိတ်ပေးပြီး ပြန်ခိုင်းလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တယ်လို့ ပြောတဲ့လူ ရောက်လာတယ်
သူ့လွယ်အိတ်ထဲက ထုတ်ပေးတယ်
သူ့ လွတ်အိတ်စုတ်နေတာ ပြန်ချုပ်ပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တာလို့ ထင်ရတဲ့လူ ရောက်လာတယ်
သူ တစ်ခုခုပြောဖို့ ကြိုးစားတယ်
သူ အသံထွက်လာဖို့ ကြိုးစားတယ်
သူ့ကျောကိုပုတ်ပြီး ခေါင်းညိတ်ပြလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ကျေနပ်သွားအောင် စကားဖောင်ဖောင်နဲ့ ဧည့်ခံလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ ဟိုငနဲ ရောက်လာတယ်
အရက်တိုက်လွှတ်လိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ကောင်လေး ရောက်လာတယ်
အားပေးစကား ပြောလိုက်တယ်၊ ဂုဏ်ပြုလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ဆရာကြီး ရောက်လာတယ်
‘ကိုယ့်လူက ဆရာကြီးလား’ လို့ ဖြုတ်ချလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ ဆိုက်ကား ရောက်လာတယ်
သွပ်ပြားဟောင်းတွေ လိပ်တင်ပေးလိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ ပိတောက်ပင်ကြီး ရောက်လာတယ်
သစ်ပင်ခုတ်တဲ့ လူအိမ်ကို လမ်းညွှန်လိုက်တယ်၊
ခင်ဗျားလွှတ်လိုက်တဲ့ မီးဆရာ ရောက်လာတယ်
သူ ဆက်မစောင့်နိုင်လို့ ပြန်သွားတယ်
ခင်ဗျားလွှတ်လိုက်တဲ့ မုန်တိုင်း ရောက်လာတယ်
‘ဓား ဟဲ့ . . . ဓား’ ဓားထောင်ပြလိုက်တယ်
အဲဒါ ခင်ဗျားလွှတ်လိုက်တဲ့ လူတွေအကြောင်း အတိအကျပဲ။ ။

မောင်ပြည့်မင်း
လှိုင်းသစ်၊၂၀၀၉၊ဇွန်လ

ဥပုသ်နေ့နှင့်ထပ်တူကျတဲ့ တနင်္ဂနွေ

မိုးသောက်ယံကအစ
ကိုယ့်စိတ်မှာတည်နေသော ၀န်ထုပ်ဝန်ပိုးများ
မျက်လုံးတစ်စုံကို မျက်လုံးတစ်စုံက အဓိပ္ပာယ်ရှင်းပြနေသော ခေတ်လို
အကျပ်အတည်းများ။

ရှက်တတ်ရင်
ခုနက ပြုတ်ကျလာတဲ့ အိမ်မြှောင်လည်း နမူနာယူစရာ။

တနင်္ဂနွေဟာ
နေကို ကိုယ်စားပြုပါတယ်။

ဥပုသ်နေ့ဟာ
ခြောက်သွေ့ပါတယ်။

ကျွန်တော်တို့
တစ်ယောက်ပခုံးတစ်ယောက်ဖက်
ကြော်ငြာများကို ငေးကြပါစို့။ ။

ခင်ဇော်မြင့်
လှိုင်းသစ်၊၂၀၀၉၊ဇွန်လ

ဘဲငန်းရိုင်းစေတီအကြောင်း


ဘဲငန်းရိုင်းစေတီအကြောင်း
ငါတို့ဘာသိကြလို့လဲ။
အဝေးကလူတွေ အများကြီးလာကြတယ်
တောင်ထိပ်အထိရောက်အောင် တက်
တကြိမ်တော့ သူရဲကောင်းဖြစ်ကြဖို့။
အချို့ နှစ်ကြိမ်၊ ဒါမှမဟုတ်  ဒီထက်မက
တောင်ထိပ်ဆီကို ပြန်ပြန်လာကြတယ်၊
ဆန္ဒမပြည့်ဝလို့ စိတ်ညစ်နေကြတဲ့သူတွေ
ဝဖြီးလာသူတွေပေါ့။
အားလုံး တောင်ထိပ်အထိတက်ကြတယ်
တကြိမ်တော့ သူရဲကောင်းဖြစ်ကြဖို့
ပြီး  တောင်အောက်ပြန်ဆင်း
လမ်းကျယ်ထဲဝင်ရောက်
ချက်ချင်းပျောက်ကွယ်သွားကြတယ်။
နောက်တမျိုးတစားရှိသေးတယ်
တောင်ထိပ်ပေါ်ကနေ ခုန်ချ
အထစ်တွေမှာ ပန်းနီရဲရဲ ဖူးပွင့်သွားတယ်။
တကယ့်သူရဲကောင်း ဖြစ်သွားတယ်
ခေတ်မီတဲ့ သူရဲကောင်း ဖြစ်သွားတယ်။
ဘဲငန်းရိုင်းစေတီအကြောင်း
ငါတို့ဘာသိကြလို့လဲ၊
တောင်ထိပ်အထိ ငါတို့တက်ကြတယ်
ရှုခင်းတွေ တစ်မျှော်တစ်ခေါ် ငေးမောကြည့်ပြီး
တောင်အောက်ပြန်ဆင်းလာကြတယ်။       ။

                                                          ဟန်တောင်

*   *    *

          မူရင်းတရုတ်ကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ဒီကဗျာထဲမှာ အခြေတည်ထားတာက တရုတ်ပြည်မကြီးမှာရှိတဲ့ တောင်တစ်တောင်ပေါ်က ဘဲငန်းရိုင်းစေတီပဲ ဖြစ်ပါတယ်။ အထင်ကရစေတီလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ရှေးတုန်းကတည်ထားခဲ့တာဆိုတော့ သမိုင်းဝင်မှာပေါ့။ ယဉ်ကျေးမှုအမွေအနှစ်တခုလည်း ဖြစ်မှာပေါ့။ ဒါပေမယ့် ကဗျာထဲက ဇာတ်ကောင်ကတော့ ဒီဘဲငန်းရိုင်းစေတီ အကြောင်း မသိဘူးတဲ့။ နှစ်ခါတောင် ပြောထားပါတယ်။ ဒီစေတီအကြောင်း မသိဘူးဆိုတော့ ဒီစေတီရဲ့ သမိုင်းဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်တွေလည်း မသိဘူးပေါ့။ ကဗျာဆရာ “ဟန်တောင်” ဟာ လူငယ်ကဗျာဆရာ၊ ဒါမှမဟုတ် လူလတ်ပိုင်း မ၀င့်တ၀င် ကဗျာဆရာဖြစ်ပါတယ်။ အဲဒီတော့ ကဗျာထဲက ‘ငါ’ လို့ ဆိုတာ ဒီအရွယ်အပိုင်းအခြားမှာ ရှိကြတဲ့ လူတွေကိုဆိုလိုပါတယ်။ သူနဲ့သက်တူရွယ်တူ တွေဟာ ဒီစေတီအကြောင်း မသိကြတော့ဘူး။ မသိတာဟာ အကြောင်းအချက်အလက်တွေ အသေအချာ မရှိတော့ လို့သော်လည်းကောင်း၊ သိစရာမလို လို့သော်လည်းကောင်း၊ သိဖို့မကြိုးစားလို့သော်လည်းကောင်း၊သိချင်
လောက်အောင်အောင် စိတ်ဝင်စားစရာ မရှိလို့သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ မျိုးဆက်ကွာဟမှု ဒါမှ မဟုတ် ခေတ်တွေပြောင်းလည်းလာမှုရဲ့ ဂယက်လည်း ဖြစ်နိုင်ပါတယ်။
            ဒီစေတီကို ရပ်ဝေးက လူတွေလည်းအများကြီးလာကြပါတယ်။ ဘုရားဖူးဘို့မဟုတ်ပါဘူး။ (တရုတ်ပြည်မှာ ဘာသာရေးကိုးကွယ်မှု မရှိသလောက်နည်းပါတယ်။) သူရဲကောင်းဖြစ်ချင်လို့တဲ့၊ ဒီတောင်ထိပ်စေတီအထိ တက်ရောက်တာနဲ့ ဘယ်လိုသူရဲကောင်းဖြစ်သွားမှာပါလိမ့်။ တကြိမ်မက လာကြတဲ့သူတွေလည်း ရှိတယ်။ ‘ဆန္ဒမပြည့်ဝလို့ စိတ်ညစ်နေကြတဲ့လူတွေ’ ‘ ၀ဖြီးလာတဲ့သူတွေ’ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း ‘တကြိမ်တော့ သူရဲကောင်းဖြစ်ကြဖို့’ ။ ဒါက ပထမ အမျိုးအစား။ တကြိမ်တော့သူရဲကောင်း ဖြစ်ချင်ကြသူတွေ။ ဒုတိယ အမျိုးအစားက တောင်ထိပ်ပေါ်ကနေ ခုန်ချပြီး သတ်သေကြသူတွေ။ သူတို့ကို ‘တကယ့်သူရဲကောင်း’တဲ့။ ‘ခေတ်မီတဲ့သူရဲကောင်း’ တဲ့။ သူရဲကောင်း အကြောင်းကို ကဗျာဆရာက စဉ်းစားစေချင်ပုံရပါတယ်။ ဘယ်လိုလူမျိုးကို သူရဲကောင်းလို့ ခေါ်သလဲ။ တချိန်တုန်းက သူရဲကောင်းဟာ နောင်တစ်ခါမှာ သူရဲကောင်းမဟုတ်တော့ဘူးလား။ သေသွားတဲ့အတွက် သူရဲကောင်းဘွဲ့ကို ဆုံးရှုံးစရာ မရှိတော့တာကို ဆိုလိုတာလား။ ရွဲ့ပြောနေတာလား။ တတိယ အမျိုးအစားက ကဗျာဆရာရဲ့မျိုးဆက်။ သူတို့တွေအတွက် ဒီတောင်ထိပ်စေတီဟာ ဘာအဓိပ္ပါယမှ မရှိဘူး။ တက်မယ်။ ပတ်ပတ်လည်ကရှုမျှော်ခင်းတွေ ကြည့်မယ်။ ပြီး ပြန်ဆင်းလာမယ်။ ဒါပဲ..။ သူရဲကောင်းဖြစ်ချင်လို့လည်းမဟုတ်ဘူး။ သတ်သေဖို့လည်းမဟုတ်ဘူး။
            ကဗျာဆရာဟာ စေတီအကြောင်းလည်းမပြောဘူး။ ဘာတွေရှိတယ်၊ ဘာတွေမြင်ရတယ်လို့လည်း မပြောဘူး။ တောင်ထိပ်တက်သူ၊ ဆင်းသူတွေ အကြောင်းပဲ။ ဒါတောင် ရှင်းရှင်းမပြောဘူး။ မြှုပ်ထားတာတွေ ရှိတယ်။ ဒီတောင်ကို သင်္ကေတ တစ်ခုအဖြစ် ယူရမလား။ ထူးခြားတာက စကားလုံး လေးလုံး ‘သူရဲကောင်း’ ‘ပျောက်ကွယ်’၊  ‘ပန်း…ဖူးပွင့်’  နဲ့ ‘နီ’။ ဒီ စကားလုံးတွေဟာ တရုတ်ပြည်ရဲ့သမိုင်းနဲ့ ဒွန်တွဲခဲ့တဲ့ စကားလုံးတွေပါ။ ဥက္ကဌမော်နဲ့ တရုတ်ကွန်မြူနစ်ပါတီသမိုင်းကြောင်းကို ထင်ဟပ်တဲ့စကားလုံးတွေပါ။ ပြည်သူ့သူရဲကောင်း။ ပန်းပေါင်းတရာ ဖူးပွင့်စေ။ အနီရောင်။ ပါတီထိပ်ပိုင်းကနေ ‘ပျောက်ကွယ်’ သွားကြသူတွေ၊ တောင်ထိပ်ရောက်ရင် သူရဲကောင်းဖြစ်မယ်၊ သူရဲကောင်းဖြစ်ချင်ရင် တောင်ထိပ်ပေါ်ရောက်အောင်တက်ကြ။ ဒီ ‘တောင်’ ဟာ အဓိပ္ပါယ်တစ်ခုတော့ ရှိကိုရှိရမယ်။ ရှိခဲ့လိမ့်မယ်။ ကဗျာဆရာရဲ့ မျိုးဆက်မှာတော့ အဓိပ္ပါယ်မရှိတော့ဘူး။ တောင်ကို တောင်အဖြစ်လက်ခံထားတယ်။ တက်ကြည့်မယ်။ ပြန်ဆင်းမယ်။ မျိုးဆက်ဟောင်းတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ်တွေမှာ တောင်ထိပ်ရောက်ခြင်းဆိုတဲ့ အောင်မြင်မှုအဓိပ္ပါယ်ဟာ မျိုးဆက်သစ်မှာမရှိတော့ဘူး။ မသိကြတော့ဘူး။ ကွာဟသွားခဲ့ပြီ။ ကင်းကွာသွားခဲ့ပြီ။
            ကဗျာဆရာ ‘ဟန်တောင်’ ဟာ တရုတ်ပြည်ရဲ့ တတိယကဗျာမျိုးဆက်ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ မော်ဒန်ကဗျာတွေ ရေးလာတဲ့ မျိုးဆက်ဖြစ်ပါတယ်။ အတွေးအမြင် အယူအဆ၊ ရေးဖွဲ့တင်ပြပုံနဲ့ ကဗျာအနုပညာလမ်းကြောင်း ပြောင်းလိုက်တဲ့ မျိုးဆက်။

ဇေယျာလင်း                                                                  အလှပဆုံးစကားလုံး စာအုပ်မှ



English section