ဇာတ်သိမ်းပိုင်း



ဇာတ်သိမ်းပိုင်း

မျက်နှာချင်းဆိုင်က လူယောက်ျား၊ သူ့ပြတင်းကို သတိနဲ့ဖွင့်။
ဝုန်းကနဲပြန်ဆောင့်ပိတ်လိုက်တယ် ပြီးသူ့ပါးစပ်ပေါ် လက်နှစ်ဖက်
ပြုတ်တူလိုညှပ်၊ ခြောက်ကပ်ကပ် ၀က်မြည်သံတစ်ခုကို အုပ်ပစ်လိုက်တယ်။

ပြတင်းပေါက်ဟာ နှစ်မီတာမြင့်တယ်၊ အောက်က ၀ါကြန့်ကြန့်မြက်တွေ၊
ဆီးနှင်းခဲ အထပ်ထပ်ကို တဖြောင်းဖြောင်းမြည်စေတယ်၊ အနီရင့်ရင့်
နံရံပေါ်မှာ ကင်းမြီးကောက် တစ်ကောင်
ပြတင်းမှန်ထဲဝင်ဖို့ ကြိုးစားတယ်၊ မအောင်မြင်ဘူး။

အဲဒီလူဟာ မြူတွေမှုတ်ထုတ်လိုက်တယ်၊ ပြတင်းမှန်မှာ
နှာခေါင်းပြားအောင်ကပ်လိုက်တယ်၊ ပြီးသူ့အခန်းထဲ
လှည့်ပတ်ချောင်းမြောင်းတယ်၊ ဖုံထသွားအောင်ကန်လိုက်တယ်။
သူ့အဖြူရောင်အပေါ်အင်္ကျီဟာ သူ့မျက်နှာကို
ငတ်မွတ်ခေါင်းပါးနေတဲ့ ထုံးခြောက်ရောင်ဖျော့သွားစေတယ်။

သူ့လက်ထဲမှာ တင်းပုတ်ရှိတယ်။ အဲဒါနဲ့ ဟိုထိုးဒီထိုး
အချိန်မရွေးပဲ မှန်ကိုအစိပ်စိပ်အမွှာမွှာရိုက်ခွဲပြီး
နေ့အလင်းရောင်ဝင်းပနေတဲ့ လောကထဲ
သူ့သွေးတွေနဲ့ အနားကွပ်ထားတဲ့ ဖန်ကွဲစအချွန်အတက်တွေနဲ့
‘၀’ လုံးပေါက်ကြီးကတဆင့်
ခုန်ထွက်လိုက်တော့မယ့်အတိုင်းပဲ။
ဒါပေမယ့် အဲဒါမျိုး သူလုံးဝ မလုပ်ပါဘူး။

ဘာပဲဖြစ်ဖြစ်လေ ရှင်နဲ့ကျွန်မ သူ့ကိစ္စကိုခေါင်းရှုပ်ခံစရာမလိုဘူး။
ကျွန်မတို့ရဲ့ ပြတင်းပေါက်တွေမှာလည်း ဆီးနှင်းခဲတွေ ထူထပ်လာနေပြီ။
ဟုတ်တယ် - သူ့ကိုဘယ်သူကများ စိတ်ဝင်တစားကြည့်နေတော့မလဲ။
အခြား ဘာကိုမှလည်း စိတ်မ၀င်စားတော့ဘူး။
ဥပမာ။ အဲဒီကင်းမီးကောက်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်။

                                                                        အဲန်ဒရူး မိုးရှင်း(န်)
[ ဟောင်(င်)ရင်း(င်) ၏ မူလကဗျာကိုပြန်ဆိုခြင်း ]

* * * * *


            ကဗျာဆရာ အင်န်ဒရူး မိုးရှင်း(န်) Andrew Motion ဟာ လက်ရှိ ဗြိတိသျှဘုရင်မရဲ့ စာဆိုတော်
Poet Laureate ဖြစ်ပါတယ်။ ဒီကဗျာဟာ သူ့ကိုယ်ပိုင်ကဗျာ မဟုတ်ပါဘူး။ တရုပ်ကဗျာဆရာမ Hong Ying
ရဲ့ မူလကဗျာကို Version ပြုလုပ်ထားတာဖြစ်ပါတယ်။
            ဒီကဗျာထဲက ဇာတ်ဆောင်ဟာ သူမရဲ့အခန်းပြတင်းပေါက်ကနေ ဆန့်ကျက်ဘက်တိုက်ခန်းမှာနေ တဲ့ လူယောက်ျားတစ်ယောက်ကို ကြည့်နေတာ ဖြစ်ပါတယ်။ အဲဒီလူကို သူ့အခန်းပြတင်းပေါက်ကနေ မြင် နေရတာဖြစ်ပါတယ်။အဲဒီလူရဲ့ အပြုအမူတွေကို သူမမြင်နေရပါတယ်။ နောက်ထပ်မြင်ရတာက နံရံပေါ် တွားသွားနေတဲ့ ကင်းမြီးကောက်တစ်ကောင်။
            အဲဒီလူဟာလည်း သူတစ်ယောက်တည်း ယောက်ယက်ခတ်နေပုံရပါတယ်။ လူနဲ့လည်း သိပ်မတူ သလိုပါပဲ။ ၀က်မြည်သံထွက်တယ်။ သားရဲတစ်ကောင် သားကောင်ရှာသလို ချောင်းမြောင်းတယ်။ ဂူအောင်း လူသားလို တင်းပုတ်ကြီးကိုင်လို့။ အခန်းကလည်း မသန့်မရှင်း၊ မလှဲမကျင်းနဲ့ ဖုံတွေ အလိမ်းလိမ်း ထူနေပုံ ရပါတယ်။
            သူဘာလုပ်မလဲ။ သူ့ပြတင်းပေါက်ကိုရိုက်ခွဲပြီး ‘ နေ့အလင်းရောင်ဝင်းပနေတဲ့လောကထဲ’ သူ ခုန်ထွက်လာမလား။ ခုန်ထွက်တယ်ပဲထားဦး၊ သူ့ကိုယ်ခနာ ကို တိုးထွက်ရမှာဖြစ်တဲ့အတွက် သူ့ ကိုယ်မှာ ဖန်ကွဲစတွေရှတော့မှာပဲ။ သူသွေးထွက်ရမယ်။ ထိခိုက်နာကျင်ရမယ်။ အဲဒီနာကျင်မှုနဲ့ လဲမလား။ မလဲဘူး ဆိုတာ မြင်ရတယ်။
            အစက အဲဒီလူကို သူမ စိတ်ဝင်စားတယ်။ ပြီးတော့ စိတ်မ၀င်စားတော့ဘူး။ တစ်ခုခု လုပ်မလိုလိုနဲ့
နောက်ပြန်ဆုတ်သွားတယ်။ စိတ်ဝင်စားစရာမကောင်းတော့ဘူး။ ဘာမှ မထူးခြားတာ။ သူ့အကြောင်း ခေါင်းရှုပ်ခံစရာလည်း တွေးမနေတော့ဘူး။ သူမနဲ့ အဖော်တစ်ယောက်ရှိနေတဲ့ အခန်း၊ ဒါမှမဟုတ် သူမ လှမ်းပြောနေတဲ့ ကဗျာဖတ်သူအခန်းရဲ့ ပြတင်းပေါက်တွေမှာလည်း ‘ ဆီးနှင်းခဲတွေ ထူထပ်လာနေပြီ ’ ။ ကြာရင် ပြတင်းပေါက်တွေကနေ ဘာမှမြင်ရတော့မှာ မဟုတ်တော့ဘူး။ ဆီးနှင်းတွေနဲ့ ပိတ်ဖုံးသွားမှာပဲ။
            အခန်းထဲဝင်ဘို့ ကြိုးစားနေတဲ့ ကင်းမြီးကောက်လည်း မအောင်မြင်ဘူး။ အခြားဘယ်သူ့ကိုမှလည်း စိတ်မ၀င်စားတော့သလို အဲဒီကင်းမြီးကောက်ကိုလည်း စိတ်မ၀င်စားတော့ဘူး။ ဟိုဘက်ကော၊ ဒီဘက်ကော၊ အပြင်ကော၊ အတွင်းကော၊ ပြင်ပလောကကော၊ ကိုယ့်စိတ်တွင်းကော၊ ဆက်သွယ်မှု - ဆက်ဆံမှု - သိမှု ပြုခြင်းကိုကော….ဘာမှ စိတ်မ၀င်စားတော့ဘူး။
            အပြင်မှာ ဆီးနှင်းတွေအရမ်းကျနေတယ်။ ကိုယ့်အခန်းထဲမှာပဲ လုံလုံခြုံခြုံ နဲ့အိပ်ကြစို့။ ဒါဟာ ဇာတ်လမ်းတွဲရှည်ရဲ့ ဇာတ်သိမ်းပိုင်း။ ပြီးရင် ဇာတ်လမ်းဆုံးပြီ။ ဘာကိုမှ စိတ်ဝင်စားမနေနဲ့။ ဘာမှ ခေါင်းရှုပ်
ခံမနေနဲ့။ အိပ်တော့။

ဇေယျာလင်း
အလှပဆုံးစကားလုံးစာအုပ်မှ


To english version

 

မော်ဒန်ရှင်းတမ်းနှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု


နိဒါန်းစကား
၁။         ဤစာအုပ်ငယ်မှာ ရနံ့သစ်မဂ္ဂဇင်း(၁၉၉၅-အောက်တိုဘာလ)တွင် ပါဝင်ခဲ့သော ကျွန်တော်၏ မော်ဒန်ရှင်းတမ်း ဆောင်းပါနှင့် ကျန်ဆောင်းပါးအချို့ကို စုစည်းထုတ်ဝေလိုက်သည့် စာအုပ်ငယ်ဖြစ်ပါသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်တော်အ့အနေဖြင့် စာပေသဘောတရားရေးရာကိစ္စများတွင် ပါဝင်ပတ်သတ်လိုသော ဆန္ဒမရှိပါ။ စာရေးသူ၊ ကဗျာ ရေးသူတစ်ဦးအနေဖြင့် စာပေသဘောတရားတချို့ကို လက်လှမ်းမီသမျှ အနည်းအကျဉ်းလေ့လာခဲ့ပါသော်လည်း ကျွန်တော့်မိတ်ဆွေတစ်ဦး(မြတ်သစ်) မကြာခဏ တရားချသလို ကိုယ့်ဘာသာကိုယ် သိလျှင်ပင် ကိစ္စပြီးသည်ဟု ယူဆကာ လွတ်ကင်းငြိမ်းအေးစွာ နေထိုင်လိုသူသာဖြစ်ပါသည်။ ကဗျာလောက၊ စာပေလောကကို လမ်းညွှန်ရေး၊ ကယ်တင်ရေးစသည့်အလုပ်တို့မှာ (ကျွန်တော်တို့နှင့် လားလားမှမသက်ဆိုင်သော) စာပေလောက၏ ရှေ့ဆောင်ပုဂ္ဂိုလ် ကြီးများ၊ စာပေသူရဲကောင်းများ၏ ကိစ္စဟုသာ ထင်မှတ်သူဖြစ်ပါသည်။ သို့သော် အကြောင်းကြောင်းသော အကြောင်း ကြောင်းတို့ကြောင့် (ကျွန်တော် မနေတတ်တာလည်း အပါအ၀င်) မော်ဒန်ရှင်းတမ်းဆောင်းပါးကို ရေးဖြစ်ခဲ့ရာမှ ဆက်စပ် နှီးနွယ်ကာ ကျွန်တော့်ဆောင်းပါးများစာရင်းမှာလည်း ရှည်လျားလာရပြန်ပါသည်။
၂။         ကျွန်တော်တို့သည် အယူအဆတစ်ရပ်ကို တင်ပြသောအခါ တိကျပြတ်သားစွာ တာဝန်အပြည့်အ၀ယူကာ တင်ပြ ရသောသဘောရှိပါသည်။ (မပြတ်မသား၊ ဝေ့လည်ကြောင်ပတ် မရှင်းမလင်းပြောဆိုနေကြသည့်အတွက ကျွန်တော်တို့ စာပေပြဿနာများမှာ မရှည်လျားသင့်ဘဲ ရှည်လျား၊ မရှုပ်ထွေးသင့်ဘဲ ရှုပ်ထွေးနေသည်ဟု ယူဆရပါသည်။) ထိုသို့ ပြတ်သားတိကျစွာ ပြောဆိုရာ၌ မလွှဲသာမရှောင်သာ အမည်နာမ၊ ပုဂ္ဂိုလ်တစ်စုံတစ်ရာ၊ တစ်စုတစ်ဖွဲ့တို့နှင့် ငြိစွန်းပတ် သတ်မှု ရှိကောင်းရှိနိုင်ပါလိမ့်မည်။ ကျွန်တော့်အနေဖြင့် ထိုသူများကို ရန်ထောင်ပလွှား စော်ကားလိုစိတ် အနည်းငယ်မျှ မပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။ တလောကပင် ကဗျာမိတ်ဆွေတစ်ဦးက “ခင်ဗျားက ဒီတစ်ခါ ဒဂုန်တာရာ ကို ထောက်ခံလိုက်ပါသလား” ဟုပြောပါသည်။ ဒဂုန်တာရာအဆိုဖြစ်သော “ကဗျာဆိုတာ ရွတ်ဆိုဖို့မဟုတ်၊ ဖတ်ဖို့” ဆိုသော စကားကို မကြာမီက ကျွန်တော့်ဆောင်းပါတစ်ပုဒ်တွင် ထောက်ခံရေးသားလိုက်သည်ကို ရည်ရွယ်ပြောခြင်း ဖြစ်ပါသည်။
            ထိုမိတ်ဆွေ သဘောမပေါက်သည်မှာ ကျွန်တော်သည် ဒဂုန်တာရာဆန့်ကျင်ရေးသမား မဟုတ်ဟူသောအချက် ဖြစ်ပါသည်။ ကျွန်တော်သည် ဒဂုန်တာရာ၏ အဆိုအမိန့်များထဲမှာ တချို့-
            (က) ကာရန်မပါလျှင် စကားပြေအဆင့် လျှောကျသွားလိမ့်မည်။
                   (ကျွန်တော်ကတော့ ကာရန်ပါသော်လည်း ကဗျာဖြစ်သည်ဟု ယုံကြည်၍)
            (ခ) မော်ဒန်ကဗျာဆိုတာ ခေတ်ပြိုင်ခံစားမှုကို ရေးဖွဲ့ထားခြင်း။
                 (ခေတ်ပြိုင်ခံစားမှုဖြင့် ခေတ်ပြိုင်အခြေအနေကို မော်ဒန်သမားများသာမဟုတ်ဘဲ အစဉ်အလာ သရုပ်မှန်
                 သမားများကပါ ရေးဖွဲ့နေခြင်း၊ ရေးဖွဲ့နိုင်ခွင့်ရှိခြင်း)
            စသည့် အချက်တို့ကိုသာ လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့သူ ဖြစ်ပါသည်။ (ဒဂုန်တာရာ၏ အခြားစာပေအယူ အဆများကိုမူ ကျွန်တော်အဓိကထား ရေးသားနေသော မော်ဒန်ပြဿနာနှင့် အကျုံးမ၀င်သဖြင့် ဝေဖန်ပြောဆိုရန် ဆန္ဒ မရှိပါ) ဒဂုန်တာရာ၏ အဆိုအမိန့်များထဲမှ ကျွန်တော်သဘောထားနှင့် ကိုက်ညီသော အချက်များတွေ့ပါက နောင်တွင်လည်း ထောက်ခံရန် နှောင့်နှေးဖြင်း ရှိမည်မဟုတ်ပါ။ ထို့အတူ ကျွန်တော်သည် မောင်သာနိုးဆန့်ကျင်ရေး သမား၊ မြဇင်ဆန့်ကျင်ရေးသမား၊ ဘယ်သူဘယ်ဝါ ဆန့်ကျင်ရေးသမားလည်းမဟုတ်ပါ။ ထို့အတူ ဘယ်သူဘယ်ဝါကို မှလည်း ပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှုရှိသူ မဟုတ်ပါ။ ထို့ကြောင့် စာပေအယူအဆတစ်ရပ်ကို ကျွန်တော်ပြောဆိုခြင်း သည် ဆန္ဒစွဲကင်းကင်း၊ ကတိတရားလိုက်စားမှုကင်းကင်းဖြင့်သာ ပြောဆိုခြင်းဖြစ်ကြောင်း ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်ပါသည်။
၃။         ကျွန်တော့်ဆောင်းပါးများနှင့်ပတ်သတ်၍ တုံ့ပြန်မှုအမျိုးမျိုးရှိခဲ့ပါသည်။ ထောက်ခံသူများရော၊ ကန့်ကွက်သူများ ကိုပါ လေးစားပါသည်။ ငြိမ်းချမ်းစွာ သဘောထားကွဲလွဲခွင့်ကြောင့် ကျွန်တော်ပြန်လည်ချေပရန် မရည်ရွယ်ပါ။ အဘယ့် ကြောင့်ဆိုသော် ကျွန်တော်သည် ဘ၀တစ်လျှောက်လုံး ကျွန်တော်နှင့်ပတ်သတ်သည့် တခြားသူများ၏ ထင်မြင်ချက်များကို ဘယ်သောအခါကမှ အလေးထား ဂရုစိုက်လေ့မရှိသောကြောင့် ဖြစ်ပါသည်။ (ထင်မြင်ချက်ဆိုရာ၌ အကောင်းရောအဆိုးပါ ပါဝင်ပါသည်။)
            ထို့ကြောင့် ကန့်ကွက်သူများအနေဖြင့် ကျွန်တော်၏ ပြန်လည်ဆွေးနွေးမှုကို မမျှော်လင့်ကြစေချင်ပါ။ တချို့ ကန့်ကွက်ချက်များကို ကျွန်တော်တဆင့်စကားသာ ကြားရခြင်းဖြစ်၍ ရှာဖွေဖတ်ရှုမိခြင်းပင်မရှိပါ။ တချို့ကန့်ကွက်ချက် များမှာ ကျွန်တော်တင်ပြနေသော မော်ဒန်အယူအဆပိုင်းဆိုင်ရာများနှင့် ပတ်သတ်ခြင်းပင်မရှိပါ။ တချို့ကန့်ကွက်ချက်များ မှာ ကျွန်တော်၏တင်ပြမှုအားလုံးကို ခြုံငုံနားမလည်သေးသောကြောင့်လည်းကောင်း၊ နားလည်မှုလွဲနေသောကြောင့်လည်း ကောင်း ဖြစ်ပေါ်စေရသည်ဟု မြင်ပါသည်။
            ဆွေးနွေးမှုဆိုသော စကားလုံးကို ကျွန်တော်မယုံကြည်ပါ။ ထိုစကားလုံးမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆရာ ကြီးလုပ်ခြင်းဆိုသောသဘောထားကို ကတ္တီပါအိတ်စွပ်ထားခြင်းဟုသာ မြင်ပါသည်။ နောက်ဆွေးနွေးကြသည်ဆိုခြင်းမှာ သူ့အယူအဆ၊ ကိုယ့်အယူအဆ နှစ်ဖက်မပြည့်စုံကြသော လူများ၏ ကိစ္စဟုသာ နားလည်ပါသည်။ထိုလူများအတွက်မူ စုပေါင်းစပ်ပေါင်း အယူအဆတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပါလိမ့်မည်။ ကျွန်တော်အနေနှင့်မူ ကိုယ့်အယူအဆနှင့် ပတ်သတ်၍ တခြားတစ်ပါးသော ဆွေးနွေးဖက်များထံမှ နည်းနာခံ မှတ်သားနာယူရန် အကြောင်းတစ်စုံတစ်ရာမရှိဟု ယုံကြည်သူဖြစ်ပါသည်။ ထို့ကြောင့် ဤဆောင်းပါးများကိုလည်း ဆွေးနွေးသည်ဟု မယူဆဘဲ အယူအဆတစ်ရပ်ကို (လက်ခံခြင်း၊ လက်မခံခြင်းသည် အကြောင်းမဟုတ်) တင်ပြနေခြင်းဖြစ်သည်ဟုသာ မှတ်ယူဖတ်ရှုကြစေလိုပါသည်။
၎။         လွန်ခဲ့သော နှစ်ကာလအတော်ကြာကြာက မော်ဒန်ပန်းချီဆရာ ဆရာပေါ်ဦးသက်သည်လည်း သူ့အနုပညာနှင့် ပတ်သတ်၍ ကန့်ကွက်ဆန့်ကျင်သူများကို ရင်ဆိုင်ခဲ့ရဟန်တူပါသည်။ သူသည် သူ့ဆရာပန်းချီဆရာကြီး ဦးခင်မောင် (ဘဏ်)ထံသို့ စာလှမ်းရေးကား အဖြေတောင်းဖူးပါသည်။ ၂၁-၂-၁၉၈၂ နေ့စွဲဖြင့် ဦးခင်မောင်(ဘဏ်) ပြန်ကြားလိုက် သော စာမှာ မော်ဒန်စာပေ ယနေ့ရင်ဆိုင်နေရသော ပြဿနာနှင့် ဆက်စပ်နေသည့်အတွက်ကြောင့်လည်းကောင်း၊ သူ့ သဘောထားကို သဘောကျသောကြောင့်လည်းကောင်း ပြန်လည်တင်ပြချင်ပါသည်။
            သူ့စာမှာ . . .
            “မောင်ပေါ်ဦးထံမှ ၉-၂-၈၂နေ့စွဲပါ စာကို ရရှိပြန်ကြားအပ်ပါသည်။
          ခေတ်သစ်ပန်းချီကို တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်း ပန်းချီဖိုးသုညတွေကို မြန်မြန်သိအောင် ပြောစမ်းပါ ဆိုရင် အကောင်းဆုံးကတော့ ‘သိဘူး’လို့ တစ်ခွန်းတည်း ပြောလိုက်စေချင်တယ်။ မောင်ပေါ်ဦးအတွက် စိတ်ချမ်းသာသွား မယ်။ ကိုယ့်အလုပ်လည်း မပျက်တော့ဘူး၊ မောင်ပေါ်ဦးဟာ တရားသမားတစ်ယောက်ပဲ၊ သူများအတွက် ဒုက္ခအပိုမယူပါနဲ့ သူများအထင်သေးမှာကိုလည်း မစဉ်းစားနဲ့တော့။
          ခုလိုရေးတဲ့အတွက် ဆရာ့ကို စိတ်မခုစေချင်ဘူး။ မောင်ပေါ်ဦး စေတနာ၊ မေတ္တာကို နားလည်ပါတယ်။ တစ်ခါ တည်းရေးရုံနဲ့ ပြီးမှာမဟုတ်၊ နှစ်ခါလည်းမပြီး။ ပြောရုံနဲ့မပြီး၊ ရေးပြစရာတွေလည်း အများကြီး။ ဥပမာတွေ အများကြီး။ Religion တစ်ခုအပြောင်းအလဲလုပ်ရသလိုပဲ၊ စောစောက ရပ်ထားရင် သက်သာမယ်”
                        ကမ္ဘာခေတ်ပေါ်ပန်းချီဝါဒများကို အင်မတန်နှံ့စပ်သည်ဆိုသော ပန်းချီဆရာကြီးတစ်ဦး ထိုသဘောကို ကျွန်တော်တို့ အတုယူကြရမည် ထင်ပါသည်။
၅။         တကယ်တော့ မော်ဒန်အနုပညာဆိုသည်မှာ ပင်လယ်ကြီးနှင့် တူပါသည်။ ကျွန်တော်တို့ သိမီလေ့လာနိုင်သမျှမှာ ထိုပင်လယ်ကြီးမှ အငွေ့ပျံသော မိုးတိမ်စိုင်ငယ်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ပြန်လည်ပေးနိုင်သမျှမှာ လည်း ပင်လယ်လောက်ကြီးလောက်မဟုတ်ဘဲ မိုးစက်မိုးပေါက်လောက်သာ ဖြစ်ပါလိမ့်မည်။ ထိုမိုးစက်မိုးပေါက်ကိုလည်း မိုးရေခံသူထံတွင်ရှိသော အတိုင်းအတာပမာဏအရသာ ကွဲပြားစွာရကြပါလိမ့်မည်။ တိုင်ကီဖြင့်ခံသူက တိုင်ကီလောက်၊ စဥ့်အိုး၊ အင်တုံဖြင့်ခံသူကလည်း ထိုမျှလောက်၊ ချိုင့်ပုံးခွက်ဖြင့်ခံသူကလည်း ထိုမျှလောက်သာ ရကြပါလိမ့်မည်။ မော်ဒန် အနုပညာအကြောင်း နားလည်လိုလျှင် (ဝေဖန်ဆွေးနွေး ပြောကြားလိုလျှင်) ကိုယ်ကိုယ်တိုင်ကလည်း မော်ဒန်အနုပညာ ဖြင့်ပတ်သတ်၍ ရေးသားထားသည့် နိုင်ငံတကာစာအုပ်စာတမ်းများကို လေ့လာဆည်းပူးထားသော အခံ ထိုက်သင့် သလောက်ရှိဖို့ လိုပါလိမ့်မည်။ သို့မဟုတ်လျှင်တော့ မိုးစက်မိုးပေါက်ကို လက်ဖ၀ါးဖြင့် ခံသူပမာသာ ဖြစ်၍နေလိမ့်မည် ထင်ပါသည်။

မော်ဒန်ရှင်းတမ်း
[က]
            ယနေ့ မြန်မာစာပေလောကတွင် လတ်တလော အငြင်းပွားဖွယ် အရှိဆုံး ပြဿနာမှာ ခေတ်ပေါ်ကဗျာပြဿနာ ဖြစ်သည်။ စနစ်တကျလေ့လာသူ၊ စနစ်တကျပြောဆိုသူဟူ၍ မရှိတော့ဘဲ မော်ဒန်စင်တော်ကြီးမှာ ရသေ့ရှစ်သောင်း ယိမ်းကရာနေရာဖြစ်၍နေပါတော့သည်။
            အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော့်အနေဖြင့် ဤလိုကိစ္စမျိုးတွင်ပါဝင်ပတ်သတ်လိုခြင်းမရှိပါ။ အငြင်းအခုံဖြစ်နိုင် သည့် သဘောတရားကိစ္စများထက် ကိုယ့်အယူအဆနဲ့ကိုယ် ပိုင်ပိုင်နိုင်နိုင်ကဗျာရေးခြင်း ၀တ္ထုရေးခြင်း၌သာ မွေ့လျော်နေ လိုပါသည်။ မလွှဲသာ၍ ပြောမည်ကြံတော့လည်း ငါမှဝင်မရှင်းလျှင် မဖြစ်ဟူသော အမြင်ဖြင့် မိမိအတ္တကို တံခွန်ထူရန် ကြိုး စားခြင်း မဟုတ်ကြောင်း သိကြစေလိုပါသည်။
            အယူအဆကိစ္စများကို ပြောဆိုရာ၌ တိကျပြတ်သားစွာ ပြောဆိုရသော သဘောသဘာဝရှိပါသည်။ (ထိုသို့ ပြောမှလည်း ရှင်းလင်းပါမည်။) ထိုသို့ပြောရာ၌ ဓမ္မဓိဋ္ဌာန်သဘောကိုသာ ဦးတည်ပြောပါသည်။ မလွှဲမရှောင်သာ၍ အမည် နာမတချို့ကို ထုတ်ဖော်သုံးစွဲလိုက်ရသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ပုဂ္ဂိုလ်ရေးအရ စော်ကားလိုခြင်း၊ ပုတ်ခတ်ထိပါးလိုခြင်း မရှိကြောင်း ရှေးဦးစကား ပြောကြားလိုပါသည်။
            ကျွန်တော့်သဘောပြောရလျှင် မော်ဒန်ပြဿနာမှာ အလုပ်မရှိ အလုပ်ရှာနေသော ကိစ္စများသာဖြစ်ပါသည်။ ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်နေကြသော ပြဿနာဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်ရသောအကြောင်းကို ဆန်းစစ်သောအခါ အရင်း ခံအဖြစ် အောက်ပါ အကြောင်းအချက်အလက်များကို တွေ့ရပါသည်။
(၁) ယနေ့ခေတ်ပေါ်ကဗျာရေးနေသူ၊ ရေးလိုသူဆိုသော လူငယ်အများစုသည် လေ့လာစရာများကို ကိုယ်တိုင်   ကိုယ်ကျ ထဲထဲဝင်ဝင် မလေ့လာဘဲ လေသံကြား ဖမ်းတရားနာကာ အလွယ်တကူ နို့သက်ခံစို့လိုခြင်း။
(၂) မူလက ဤခေတ်ပေါ်ဝါဒဆိုသည်ကို မြန်မာနိုင်ငံတွင် မျိုးစေ့ချပေးခဲ့သည်ဟု ဆိုနိုင်သော ပုဂ္ဂိုလ်တချို့က ကျောခိုင်းစွန့်ခွာသွားကြခြင်း။
(၃) ပုဂ္ဂိုလ်တချို့ကမူ ဖိုးသူတော်မျက်စိလည်လေ ဆွမ်းဆန်ပိုရလေဆိုသော စေတနာဖြင့် ကိုယ်တိုင် ဝေ့လည် ကြောင်ပတ် ဖြစ်နေခြင်း။
(၄) ယခင်က ဤပြဿနာနှင့် ကင်းကင်းကွာကွာ နေခဲ့သော ပုဂ္ဂိုလ်တချို့က သူတို့သြဇာကို အသုံးချကာ ခါတော်မှီလက်လွတ်စပယ် ကောက်ချက်ချလာခြင်း။
(၅) စာပေလောကတွင် သီတင်းကျွတ် ဗြောက်အိုးဖောက်ချင်သော ကလေးစိတ်ဓာတ်မျိုးဖြင့် ပွဲဆူလျှင် ပျော်စရာ ကောင်းသည်ဟု ယူဆသောလူတချို့က ပြဿနာမရှိ ပြဿနာရှာခြင်း။
(ဥပမာ- ကာရန်မဲ့၊ မမဲ့ကိစ္စ)
ဤအချက်များကို တစ်ခုချင်း ရှင်းလင်းပါမည်။

[ခ]
            (၁) ‘ခေတ်ပေါ်ကဗျာ’ ဆိုသောစကားလုံး မြန်မာစာပေလောကတွင် ခေတ်စားလာခဲ့သည်မှာ ၁၉၇၀ခုနှစ်တ၀ိုက် ကဖြစ်၍ ၂၅နှစ်ခန့်သာရှိသေးရာ စာပေသမိုင်းတစ်ခု၏ကာလနှင့် တွက်ဆလျှင် လျှပ်တစ်ပြက်မျှသာ ဆိုနိုင်ပါသည်။ သိလိုသူတချို့ နောက်ကြောင်းပြန်လေ့လာလိုပါက အလွယ်တကူ လေ့လာနိုင်ပါသည်။ ထိုထက် ခေတ်ပေါ်ဝါဒ ပိုမိုကျယ်ပြန့်စွာသိလိုလျှင် ခြေရာကောက်စရာ ကမ္ဘာ့စာပေ အနုပညာလက်ရာများ၊ သီအိုရီကျမ်းများ၊ ရသဗေဒကျမ်းများ မြန်မာပြည်တွင် မြောက်မြားစွာရှိပါသည်။ (ဤနေရာတွင် သရဖူမဂ္ဂဇင်း ‘တဒင်္ဂကောက်ကြောင်း’၌ ဟိန်းလတ်ပြောခဲ့သော ခေတ်ပေါ်အနုပညာရပ် အားလုံးကို တီးခေါက်မိရမည် ဆိုသောစကားကို အကြွင်းမဲ့ထောက်ခံပါသည်။) ဥစ္စာရင်လို ဥစ္စာရင် ခဲရပါမည်။
            သို့သော် ခေတ်ပေါ်ကဗျာဆရာ အမည်ခံလိုသော လူငယ်တော်တော်များများပင် ထိုကဲ့သို့လေ့လာရန် စိတ်ရှည်ဇွဲသန်ခြင်း မရှိကြ။ စမူဆာကြော်တတ်ဖို့လောက်ပင် ခက်ခက်ခဲခဲသင်လိုက်ရသည်မရှိဘဲ နတ်ရေကန်ထဲ ခုန်ချ လိုက်သလို တမုဟုတ်ချင်း ခေတ်ပေါ်ကဗျာဆရာဖြစ်ကုန်ကြတော့သည်။(ခေတ်ပေါ်ကဗျာအတုများ မြောက်မြားစွာ ထွက်ပေါ်နေခြင်းက ဤအချက်ကို သက်သေခံနေပါသည်။)
            အဆိုးဆုံးမှာ ထိုအထဲမှတချို့က တစ်စွန်းတစ်စအသိနှင့်ပင် မျက်ကန်းတစ္ဆေမကြောက် တတ်ယောင်ကား၊ ထင်ရာ မြင်ရာ ၀င်ရောက်ပြောဆိုကြသည်မှာ ထိုကိစ္စကို ကြာလေရှင်းရခက်လေ ဖြစ်လာပါတော့သည်။
            (၂) ၁၉၆၈ကဖြစ်သည်။ ကဗျာကို စိတ်ဝင်စားသော ဆောင်းပါးရှင်မြဇင်က “ခေတ်ပေါ်ကဗျာ ကြေညာစာတမ်း” ဟူသော ဆောင်းပါးတစ်ပုဒ်ကို(ငွေတာရီတွင်ထင်ပါသည်) ရေးခဲ့ပါသည်။ ပထမဆုံးစတင်တွေ့ရသော အသုံးအနှုန်းဖြစ် ကာ Modern Poetry ဆိုသော အင်္ဂလိပ်စကားလုံးကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ နောင်တွင် ကဗျာနရီနှင့် နိမိတ်ပုံဆို သော စာအုပ်တစ်အုပ်ထုတ်ခဲ့သည်။ ထို့နောက်တွင်တော့ မြဇင်သည် မြန်မာခေတ်ပေါ်ကဗျာကဗျာဆိုသော စာအုပ် တစ်အုပ်ကို စုစည်းထုတ်ဝေ၍ ကျောခိုင်းသွားခဲ့ပါသည်။ သူစီစဉ်သော ထိုစာအုပ်ထဲတွင်ပါဝင်သည့် သခင်ကိုယ်တော်မှိုင်း အစ ပျဉ်းမနားမောင်နီသင်း အဆုံး ကဗျာဆရာများမှာ ရိုမန်တစ်နှင့် နီရိုရိုမန်တစ်ဝါဒီများသာဖြစ်သည်။ (သူက ကုန်ဘောင် ခေတ်နှောင်းပိုင်း အချုပ်တန်းဆရာဖေနောက်မှ ဖြစ်သော ကဗျာဆရာများထဲတွင် နီရိုရိုမန်တစ်အဆင့်အထိသာ လက်ခံ ကြောင်း ဖော်ပြခဲ့ခြင်းသာဖြစ်ခဲ့ပါသည်။)
            (၃) ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့သည် မောင်သာနိုး၏ ထင်းရှူးပင်ရိပ် အနောက်တိုင်းကဗျာ ဘာသာပြန် များကို စုစည်းထုတ်ဝေသည့်စာအုပ်မှာ ခေတ်ပေါ်ကဗျာကို စိတ်ဝင်စားသော ထိုစဉ်က လူငယ်ထုပေါ်ကြီးမားစွာ သြဇာရိုက် ခဲ့ပါသည်။ သူက ခေတ်ပေါ်ကဗျာဟု မသုံးဘဲ မူရင်းအသံကို ဖလှယ်ကာ မော်ဒန်ပေါ်ယဲ့ထရီဟု သုံးစွဲခဲ့ပါသည်။ တရား ကိုယ်မကွဲပါက အခေါ်အဝေါ်ကွဲပြားခြင်းမှာ ပြဿနာတစ်စုံတစ်ရာမရှိပါ။
            အနောက်တိုင်းကဗျာသမိုင်းကြောင်း တစ်စိတ်တစ်ဒေသကို သိခွင့်ရသည့်အတွက် မောင်သာနိုးကို ကျေးဇူးတင် စရာ ကောင်းပါသည်။ သို့သော် ထိုစာအုပ်ထဲမှ ကဗျာဆရာ အများစုမှာ အစဉ်အလာ (ဂန္ထ၀င်)နှင့် ရိုမန်တစ်ဝါဒီတွေသာ ဖြစ်နေပါသည်။ (ဥပမာ- ရှိတ်စပီးယား၊ ၀ီလျံဝစ်စ်ဝတ်၊ ၀ီလျံဘလိတ်၊ ဂျွန်ကိ၊ ဘိုင်ရွန်၊ ရှယ်လီ) ဘို့ဒလဲယားအပါအ၀င် ကျန်လူများ အသုံးပြုခဲ့သည့် ကဗျာဝါဒဟူသည်မှာလည်း (သင်္ကေတ၊ ဆာရီရယ်လစ်) ထိုစာအုပ်မထွက် ပေါ်မီ နှစ်များစွာ ကပင်ခေတ်ကုန်ဆုံးကာ ဖုန်တက်နေသော အယူအဆများသာဖြစ်သည်။ တကယ်တော့ မော်ဒန်သမားများဖြစ်သည့် ပင်ဂွင်းတိုက်ထုတ် မော်ဒန်ဥရောပကဗျာဆရာများအတွဲထဲမှ အရေးမပါသော ယက်တူရှင်ကို တစ်ယောက်သာပါသည်ကို တွေ့ရပါသည်။ အင်မတန်အရေးကြီးသော ဟိုးလဗ်၊ ဇင်ဘောနျူးဟားဗစ်၊ အာဇင်ဘာဂျာ၊ ပိုးပါးကွာစီမိုဒို၊ အက္ခမာတိုးဗား၊ ပရဲဘက်၊ ယဲနစ်ရစ်စ်စိုး၊ ဂန်သာဂရပ် စသည်တို့မပါပါ။
            သူက ထင်းရှူးပင်ရိပ်ကဗျာထဲပါ ကဗျာများအတိုင်း မြန်မာကဗျာဆရာများ လိုက်လံရေးကြရန် မရည်ရွယ်သော် လည်း မြန်မာကဗျာဆရာများကမူ ထိုစာအုပ်ပါ ကဗျာများကို စံထား၍ မြန်မာမော်ဒန်ကဗျာများကို ရေးထုတ်ပါတော့သည်။ သည်တော့မှ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြု၍ မောင်သာနိုးက မော်ဒန်ခေတ် ကုန်ဆုံး သွားပြီဟု ကြွေးကြော်ခဲ့ပါသည်။ ဇာတ်ရည်မလည်သော မြန်မာကဗျာဆရာ အတော်များများမှာ အိုးတိုးအ,တနှင့် ခွကျ ကုန်ပါတော့သည်။
            အမှန်စင်စစ် ကမ္ဘာတွင် ကုန်ဆုံးသွားသော မော်ဒန်ဝါဒဆိုသည်မှာ ထင်းရှူးပင်ရိပ်စာအုပ်ထဲတွင်ပါဝင်သော အမှန် လွန်ဝါဒ၊ သင်္ကေတ၀ါဒ၊ ဒါဒါဝါဒ စသည့်ဝါဒများသာဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ယနေ့ခေတ်တိုင် နှောင်းခေတ်ပေါ်ဝါဒီများ ဖြစ်သော ပြင်သစ်က Master of Plain ခေါ်သည့် ပရဲဗတ်၏ Neo Sur realism, Political Scientist poet ဟုခေါ်ကြသော ဟိုးလပ်နှင့် ဂျာမာန်မှ အက်ဇင်ဘာဂျာတို့၏ Anti-Literary-Poems, ဂန်သာဂရပ်စ်၏ Super-realism, အလန်းဂင်းစဘတ် တို့၏ ဘိမျိုးဆက်သစ်ကဗျာများ၊ အမေရိကန်မှပင် စပိုက်မစ်စလီဂန်၏ Pop Poetry ပြင်သစ်မှ Guilevic ၏ Graphic Poetry စသဖြင့် ကဗျာအယူအဆများစွာ ဖြစ်ထွန်းနေသည်မှာ လေ့လာမကုန်နိုင်ဖွယ်ပင်ဖြစ်ပါသည်။
            (၄) ဒဂုန်တာရာသည် ယခင်ကာလတစ်လျှောက်လုံးတွင် မော်ဒန်ကဗျာဝါဒနှင့်ပတ်သတ်၍ အကင်းပါးစွာ သူ၏ ထုံးစံအတိုင်း အပြစ်လွတ်အောင် နေထိုင်ခဲ့သူဖြစ်ပါသည်။ မိုးဝေးကဗျာခေတ်တွင် လူငယ်တွေ လေးလုံးစပ်ပုံစံကို ဖျက်၍ ကာရန်လွတ်ရေးနေသောအခါတွင်လည်း ကာရန်မဲ့ချင်မဲ့၊ အဘိဓမ္မာမမဲ့စေနဲ့ဟု လမ်းညွှန်ပေးခဲ့သူဖြစ်ပါသည်။ သူဆိုလို သော အဘိဓမ္မာဆိုသည်မှာ တာရာခေတ်က မွေးထုတ်ခဲ့သော စာပေသစ်အယူအဆဖြစ်သည်။ အနုပညာသည်  ပြည်သူ့ အတွက် ဆိုသော အယူအဆကိုပင် ညွှန်းဆိုခြင်းဖြစ်ပါသည်။ သူ့အလုပ်မှန် အပြောမှန်ကိစ္စပင်ဖြစ်ပါသည်။ သို့သော် မကြာလှသော နှစ်ပိုင်းကမူ မော်ဒန်ကဗျာနှင့်ပတ်သတ်၍ စပ်စုရာမှ ကောက်ချက်တစ်ခုဆွဲလာပါတော့သည်။ မော်ဒန်ဆို သည်မှာ ခေတ်ပြိုင်ဝါဒဖြစ်သည်ဆိုသော အဆိုဖြစ်၏။ ကာရံမပါ ကဗျာမဖြစ်ဟု ပြောဆိုလာတော့သည်။ ဗဟုဝါဒကို ၀ါဒ ဖြန့်နေရင်းကပင် ကဗျာတွင်ကာရန်ရှိသည်ကိုသာ လက်ခံ၍ ကာရန်မဲ့ကို လက်မခံဟုဆိုသောအခါ သူနားလည်သော ဗဟုဝါဒကို နားမလည်နိုင်အောင် ဖြစ်ပါတော့သည်။
            မော်ဒန်ဝါဒနှင့်ပတ်သတ်၍ သူရေးသောဆောင်းပါးဟောင်းတစ်ပုဒ်တွင် တွေ့ရသည်မှာ ဤသို့ဖြစ်သည်။
            ပိတောက်ပွင့်သစ် ပထမခေတ်တွင် အောင်ဘညိုတို့အုပ်စုသည် မှော်ဘီသို့ မကြာခဏရောက်လေ့ရှိသည်။ မှော်ဘီဝတ်ကျောင်းတော်ရောက်တိုင်း ခေတ်ပေါ်ကဗျာဆိုတာ ဘာလဲဟု ဒဂုန်တာရာကို မေးလေ့ရှိသည်။ ထိုအချိန်၌ ဒဂုန် တာရာကား မျက်စိဝေဒနာကြောင့် စာမဖတ်နိုင်သည်မှာ ကြာမြင့်နေလေပြီ။ ဒီတော့ သူကပင် အောင်ဘညိုတို့ကို မော်ဒန် ကဗျာဆိုတာ ဘယ်လိုဟာမျိုးတွေလဲဟု ပြန်လှန်စပ်စုရတော့သည်။ နောက်ဆုံး အောင်ဘညိုတို့ ပြောသမျှကို နားထောင် ပြီးသောအခါ ကောက်ချက်တစ်ခုချလိုက်သည်။ ထိုကောက်ချက်မှာ ‘သြော် မော်ဒန်ကဗျာဆိုသည်ကား ခေတ်ပြိုင်ဝါဒကိုး’ ဟူသော အဆိုဖြစ်သည်။ ထိုစကားနှင့်အတူ ခေတ်ပြိုင်ခံစားမှုဆိုသော စကားလည်း ခေတ်စားလာပါသည်။ သူ့သြဇာသက် ရောက်သော လူငယ်များက ဆင့်ကဲဆင့်ကဲ လက်ခံသုံးစွဲရာမှ မော်ဒန်ကဗျာဆိုသော စကားလုံးမှာ ခေတ်ပေါ်ကဗျာဟူ သောအသုံးဖြင့် အခြေကျနေပြီးကာမှ မလိုချင်ဘဲ ထပ်ရသောမယားငယ်လို ခေတ်ပြိုင်၊ ခေတ်ပြိုင်ခံစားမှုစသော စကားလုံး များနှင့် ရှုပ်ထွေးလာရပြန်တော့သည်။
            အမှန်တော့ ခေတ်ပြိုင် (contemporaneously) ဆိုသည်မှာ အချိန်ကလာသက်သက်ကိုသာ ဆိုလိုသော စကား ဖြစ်၍ အာရုံခံစားမှုနှင့်မသက်ဆိုင်ပါ။ Contermporary ဆိုသည်မှာ တစ်ခေတ်တည်း ဖြစ်ခြင်းဟူသော အနက်အဓိပ္ပာယ် ထွက်၍နေပါသည်။ (ဥပမာ - ဒဂုန်တာရာသည်ကြည်အေး၊ ဂုဏ်ဝင်းတို့နှင် ခေတ်ပြိုင်ဖြစ်၍ ကျွန်တော်သည် အောင်ချိမ့်၊ မောင်ချောနွယ်တို့နှင့် ခေတ်ပြိုင်ဖြစ်ပါသည်။)
            ခေတ်ပေါ်ကဗျာတွင် အရေးကြီးသောစကားလုံးမှာ ခေတ်ပေါ်အာရုံ ခံစားမှု (Modern- sensibility) ဖြစ်ပါသည်။ ခေတ်ပြိုင်ခံစားမှု မဟုတ်ပါ။ မော်ဒန်ခေတ်ဦးက ထုတ်ဝေသော ကဗျာစာအုပ်တစ်အုပ်၏ အမှာစာတွင် မင်းလှညွှန့်ကြူးက ခေတ်ပေါ်အာရုံခံစားမှု ဟူသော စကားလုံးကိုပဲ ဖော်ထုတ်သုံးစွဲခဲ့ပါသည်။ ထိုစကားလုံးမှာ ခေတ်ပေါ်ကဗျာဖြစ်ထွန်းရေး တွင် သော့ချက်ဖြစ်သော်လည်း နောက်လူတို့ မျက်ခြေပြတ်ခဲ့ကြပါသည်။ (ထိုစဉ်ကလည်း အဓိကမဟုတ်သော ကာရန်မဲ့ ပြဿနာမှာ ရှေ့တန်းသို့ ရောက်ရှိသွားပါတော့သည်။) မင်းလှညွှန့်ကြူးက အမှာစာတွင် မြို့ပြနှင့်ကျေးလက်အာရုံခံစားပုံ သိသိသာသာ မကွဲပြားတော့ကြောင်းသာ ရေးသားသွားပါသည်။
            ခေတ်ပေါ်အာရုံခံစားမှုသည် ခေတ်ပေါ်လူ့အဖွဲ့အစည်း (modern civilization) တွင်းရှိ ခေတ်ပေါ်လူသားထံမှ ခေတ်ပေါ်အနုပညာလက်ရာကို ထွက်ပေါ်စေသည့် အရင်းခံအကြောင်းတရားဖြစ်သည်။ သတင်းပို့ဂြိုဟ်တု၊ ကြိုးမဲ့ကြေး နန်း၊ ဆယ်လူလာဖုန်း၊ ကွန်ပျူတာ၊ ကျည်ဆန်ရထား အသံထက်မြန်သောလေယာဉ် စသည့် အဝေးဆက်သွယ်မှုစံနစ် (Telecommunication) တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ လူတို့၏ကမ္ဘာ (သို့) အချိန်နှင့်နေရာ (Time & space) သည်လည်း တိုးတက်ကျုံ့ဝင်လျက်ရှိပါသည်။ ယခုအခါ တစ်ရှိန်ထိုး တိုးတက်လာသော အီလက်ထရွန်းနစ်ပစ္စည်းများနှင့် ဆန်းပြားသော တက္ကနိုလိုဂျီနည်းပညာများကြောင့် ကမ္ဘာကြီးကို စက်မှုလွန်ခေတ်ထဲ ရောက်သွားသည်ဟု ဆိုကြလေသည်။ ထိုအခြေအနေများနှင့် ကိုက်ညီအောင် အနုပညာသည်လည်း ပြောင်းလဲလိုက်ပါရပေမည်။ မပြောင်းလဲပါက လူများ၏ ခေတ်ပေါ်အာရုံခံစားမှုနှင့် စည်းဝါးမကိုက်ညီခြင်းကြောင့် အနုပညာသည် တခြားသောခေတ်ပေါ်အာရုံ ရုပ်ဝတ္ထုပစ္စည်းများ ၏ ၀ါးမျိုးခြင်းခံရကာ ကျဆုံးရမည်မှာ မလွဲသေချာပင် ဖြစ်တော့သည်။
            (၅) ပွဲပြီးမီးသေဖြစ်ရာမှ ပြန်လည်ဆူပွက်လာသော တခြားမော်ဒန်ကဗျာကိစ္စမှာ ကာရန်မဲ့ပြဿနာပင် ဖြစ်ပါ သည်။ ကာရန်မဲ့ခြင်းဆိုသည်မှာ ခေတ်ပေါ်ကဗျာ၏ ၀ိသေသလက္ခဏာတစ်ရပ် မဟုတ်ပါ။ ခေတ်ပေါ်ကဗျာတစ်ပုဒ်ဖြစ်ရန် ပေါင်းစုံနေသော အကြောင်းအချက်ပေါင်းများစွာထဲမှ သာမညအကြောင်းအချက် တစ်ခုမျှသာဖြစ်ပါသည်။
            ခေတ်ပေါ်ကဗျာ ပေါ်ထွန်းစက ခေတ်ပေါ်ကဗျာအကြောင်း ကောင်းစွာနားမလည်သော လူတချို့က ထင်သာ မြင်လွယ်သော အချက်ဖြစ်သည့် ကာရန်မဲ့ခြင်းကိုကြည့်ကာ “ခေတ်ပေါ်ကဗျာဆိုတာ ကာရန်မဲ့ကဗျာကို ခေါ်တာပဲ”ဟု ကင်းပွန်းတပ်ခဲ့သည့် ပေါ့ပေါ့တန်တန် စွပ်စွဲချက်တစ်ခုသာဖြစ်ပါသည်။ မိမိကိုယ်မိမိ ခေတ်ပေါ်ကဗျာရေးသူဟု ဆိုကြသော အတုတချို့ကလည်း ထိုစကားကိုပင် အလွယ်တကူလက်ခံကာ. . .သံယောင်လိုက်အော်ခဲ့ကြသည်။ (ကျွန်တော့်အနေဖြင့် ကဗျာရေးသောအခါ ကာရန်အကြောင်းကို အနည်းငယ်မျှပင် ထည့်သွင်းမစဉ်းစားခဲ့ပေ။ ဆွေးနွေးငြင်းခုံစရာဟုလည်း မမြင် ချေ။)
            ယခုအခါ ထိုပြဿနာကိုပင် အစကောက်လာကြပြန်သည်။ ရစ်သမ်နှင့် နရီပြဿနာပါ ရောထွေးလာ၏။ ရစ်သမ် မှာ အနုပညာရပ်တိုင်းတွင်ရှိသော ပြေပြစ်ညီညွတ်မှုနှင့် ဟန်ချက်ကို ညွှန်းဆိုသည်။ Rhythm မှာ စီးဆင်းမှု (Flow)နှင့်ပတ် သတ်၍ နရီ(Timing)က အရှိန်အဟုန် (Tempo)နှင့် ပတ်သတ်ပါသည်။ ထိုသဘောတရားမှာ ရုပ်ရှင် အနုပညာတွင် ပို၍ ထင်ရှားပါသည်။

[ဂ]
            မြန်မာကဗျာ ဖြစ်ပေါ်မှုသမိုင်းတွင် ခေတ်ပေါ်ကဗျာ၏ တိုးတက်ဖြစ်ထွန်းမှုမှာ ထူးခြားထင်ရှားလွန်းလှသည်ကို အသိအမှတ်ပြုကြရပါတော့မည်။
            အစဉ်အလာ မြန်မာ့ကဗျာ( ဂန္ထ၀င်)လောင်းရိပ်မှ ဖောက်ထွက်ခဲ့သော မြန်မာကဗျာသည် ခေတ်ပေါ်ကဗျာကာလ မတိုင်မီအရေးကြီးသော အလှည့်အပြောင်းနှစ်ခု၊ သို့မဟုတ် အဆင့်နှစ်ဆင့်ကို ဖြတ်ကူးခဲ့ရပါသည်။
            ပထမအဆင့်မှာ ဇော်ဂျီ၊ မင်းသုဝဏ်တို့၏ ခေတ်စမ်းကဗျာဖြစ်သည်။ ခေတ်စမ်းကဗျာနှင့် ဂန္ထ၀င်ကဗျာတို့၏ အဓိကခြားနားချက်မှာ အကြောင်းအရာနှင့် ခံစားမှုဖြစ်သည်။ ထီးဟန်နန်းဆန်သောအကြောင်းအရာမှ အရပ်ဆန်သော သာမည အကြောင်းအရာဆီသို့ ကဗျာဆရာများ အာရုံစူးစိုက်ခဲ့ကြသည်။ ပုံသဏ္ဍာန်မှာမူ ဂန္ထ၀င်ကဗျာတွေထဲမှပင် လေးလုံးစပ်နှင့် လေးချိုးပုံသဏ္ဍာန်ကို ဆက်လက်ကိုင်စွဲခဲ့ကြသည်။ (မြန်မာဂန္ထ၀င်ကဗျာသမိုင်းသည်ကား ကဗျာပုံသဏ္ဍာန် များ၏ သမိုင်းဟုပင် သတ်မှတ်နိုင်လောက်အောင် ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ ဘောလည်၊ တေးထပ်၊ လေးချိုး၊ ဒွေးချိုး စသည့်ဖြင့် ထူးထွေများမြောင်လှသော ကဗျာရေးဖွဲ့စပ်ထုံးတို့ ထွန်းကားခဲ့ကြ၏။) ထိုအထဲမှ ခေတ်စမ်းသည် လေးလုံးစပ်နှင့် လေးချိုးပုံသဏ္ဍာန် ဆက်လက်သယ်ဆောင်ခဲ့သည်။ စာပေဆန်လွန်းသော အသုံးအနှုန်း(အကွန့်အညွန့်) များမှ ပြေပြစ်သော စကားပြေဟန်ကို ကိုင်စွဲရေးဖွဲ့လာကြသည်။ အကြောင်းအရာတွင်လည်း ဂန္ထ၀င်ထက် လူထုနှင့် ပိုမို နီးစပ်လာနိုင်သည်ဟု ဆိုနိုင်လေသည်။
            ဒုတိယအဆင့်အလှည့်အပြောင်းတွင် ဒဂုန်တာရာနှင့် အပေါင်းအသင်းတို့၏ စာပေသစ်ဖြစ်၏။ ဒဂုန်တာရာနှင့် ကြည်အေးအပါအ၀င် အပေါင်းအသင်းများသည် ရေးဖွဲ့ပုံစနစ်၌ ခေတ်ဆန်းက ဂန္ထ၀င်အမွေခံခဲ့သော လေးလုံးစပ်နှင့် လေးချိုးပုံသဏ္ဍာန်ကိုပင် ဆက်လက် အမွေခံခဲ့သည်။ (ဇော်ဂျီလေးချိုးနှင့် ကြည်အေးလေးချိုးတို့ ယှဉ်ကြည့်ပါက အပေါ် ယံအသုံးအနှုန်း ကွာခြားသော်လည်း လေးချိုးဟူသော ပုံစံခွက်ထဲ ကျရောက်နေပုံမှာ အတူတူပင်ဖြစ်သည်။) စာပေသစ်က မြန်မာကဗျာတွင် ထပ်ဆင့်ပေးခဲ့သော အဆင်တန်ဆာမှာ “အနုပညာသည် ပြည်သူ့အတွက်ပင် ဖြစ်ရမည်။” ဆိုသော သဘောတရားသာဖြစ်ပေသည်။ ထို့ကြောင့် ဤဒုတိယအဆင့်အလှည့်အပြောင်းကို အယူအဆပိုင်းဆိုင်ရာ အပြောင်း အလဲအဖြစ် မှတ်ယူရမည်ဖြစ်လေသည်။ အနုပညာသည် ၀ါဒဖြန့်ချိရေးလက်နက်၊ အနုပညာသည် နိုင်ငံရေး၏ လက် အောက်ခံ ဖြစ်သည်ဆိုသော ထို(စာပေသစ်)အယူအဆသည် ထိုစဉ်ကပင် ကန့်ကွက်သူများရှိခဲ့သော်လည်း မိုးဝေကဗျာ ခေတ်အထိ ထင်ရှားအားကောင်းနေခဲ့၏။ ယနေ့မြန်မာခေတ်ပေါ်မှာမူ ထိုအဆင့်နှစ်ဆင့်လုံးကိုပင် လုံးဝဆန့်ကျင် ပစ်ပယ် လေသည်။
            ထို့ကြောင့်ပင် ခေတ်ပေါ်ကဗျာကို ထူးခြားထင်ရှားသော အပြောင်းအလဲဟု ဆိုခဲ့ခြင်းဖြစ်သည်။ ခေတ်ပေါ်ကဗျာ သည်ကား မြန်မာကဗျာဖြစ်ပေါ်တိုးတက်ရာတွင် တတိယအလှည့်အပြောင်းနှင့်အရေးကြီးသော အလှည့်အပြောင်းပင် ဖြစ်လေသည်။
            ခေတ်ပေါ်ကဗျာသည် ဂန္ထ၀င်ကဗျာ၏ အစဉ်အလာကို ဆက်ခံခဲ့သော ခေတ်စမ်းနှင့် တာရာခေတ်၏ လေးလုံးစပ် နှင့်လေးချိုးပုံသဏ္ဍာန်ကို သာမက ကာရန်စနစ်ကိုပါ အတိအလင်း ပြတ်ပြတ်သားသား စွန့်ပစ်လိုက်သည်။ တစ်ပြိုင်နက် တည်းပင် စာပေသစ်၏ အသက်သွေးကြောဖြစ်သော အနုပညာသည် ပြည်သူ့အတွက်ဆိုသော အတွေးအခေါ်ကိုပါ စွန့်ပစ်လိုက်ပါသည်။ (မောင်သင်းခိုင်နှင့် မောင်ချောနွယ်တို့၏ အင်တာဗျူးများတွင် ထိုအယူအဆကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ မောင်သာနိုးကိုယ်တိုင် ကလည်း မာက်စ်ဝါဒကို စွန့်ပစ်ခဲ့ပြီးဖြစ်ကြောင်း ကြောညာခဲ့ပြီးဖြစ်သည်။)
            ဂန္ထ၀င်ခေတ်စမ်း စာပေသစ်တို့နှင့် လုံးဝလမ်းခွဲခဲ့သော ခေတ်ပေါ်ကဗျာသည် အကြီးမားဆုံးသော စွန့်စားမှုနှင့် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုကြီးကို ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကာလကပင် ကျွန်တော်တို့ ကောင်းစွာ သဘောပေါက်ခဲ့သည်။ ယနေ့ကာလသည်ကား အတိမ်းအစောင်းမခံသော ခေတ်ပေါ်ကဗျာ အတွက် အဆုံးအဖြတ်ကာလပင်ဖြစ်သည်။ ခေတ်ပေါ်ကဗျာသမားတိုင်း တွေဝေမှုမရှိ ရဲရင့်ပြတ်သားကြရပါမည်။ ကျွန် တော်တို့အနေနှင့်မူ မည်သို့သော အသီးအပွင့်မှ မခံစားရစေကာမူ၊ မည်သို့သော အတားအဆီးနှင့် ကြုံရစေကာမူ ခေတ်ပေါ်ကဗျာသည်ကား နောက်ပြန်ဆုတ်စရာ မရှိသော အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း ထင်ရှားသထက် ထင်ရှားလာနေပါတော့သည်။

သစ္စာနီ
(ဆက်လက်ဖော်ပြပါမည်)

Burmese Poetry Foundation လက်ရွေးစင်ကဗျာတင်ဆက်မှု အစီအစဉ် အပိုင်း(၅)

ပိတောက်တွေပွင့်ပြီးမှ ပို့တဲ့ကဗျာ

ပန်းပွင့်လေးကို ပန်းအိုးထဲမှာ သတ်လိုက်ပြီး
ရွှေငါးလေးကို ရေကန်ထဲမှာ သတ်လိုက်သူ
လူသားဟာ
ဧည့်ခန်းထဲမှာ သူ့ကိုယ်သူ
ယဉ်ကျေးသူ
အလှတရားမြတ်နိုးသူအဖြစ် သတ်လိုက်ပြီ။

ငါ့ကဗျာတွေ
စာမျက်နှာပေါ်မှာ
ပါဖို့ ကြိုးစားခဲ့သလို။          

သုခမိန်လှိုင်

 

ပျော့ကွက်


မင်းတို့မေးရိုးတွေ အားလုံး ပြုတ်ထွက်သွားအောင်
ငါဆော်ထည့်နိုင်တယ်
ဒါနဲ့ပဲ
ဟောဟိုက ချောင်ကောင်းကောင်းမှာ
ကြမ်းပိုးရှာသလိုလို
သန်းရှာသလိုလို
ဖိုမကိစ္စနဲ့ပြီးရတာပဲ။

တစ်ညနောက်ကျပြီးမှ ညားခွင့်ရတဲ့ ကဗျာတစ်ပုဒ်ရယ်
လေးငါးနှစ်တာကာလဆီက စုပ်မြိုခဲ့သမျှရယ်
အခုမှ
အားလုံးဟာရှိလာခဲ့ပြီ
သီချင်းဆိုရဲတဲ့ပန်းပွင့်များ
အနားမယူတဲ့ သန်းခေါင်ယံခေါင်းလောင်းများ
အိပ်မက် မက်ရမှာ ကြောက်တဲ့ကျွဲရိုင်းများ။

တလွင့်လွင့် ခန်းဆီးစရဲ့ အပေါ်မှာတော့
ရာဇဝင်ဟာ ပိုးသားဇာ ယက်ဖောက်လို့
ငါတို့ရောက်ရှိရာ မှတ်တိုင်များနဲ့
ငါတို့ဆုပ်ကိုင်မိကြရာ ပြာမှုန်များရဲ့ရေးချယ်မှုမျှပဲ။

ခုလိုတော့လဲ
ငနဲက
ကိုယ်လိမ်းပေါင်ဒါ လူးရ
ဆပ်ပြာမွှေး သုံးရနဲ့။

ရှေ့တူရှုမှာ
တဝက်တပျက်သာ ပွင့်နေတဲ့ တံခါးချပ်တွေ အဆင့်ဆင့်
သခင့်အလိုကို အတိအကျ သိတတ်တဲ့ ခွေးတစ်ကောင်နဲ့
သံသရာဆုံးအောင် မှောင်နေတော့မလောက် အမိုက်တိုက်
အရက်ဖြူနည်းနည်းမြိုလိုက်ရတယ်။

နောက်ထပ်....
ပြီးတော့ နောက်ထပ်များ
ငါ့အကင်းပါးမှုက ငါ့ကိုပြန်ရောင်းစားခဲ့ရာ
ရွှေပိန်းချခြေရာတွေနဲ့
ပေါက်လွှတ်ပဲစား ဖန်ဆင်းလိုက်တဲ့ အနာဂါတ်တွေပဲအစားပြန်ရခဲ့ပေါ့။

ဟော.....
အခုမှ အိပ်ယာကနိုးလာသလိုမျိုး
မှိုချိုးမျှစ်ချိုးပြောတော့မယ့် ပါးစပ်ရယ်
သင့်ကို မြေကြီးထဲဆွဲနှစ်တော့မတတ်အကြည့်ရယ်
နောက်ပြီး
မီးစတဖက် ရေမှုတ်တဖက် လက်တစုံရယ်နဲ့ပါလား။

ငါတို့နှစ်ယောက်ကြားမှာ
ဘယ်တုန်းကမှ မလွဲမှားခဲ့ဖူးတဲ့ငွေတစ်ကျပ်
ခု.... မင်းလူသတ်ချင်နေပြီပေါ့လေ။

မနေ့တုန်းက ဘာနေ့ပါလိမ့်
အိမ့်ဆည်းလည်းသံ တချွင်ချွင်တတင်တင်
အပြင်ဘက်မှာမုသားနွံထဲကျွံနစ်ဆဲ
အဆိပ်ရည်ဖြစ်ဖြစ်
ဒေးလီးဗိုက်တာဖြစ်ဖြစ်
အိတ်ဇစ်စတင်ရှယ်လစ်ဇင်းပဲ ဖြစ်ဖြစ်ပေါ့။

အဲဒီလောက်ကြီး ကီးကိုက်နေမှတော့
ဘာသားနဲ့ထုထားတာမို့တောင့်ခံနိုင်မလဲ
သဲထဲရေသွန်မဖြစ်ခင် လက်ဖျစ်တတွက်
လူမှုရေးတွေ ကွပ်မျက်လိုက်ရတယ်.

ဗြုန်းကနဲ
ရင်ကွဲနာကျသေချင်စရာကောင်းသွားတဲ့ညနေထဲမှာ
ဆည်းဆာကိုအငမ်းမရနမ်းစုပ်ရင်း
ဟောဒီနာကျင်မှုသီချင်းကို
ညည်းဆိုခဲ့မိတာပဲပေါ့..

ခင်အောင်အေး
၁၉၉၀

 

ကြယ်ဝင်စား


အဆင်းက
လွမ်းချင်းတွေလို ဆွေးဆွေးနီ
ဒီမှာ..
မေတ္တာတရားရဲ့ ပုံတူတောင်တန်းများ
မျှော်လင့်စိမ်းနဲ့ ညို့ ညို့ တောအုပ်များ
မိုးသည်းနှင်းထန်ဥတုများ
ကောင်းကင်တစ်ခိုက
လိုရာဆိုက် ငှက်လေးများကို ကြည့်မြင်တိုင်း
အထူးပင်မှိုင်းလာသော ဆွတ်ကျင်လှိုင်းများ
ဪ..
အိမ်ရနံ့ဝင်နေတဲ့ အဖျားငွေ့ငွေ့တွေက
ကျွန်တော့်တံခါးပေါက်ကို တဒေါက်ဒေါက်ခေါက်လို့။

စံညိမ်းဦး


ရှေ့ရေး နောက်ရေး အလယ်ရေး ဘေးရေး

ငါကြည့်တာများလေ ငါရတာနည်းလေ
ငါဘဲတစ်ခုခုများ တစ်နေရာရာမှာ
နောက်ထပ် ဘယ်လောက်ကြာကြာ ကမ္ဘာကြီးလည်နေမှာလဲ။
ကောင်းကင်ကြီးဘာကြောင့်ပြာ
သစ်ရွက်တွေ ဘာကြောင့်စိမ်း
သစ်ရွက်စိမ်းစိမ်းတွေဟာ အရောင်ပြိုင်ပွဲမှာ ၀င်မပြေးပါ။
မင်းက ဒီနေ့လား ငါက မနက်ဖြန်လား
ရှေးမူမပျက် ခေတ်လူပြက်လား
မင်း မင်းပဲလေ ငါက ငါ
ကဗျာဟာ ကမ္ဘာ့မြေပုံထဲရောက်လာ
ကံကောင်းပါစေဆိုရင်မင်းရောဘဲ။
လက်ဟောင်းပြန်ပေါ်တာပဲ လက်ကျ လက်အကျ
အရောင်ဆိုတာ အမှောင်ထဲမှာလည်း ရှိပါတယ်
အခုပဲကြည့်လေ ငါ့အနက်ကို သူ့လက်နဲ့ကွယ်ထားတာ။
မာယာကော့စကီးရဲ့ မျက်ရည်ကို မထိနဲ့ဆိုပြီး အတင်းပြေးဝင်
ချစ်တာသည် ဘ၀တပါး
ရောက်တဲ့နေရာက ရရာဆွဲယူ
ဒါလည်း တစ်စက်ကျန်အထိ အရသာရှိဘဲ။
တစ်ခုခုလားဆိုတော့ တစ်ခုပဲ ONE
အကြောင်းတိုင်းပဲ
ငါ့အတွက် မတွေးနဲ့ မင်းအတွက်နဲ့လည်း မတွေးနဲ့
ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်စဉ်မှာပင်
၂၀ရာစု ရွေ့လျားသွားပါပြီ။
Hello Hello
မင်းတစ်ခုခုကို မှီထား/ကိုင်ထား
ကြယ်တံခွန်တွေ ရေတံခွန်တွေ
သူတို့က မြစ်ကိုလည်း နေ့စဉ်နေ့စဉ်ကြည့်ချင်သေးတယ်
အဆွေးမြေ့ဆုံးကတော့ ကျွတ်ကျွတ်အိတ်မပေါ်ခင်တုန်းက စကားတွေပဲ
အခု ကွယ်လွန်သူတွေ နှစ်ပတ်လည်ပြန်ပြီ။            

စိုင်းဝင်းမြင့်
၂၇-၂-၂၀၀၉

 

နောက်ဆက်တွဲအစွန်းအထင်းများ

သူဟာရူးသွပ်နေသောလူတစ်ယောက်အဖြစ်တိတိကျကျဖော်ညွှန်းသော
ဇာတ်ဝင်ခန်းရဲ့ အခြားတစ်ဖက် သူ့ကမ္ဘာဟာပျက်သုန်းလျက်
သူတပ်မက်သော သူ့ဆံနွယ်များ သူပြန်ဖျက်သိမ်းလိုက်ရတဲ့နေ့
သူဟာ သေဆုံးလျက် တိတိပပ စိတ်နဲ့ကိုယ်ကင်းကွာလျော့ကျလျက်
အိပ်မက်မဟုတ်ခြင်း၊နာကြည်းလွင့်ပျယ်နေခြင်းများ စူးဝင်လျက်
သူ့ခန္ဓာကိုယ်ထဲကနေ သူ့ဝိဥာဉ်ကို ဖဲ့ထုတ်ပစ်လိုက်ရတဲ့ ဒီနေ့ပေါ့
ချွေးစေးတွေတစ်စက်ပြီးတစ်စက် သူဟာအဆက်မပြတ် ရူးသွပ်နေရခြင်း
သူမက်မောသော သူ့ဆံနွယ်များ သူကိုယ်တိုင်ဖျက်သိမ်းလိုက်ရခြင်း
တုန်ယင်ဖိုလှိုက်လို့ သူ့အရေပြားကို ဖောက်ထွက်နေတဲ့ ဆူးများလို သူ့အတ္တ
အလှမွေး ငါးကန်လေးထဲ သူ့မှာကျဉ်းကျပ်ကူးခပ်နေရတာ ဒီဘ၀ ဒီကမ္ဘာ
သူကတော့ပျော်ရွှင်နေသလို အောင်မြင်လိုမှုကို ကြောင်းလေးတစ်ကောင်ပမာ
ယုယ၊ကျွေးမွေး၊ပွတ်သပ်ချော့မြူလို့ သူ့မှာကြေကွဲရ
သူ့ရှည်လျားတဲ့ ဆံနွယ် ဆံသားများ သူ့နှလုံးသားကို ရစ်ပတ်တုပ်နှောင်
သူ့မှာ မွန်းကျပ်၊ပိတ်လှောင်၊အကျဉ်းအကျပ် ကျခံရ
ငြင်းမရတဲ့ ၀ါကျအမှားများ သူ့အပေါ်မိုးစက်များလို တဖွဲဖွဲရွာကျ
ဖဲ့ထုတ်မရတဲ့အမှားများ၊ အစိတ်အပိုင်းများ တစ်စစီ
ပြိုပျက်စ အဆောက်အဦများလို တစ်နေ့နေ့ တရွေ့ရွေ့
ပလက်ဖောင်းပေါ်ဖြတ်လျောက်သွားနေသော မိန်းမလှလေးတွေကို ငေးမောတပ်မက်လို့
မီးညှိလက်စ စီးကရက်ကို ဖိနပ်အောက်ထိုးချေ ကြေမွစေလိုက်တယ်
တစ်ချိန် သူမက်မောသော ဆံနွယ်များကို သူကိုယ်တိုင် ငြင်းပယ်ခဲ့ရ
တစ်ချိန် သူရူးသွပ်ခဲ့သော အနုပညာကို သူကိုယ်တိုင် လမ်းခွဲခဲ့ရ
တစ်ချိန် သူစွဲလန်းခဲ့သော မိန်းကလေးတစ်ယောက်ကို သူကိုယ်တိုင် ကျောခိုင်းခဲ့ရ
သူ့ခန္ဓာကိုယ်ထဲကနေ သူမက်လက်စ အိပ်မက်လေးကို သူကိုယ်တိုင်ဖဲ့ထုတ်ပစ်လိုက်ရ
သူဟာရူးသွပ်နေသော လူတစ်ယောက်အဖြစ် တိတိကျကျ ဖော်ညွှန်းသော
ဇာတ်ဝင်ခန်းရဲ့ အခြားတစ်ဖက် သူ့ကမ္ဘာဟာပျက်သုန်းလျက်။

အောင်ပိုင်စိုး

 

သတင်းလွေ့လွေ့

 

ဒီအတိုင်းဆိုရင် လူသားရဲ့အဖြစ်က တော်တော် ရက်စက်တာပဲနော်၊

ဟုတ်ပါတယ်၊ ဇာတ်သိမ်းတဲ့အထိ ဂိုဒေါ့က ပေါ်မလာပါဘူး၊ လူသားရဲ့

အဖြစ်က ဒီအတိုင်းပဲလားဆိုတော့၊ ဟို( ဣတ္ထိယ၀ါဒီ)အတိုင်းနဲ့ နှိုင်းရင်

‘မေ’မှာ အပြစ်မရှိပါဘူး။ ‘ငဘ’ဟာလည်း ငဘပဲဖြစ်ပါတယ်၊ ရက်စက်မလား၊

ပျော်ရွှင်ဖွယ်ဇာတ်သိမ်းမလားဆိုတာတော့ ဂျေကေရိုးလင်းအပေါ်မှာ တည်ထားတဲ့မူအရ

မူတည်ပါတယ်။

လွန်ခဲ့တဲ့အနှစ်နှစ်ထောင်ငါးရာကျော်က ထေရီမျက်လုံးနဲ့ကြည့်ရင်တော့

ဗန်ဂိုးနားရွက်ဖြတ်မှ မဟုတ်ဘူး၊ အားလုံးအရူးပဲ ဖြစ်ပါတယ်။

ယဉ်ကျေးမှုအနှောင့်အသွားမလွတ်တဲ့ ဘာသာစကားစွမ်းပကားနဲ့

‘ပင်လယ်’/များကို/ဖြတ်သန်းရပါတယ်၊ ‘ခရောင်း’လမ်းကို ဖြတ်သန်းရပါတယ်။

‘ချော်ရည်’တွေနဲ့ ကဗျာရေးဖွဲ့ရပါတယ်၊ ‘ဆဌမအာရုံ’ကို တခါတလေသုံးစွဲရပါတယ်။

ဒီလိုနဲ့ပဲ ‘ဂန္ဓ၀င်’ဖြစ်လာကြဟူသတတ်၊ ‘သမိုင်း’၀င်ဖြစ်လာကုန်ကြလတ္တံ။

စကားကုန်ပြောရသော် (ဘာသာ)စကားက ကဗျာဆရာကို ခံစားချက်နဲ့ဈာန်နဲ့

အနုပညာနတ်သမီးနဲ့ပူးကပ် ရေးဖွဲ့သွားခြင်းဖြစ်လေသတည်းပေါ့။

အင်တာနက်၊ ရှောံပင်ထွက်၊ သင်တန်းတက်၊ နိုင်ငံခြားထွက်၊ အာဟ အာဟ

တိုက်ဆောက်ကားစီးဖုန်းပြော၊ ဘောလုံးပွဲ နတ်ပွဲ၊ ချဲထီးထိုး၊ ယိုးယိုး

ကဖေးဆိုင်ထိုင်၊ ရုပ်ရှင်ကြည့်၊ ဗိုက်ဆာနေသလား အလေ့အကျင့်ဖြစ်လာတော့

မာမားပဲစားရမလိုလို၊ ကူးခွေပဲ ၀ယ်ရမလိုလို၊ ကိုရီးယားမာဖလာပဲ ပတ်ရမလိုလို

သဘာဝဖောက်ပြန်ခြင်းကို ခံစားလိုက်ကြရတာက သဘာဝတရားလိုလို၊

တရားပွဲတိုင်းရှေ့ဆုံးက ပါဝင်ဆင်နွဲရတာ ကျမ်းစာလာတဲ့အတိုင်းလိုလို၊ မလုပ်မနေရလိုလို

မပတ်သတ်ချင်လို့ မရသလိုလို စာရွက်စာတမ်းပေါ်မှာ ထူးချွန်အောင်မြင်ခဲ့ကြောင်း၊

လင်မယားအဖြစ်ရောက်ရှိကြောင်း၊ လက်ဝယ်ရရှိပိုင်ဆိုင်ကြောင်း စာချုပ်များနဲ့

စာနဲ့အချုပ်ခံရပြီးသား လူမှုဘ၀နဲ့၊ သင့်ကံ သင့်စိတ် သင့်ဥတု သင့်အာဟာရအရ

မဖြစ်နိုင်ဘူးဆိုတာ သေချာပါပြီ၊ သူတို့တွက်ရေးနဲ့ သင်စက်သူဌေးမဖြစ်နိုင်တာ သေချာပါပြီ၊

သင်ဟာ မောင်ချောနွယ်

မဖြစ်နိုင်ဘူးဆိုတာ ပိုလို့သေချာပါပြီ၊ သင်ဖြစ်နိုင်တာက နီယိုမော်ဒန်

လည်းမဟုတ်၊ ဘိုဟီးမီးယန်းလည်းမဟုတ်၊ ချေဂွေဘားရားလည်း မဟုတ်တဲ့ သင်

ဖြစ်နိုင်ပါတယ်၊ သင်ဖြစ်နိုင်သေးတာက ကွန်မြူနစ်၊ လက်ဝဲ၊ ရုပ်ကြမ်းဝါဒီ၊

တစ်ကိုယ်ကောင်းနာဇီ၊ ဖြစ်နိုင်ချေအများကြီးရှိတာက

ကဇော်သမား၊ စိတ်ကူးယဉ်သမား၊ တာဝန်မဲ့သူ၊ ထွက်ပြေးသူ၊ အိပ်စားကာမ၌ ခုံမင်သူ၊

အလုပ်အကိုင်အတည်တကျမရှိသူ၊ ဘေးထိုင်ဘုပြောသူ၊ အဆိုးမြင်တတ်သူ၊

စိတ်ဓာတ်ကျလွယ်သူ၊ ရည်ရွယ်ချက်မဲ့သူ၊ ဖြစ်နိုင်တာတွေ အများကြီးမဟုတ်လား။

မသူတော်စရိုက်လက္ခဏာများအားလုံး ဖြစ်မယ်ဆိုရင် ဖြစ်လာနိုင်သေးရဲ့မဟုတ်လား။

ဒါတွေကလည်း ကျွန်တော့်ဖက်က ဖြစ်နိုင်ချေတွေပါ၊ ဖြစ်မယ်လို့ ကျွန်တော် မပြောဘူးနော်၊

သင်ဖြစ်နေတာ သင်ဖြစ်ချင်သလို ဖြစ်နိုင်တာပဲလေ

သင်ဟာ ဖြစ်ချင်သလိုဖြစ်နိုင်တာပဲလေ။

ဘာပဲဖြစ်ဖြစ်လေ၊ ဘယ်လိုပြစ်မှုပဲဖြစ်ဖြစ်လေ

ရှေ့နေကောင်းကောင်းရှာရတာပဲလေ၊ လျှောက်လဲချေပစရာကျမ်းကိုးကျမ်းကားနဲ့

ကိုယ့်တရားခွင်ကိုယ်ဖက်ပါအေင် တည်ဆောက်ရတာပဲလေ

ဒါတွေဟာ ဖြစ်မြဲဓမ္မတာလောက အစဉ်အလာပဲလေ

လို့ ကျွန်တော် နှစ်သိမ့်စိတ်ဖြေ နိဂုံးချုပ်ရတာပဲလေ။

 

မောင်ယုပိုင်

၂၀၀၈ စက်တင်ဘာ

 

တံခါးဖွင့်ထားတယ် တွန်းဝင်လာခဲ့

အရှေ့အရပ်ကို မျှော်နေရင်း အနောက်အရပ်မှာ မှောင်သွားတယ် နာရီဟာ ပွင့်ထွက်မတတ်
လက်ဖျားချင်းထိခတ်လိုက်ရုံ လက်ချောင်းချင်း တို့ထိလိုက်ရုံ အာရုံကြောများ ပူနွေးရုန်းကြွ
တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းရောက်ဖို့ ရှေ့လူတွေလည်း ဒီလမ်းကို ဖြတ်သွားကြ လားရာဟာ
လာရာလမ်းအတိုင်း နောက်ပြန်လှည့်ကြကြေးဆိုရင် ခေါင်းကို ဘယ် မှ ညာ၊ ညာမှ ဘယ်
ယမ်းပစ်လိုက်မယ် ဒီမှာ မျက်စိမှိတ်ပြီး ကိုယ့်ကိုယ်ကို နှိပ်စက်နေတာ
အိပ်ယာထက်မှာ အိပ်ပျော်နေတာ
ဘာလို့ခေါ်မလဲ လက်ကောက်ဝတ်ကို လှည့်ကစားနေတာ၊ သပွတ်အူတိုင်လည်သွားတာ
မျက်နှာမှာ သနပ်ခါးဘဲကြား နှုတ်ခမ်းနီလေး ဘာလေးဆိုးပြီး နားကပ်လေး ဘာလေး ၀တ်ပြီး
စိုက်ပြီ ဆိုမှတော့ တည့်တည့်မတ်မတ်ပေါ့
ရောက်လာပြီဆိုရင် ဖမ်းသာ ဆွဲထားလိုက် အပိုတွေ
ပြောစရာမလိုဘူး ဒီနေ့ ဒီအချိန် ဒီခေတ်ကြီးထဲ
မြေနီလမ်းကလေး၊ အကြော်တဲကလေး၊ ဗာဟီရကိစ္စတွေ
ကန်ရေပြင်ဟာ ငေးလို့ သိပ်ကောင်းတယ် မှော်တွေ ဒိုက်တွေ
ပေကလပ် ပေကလပ် မျက်နှာပေးနဲ့ ထဲထဲဝင်ဝင် သိလားပြီဆိုရင်
စွန့်ခွာသွားဖို့ ပြင်တော့တာပဲ ချပ်ချပ်ယပ်ယပ်
ချပ်ဝတ်တန်ဆာဟာ ချပ်ချပ်ယပ်ယပ်
မင်းလေးဟာ ဖျတ်ဖျတ်လတ်လတ် ချပ်ချပ်ယပ်ယပ်
နှင်းဆီ
တံပိုး
အချစ်
အက္ခရာ
တရစ်ပြီးတရစ် တိုးဝင်သွားတဲ့အခါ ရေပန်းအစားဆုံး
ရေမွှေး ပုလင်းဟာ  အစကတည်းက Since 1976 လို့ ရေးထိုးထားခဲ့တာ။         

တည်ရရေးသည်