ဘလော့ဂ် ကဗျာဆရာများရဲ့နှစ်သစ်ကူး ကဗျာပွဲတော် အစီအစဉ် ၂ (မောင်ယုပိုင်၊ တောကျောင်းဆရာ၊ မြတ်ဝေ၊ မိုးဆတ် )

ဘလော့ဂ် ကဗျာဆရာများရဲ့နှစ်သစ်ကူး ကဗျာပွဲတော် အစီအစဉ် ၂


ငါနဲ့ငါ့မြို့

ငါမြို့ရဲ့ နာမည်ကို ထုံးစံအတိုင်း
မိုးရေချိန် စာရင်းရဲ့ ထိပ်ဆုံးမှာ တွေ့ရပြန်တယ်။
ဒါပေမယ့် ဘယ်သူမှ အသွားအလာ မပျက်ဘူး။
တုတ်ကွေးသတင်းကို ကြားတော့လည်း
နှာခေါင်းစည်းလေး ခဏကောက်တပ်လိုက်ရုံပဲ။
ငါ့မြို့သားတွေဟာ အနေအစား လုံးဝမပျက်ဘူး။
ဘယ်တုန်းကမှလည်း ငါ့မြို့သားတွေဟာ
ငါ့မြို့သားတွေ အဖြစ်က မပျက်ခဲ့သလိုပဲ။
ဒိုင်ယာနာဖြစ်ဖြစ် မိုက်ကယ်ဂျက်ဆင်ဖြစ်ဖြစ်
ဘယ်သူတွေ ဘာဖြစ်ဖြစ်ပေါ့၊ ငါ့မြို့က ချီးမွမ်းကဲ့ရဲ့ခြင်း ခုနစ်ရက်ပဲ။
အဖြူဖြစ်ဖြစ် အမည်းဖြစ်ဖြစ် ငါတို့လို ကြေးနီရောင်တွေဖြစ်ဖြစ်
“ဘိတ်သားအချင်းချင်း” ဖြစ်နေတော့ ဘာမှမဖြစ်ပါဘူး။
ကမ္ဘာကျော် နာဂစ်တုန်းကလည်း ငါတို့မြို့ကို
မျက်နှာသာပေးသွားတော့ ငါတို့ ဘာမှမဖြစ်ဘူး။
အဲဒါက အခုမှ မဟုတ်ဘူး၊ ငါ့သက်တမ်း တလျှောက်မက
ငါ့အဖိုးရဲ့ အဖိုးနဲ့ အင်္ဂလိပ်တစ်ဝက်၊ ပေါ်တူဂီတစ်ဝက်၊
ဂျပန်နည်းနည်း ပေါက်ဖေါ်နည်းနည်း ဂေါ်ရင်ဂျီ တချို့နဲ့
မြို့စတင်တည်ထောင်စဉ် ကာလအထိ မီးဘေးအန္တရာယ်ကလွဲလို့
ငါ့မြို့ဟာ ဘာမှမဖြစ်ခဲ့ဘူး၊ ဘာမှ မဖြစ်ခဲ့ပါဘူး။
ငါ မွေးဖွားကြီးပြင်းခဲ့စဉ် ကတည်းက ဗီဒီယို အခွေငှားဆိုင်နဲ့
ဟွန်ဒါယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဆိုင်ဘာကဖေးနဲ့
မြန်မာနိုင်ငံရဲ့ အကြီးဆုံး အဏ္ဏဝါပြတိုက်နဲ့
မြန်မာနိုင်ငံရဲ့ အဓိက ထွက်ကုန်များ ဖြစ်သော
ရာဘာနဲ့ ငါးပုစွန်နဲ့ ပင်လယ်ကူး သင်္ဘောကြီးများ
ဝင်ထွက်သွားလာနိုင်သော ဆိပ်ကမ်းနဲ့
မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုရဖူးသူ တစ်ယောက်နဲ့
အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုရဖူးသူ တစ်ယောက်နဲ့
ငါတို့ ဘိတ်သားတွေ ကြီးပြင်းခဲ့သလိုကျန်သော
ပြည်နယ်နှင့် တိုင်းရင်းသားများမှာလည်း
နိုင်ငံကျော် ကဗျာဆရာကိုယ်စီ ရှိကြသည် ဖြစ်ကြသည်လို့
ငါတို့စိတ်နဲ့ နှိုင်းယှဉ်နေထိုင်ခဲ့ပါတယ်။
မိသားစုတွေဟာ အိမ်ကြီးရခိုင်တွေ မဟုတ်ရင်
လုံးချင်း အိမ်လေးတွေနဲ့ နေထိုင်ကြတယ်။
ဆင်းရဲသားဆိုတာ ပျဉ်ထောင်အိမ်နဲ့ နေသူကိုခေါ်တယ်။
ဆွေမျိုးဆိုတာ ခင်ရာမိတ်ဆွေကို ခေါ်တာဖြစ်ပြီး
မိတ်ဆွေဆိုတာ တစ်မြို့တည်းသားကို ခေါ်တာဖြစ်တယ်။
ငါ့ငယ်ဘဝက စိတ်နဲ့နှိုင်းပြီး အထက်မြန်မာပြည်အနှံ့
လည်ပတ်ကြည့်တော့မှ ငါ့မြို့ဟာ ထူးဆန်းသော
တိုင်းပြည်တစ်ပြည်ဆိုတာ သိလာရတယ်။
တခြားသော မြို့သူမြို့သားများအတွက်
ငါဟာ အမည်မသိ သတ္တဝါတစ်ကောင်အဖြစ်
ပဉ္စလက်သရုပ်မှန် ပြောင်းလဲခြင်း ဖြစ်သွားတယ်။
တခြားမြို့ကြီးသားတွေဆီမှာ ဘတ်စ်ကားစီးရတဲ့ ပြဿနာ၊
အဝိဇိရေနဲ့ လျှပ်စစ်မီး ပြဿနာ၊ ထမင်းတစ်နပ်ဟာ ပြဿနာ၊
တစ်ယောက်ပြဿနာကို ဘယ်သူတစ်ယောက်ကမှ အရေးတယူထည့်သွင်း
မစဉ်းစားပေးကြတာကတော့ အကြီးမားဆုံး ပြဿနာပဲ။
ပြဿနာတွေ ငါ မခံမရပ်နိုင်ဖြစ်တိုင်း
ငါ့ဇာတိချက်ကြွေကို ငါ ပြန်လာတယ်။
ကြွေလာတယ်။ ပြန်ကြွေလာတယ်။
ငါ့ဇာတိမြို့ကတော့ ငါ့ကို အမြဲတမ်း နွေးထွေးစွာ ကြိုဆိုလျက်ပဲ။
ပြဿနာတွေများတဲ့ မြို့ကြီးကတော့
သူ့ပြဿနာတွေ ဖြေရှင်းပေးဖို့ ဆူပူအုံကြွရင်းနဲ့ ကျန်ခဲ့စမြဲ။
ဘာပဲဖြစ်ဖြစ်၊ ငါ့မြို့ကတော့ နွေးနွေးထွေးထွေး အေးအေးဆေးဆေးပါပဲ။
ထမင်းဟင်းကို ပူပူနွေးနွေးပဲ စားချင်ကြတယ်။
ဘယ်သူတွေ ဘာဖြစ်ဖြစ်ပေါ့၊
“တပည့်တော်တို့ စက်ရုံပိတ်ရအောင်တော့ မလုပ်လိုက်ပါနဲ့ ဘုရား” လို့ လျှောက်တင်ကြတယ်။
အဲဒီတုန်းကဆို ငါတို့မြို့သားတွေ အေးချမ်းသာယာ၍
ခေတ်မှီဖွံ့ဖြိုးတိုးတက်စွာ နေထိုင်ကြဖို့ကလွဲရင် မင်းကဘာကို စဉ်းစားချင်သေးလဲ?
ကျွန်တော့်မှာ စစ်ဆေးမေးမြန်းခံရတယ်။ ပေးတာယူ ကျွေးတာစားနဲ့
အေးအေးဆေးဆေးမနေတဲ့ ကျွန်တော်ပဲ ပြဿနာတက်ရတယ်။
အခုဆို တောသူဌေးဘဝမှာ သာယာမနေတဲ့
ကျွန်တော်တစ်ယောက်ပဲ ပြဿနာ ဖြစ်ရတယ်။
ထုံးစံအတိုင်း ငါ့မြို့ကတော့ ဘာမှမဖြစ်ဘူး။
ငါးဖမ်းလှေတွေ ထွက်မြဲထွက်လျက်၊ ဇာတ်လမ်းတွဲ အစီအစဉ်နဲ့
တယ်လီဗေးရှင်းတွေ ဖွင့်မြဲဖွင့်လျက်၊ စင်မြင့်ဖျော်ဖြေရေး အစီအစဉ်နဲ့
ရက်စတွန်းရင်းတွေ ဖွင့်မြဲဖွင့်လျက်၊ ဘုရားကျောင်းကန်တွေမှာ စည်ကားမြဲ စည်ကားလျက်၊
မိုးရေချိန် များမြဲများလျက်၊ အေးစက်မြဲ အေးစက်လျက်။
ဟုတ်တယ်၊ ငါအသက်ရှင်လျက် လူသာသေဆုံးသွားတယ်၊
ငါ့မြို့ကတော့ ဘာဆို ဘာမှမဖြစ်ပါဘူး။

မောင်ယုပိုင်
၂၀ဝ၉၊ ဇူလိုင်

မောင်ယုပိုင်ရဲ့ကဗျာတွေကို
http://www.mgyupie.co.cc/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်


* * *


ဇာတ်သိမ်းပိုင်း ထောင့်ကျယ် မျှော် ထောင့်ကျဉ်း

၃၆၀ ဒီဂရီ အကျယ်ကိုထောက်တွေး ဓာတ်ခံတွေ မျှောစာတွဲထားတယ်
အညွှန်းခံများများလိုမယ် မိတ္တူကျဖို့စောင့်နေတာ ထင်ယောင်ထင်မှား
ဘုရားသခင်ကိုလည်း လိပ်မူထားပါ နေရာတကာ ပါတယ် မဟုတ်လား
သိကြားမင်းက သူ့ လက်ခံဖိုင်ထဲ မရောက်သေးဘူး ဒီလိုပဲ ပြောပါတယ်
ဒီအပြင့် ဒီအတိုင်း ဒီလိုတွေပဲ လုပ်နေကြတာတွေ ဒီမှာလာပါ ဒီမှာနားပါ
လူတွေ ပြောပါတယ် ရှင်နေသမျှ မ၀နိုင်ကို ပြောလို့ ဖြစ်နေခဲ့တာ
လွင်ပြင်ဟာ ဘယ်တော့မှ ဆုံးတယ်မရှိတော့ဘူး မသိတာမှ မဟုတ်
သိတာကျတော့ ဟုတ်တာ မဟုတ်ပြန်ဘူး အဟုတ်ပြောတာ
တံခါးကို အပေါ်ဂျက် အောက်ဂျက် အလယ်မှာ ကန့်လန့်ထိုးထားသေးတာ
ဆောင်းက မအေးမှတော့ ကြမ်းကြားလေက ဘာအရေးလုပ်စရာရှိလဲ
ကြောင်တကောင်တည်း ကြွက်အန်ဖတ်တွေက နေရာတကာ အစုအအဖွဲ့
ကျို့တွေထိုးထိုးနေလို့ဗျာ နားကို အသေပိတ် ရေကို ဒလဟောမြိုချ
ဒီနေရာမှာ ယူနီကုဒ်မရဘူး အရပ်လက်သည်တွေ တစ်ဦးပြီးတစ်ဦးဖြန့်ထားတယ်
ဟိုတုန်းက ဦးလေး အခုတော့လည်း အဖိုးကြီးဖြစ်နေပါပြီ
အင်္ဂလိပ်မြန်မာ ဆယ်တန်းအောင်စ အရည်အချင်း တောင်ဆော့မြောက်ဆော့ရုံ
နောက်တယ် ထင်နေတာ အတည်ဖြစ်လည်း နောက်တယ်ထင်နေတုန်း
ခက်ပါတယ် ကလေးတွေက ကြီးလာတယ်မရှိတော့ဘူး ဆိတ်ဦးနှောက်ဖြစ်နေတယ်
စင်္ကြန်လက်မှတ်မဟုတ်ရင် ခရီးသွားလက်မှတ်ပါမှ ၀င်လို့ရတယ် ဒီမှာက
ဂုန်နီအိတ်ကြိုးပဲပေါလို့ ဂုန်နီအိတ်ကြိုးနဲ့ပဲ မြဲအောင်ခိုင်ခိုင် အောင်မြင်နိုင်မှာပါ
ဘယ်ရွေ့ဘယ်မျှတွေ ထည့်ထည့်သုံးနေရ မောတယ်မခံစားရဘူးလား
သစ္စာတရားတောင် ဒေါ့ကွန်းနဲ့နော် ပီဖင်းဂိုးကနေ အလုပ်ပေးတရား
ပေးလည်းရတယ် မဖြစ်နိုင်ဘူးဆိုတာတွေ ထည့်ပြောပြန်ပြီလား
ရသားပဲ ထပ်ပြောကြည့်ပေါ့ အရက်သောက်ရင်လည်း သောက် ကောင်မလေးနဲ့
နှပ်နေတာလည်း မဟုတ်ဘူး ပိုဆိုးကုန်တာ အခုဆို ဘယ်သူမှ မယုံတော့ဘူးတဲ့
လူတွေလည်း ပြောကြပါတယ် မေ့နေတယ်ထင်ပြီး ထပ်ပြောတာ သူတို့ပဲ ထွက်သွားတာ
ငုတ်တုတ်က ငုတ်တုတ်ပဲ အလုပ်ကတော့ရှုပ်ပြတယ် အထုတ်ပြတယ်
မကြားတော့တာလား မကြာတော့တာလားတော့ မသိဘူး
အပတ်စဉ် စနေ၊တနင်္ဂနွေ သတင်းပြီးချိန်တော့ မဟုတ်တော့ဘူး
ကြော်ငြာလိုက် ပေါ်လာလိုက်ပဲ ဇာတ်လမ်းတွဲကြည့်သလို ဘောပွဲ ကြည့်သလိုနဲ့
နောက်တစ်နေ့အစီအစဉ် သင့်အတွက် မနက်ဖြန်က ကျုပ် အတွက် မနက်ဖြန်
ဖြစ်ချင်မှ ဖြစ်မှာ နောက်ဆုံးစကားဆိုရင်တော့ ရွှင်လန်းချမ်းမြေ့ပါစေပဲပေါ့
ပြောစရာက သိပ်မရှိမှပဲ ဒါပဲ ရွှင်လန်း ဒါပဲ ချမ်းမြေ့
နောက်တစ်နေ့ကျတော့ နောက်တစ်နေ့ မနက်ဖြန်ပဲပေါ့
မသေနိုင်သေးဘူးလား။
တောကျောင်းဆရာ
နိုဝင်ဘာ၊ ၂၀၁၀ပြည့်နှစ်။
တောကျောင်းဆရာ၏ကဗျာများကို http://www.openmindblog.info/
မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

* * *


အိပ်မက်တွေဝယ်ပြီး ပြန်လာခဲ့ အစ်ကို

ခေါင်မိုးလေးတွေနဲ့ လမ်းလေးတွေပဲမြင်ရတဲ့ ကွန်ယက်ထဲ နေ့စဉ်နေ့တိုင်း
အစ်ကိုဟာ ကဗျာ Post အသစ်တွေရိုက်ရိုက်ထည့်လိုက် စာမျက်နှာသစ်တွေဖွင့်လိုက်နဲ့
အချိန်တိုင်း မမြင်ရတဲ့ မျက်နှာတွေနဲ့ အရောဝင် အရာလုပ်လို့
ရန်ကုန်မှာ အဆင်ပြေရဲ့လား ချုံးချုံးကျသွားတဲ့ အစ်ကို။
စိတ်ထဲအကြာကြီးတော့ မထားနဲ့
တစ်နေ့က အစ်ကိုပို့လိုက်တဲ့ မုန့်ဖိုးရတော့ ညီလေးတို့မျက်ရည် မြေမကျဘူး
ရင်ဘတ်ထဲ ဆွဲဆုပ်လိုက်သလို ကျသွားတယ် လက်တွေတုန်လို့
ဖေကြီးဆီက “ငါ့သားဆီကဖုန်းလာသေးလား” ဖုန်းထဲမှာအမြဲကြားရသလိုပေါ့
အမေ့မှာ ငါ့သားကြီး ငါ့သားကြီး တဖွဖွရွတ်လို့
ဘုရားစင်မှာ ကြာသပတေးပန်းတွေ ဝေလို့
အစ်မ အိမ်လာလည်တိုင်းလည်း ကုလားထိုင်နှစ်လုံးမှာ တစ်ယောက်တည်း ရပ်နေပြီး
“ညီမ မသိရှိခဲ့သော အစ်ကို့အလွမ်းတွေကို ရှာဖွေနေမိတယ်”ဆိုတဲ့စာသား
အစ်ကို့စာအုပ်စင်ပေါ်က စာအုပ်တွေကြား အမြဲထားထားသွားတယ်။
ဆိုးနေပါလား
စကားပြေမနိုင်နင်းတဲ့ ညီလေးစာကို အဆုံးသတ်ချင်တာတောင်မှ
မိသားစုမေတ္တာကို အဆုံးသတ်လို့မရတော့ဘူး
စွဲလမ်းလွန်းရင် အစွန်းရောက်တယ်ပြောချင်ပြော
အိမ်ဝေးနာရတဲ့အခါ google earth ကမကြည့်ဘဲ
ပေါ်ပင်ပစ္စည်းတွေနည်းရာအရပ်ကို အိပ်မက်ထဲကလို
ပေါင်မုန့်တွေဝယ်ပြီးပြန်လာခဲ့ အစ်ကို
frog skins တွေမရှိပေမယ့် ညီလေးတို့တွေရှိတယ်
မြို့ဦးလမ်းသွယ်(၇)၊ လမ်းပိတ်မြို့လေးပုသိမ်ကြီး။ ။

မြတ်ဝေ
၁၅.၁.၂၀၁၀
frog skins
Posted in Native American Slang on 06 29th, 2009

Origin: Native American Slang
Definition: money
Example: I need to get some frog skins from the bank.
Slang O’ The Day မှ

မြတ်ဝေရဲ့ကဗျာတွေကို ဒီမှာ ဝင်ဖတ်နိုင်ပါတယ်
https://sites.google.com/site/poetmyatwai/home

* * *

နိုဝင်ဘာ အလွဲများ

ငါဟာ
မောင်အောင်ဝင်းအယ်လ်ဘမ်နဲ့ လွဲသလို
သီးလေးသီးနဲ့လွဲတယ်
မစ်ဆ်ကောလ်ပေးသွားတဲ့ ခင်မြတ်နိုးနဲ့လွဲသလို
ခုလေးတင် အပြင်ထွက်သွားတဲ့ ကိုဒီးပုနဲ့လွဲတယ်
ဗစ်ဆရယ်ရီယယ်လစ်ဇင်မ်နဲ့လွဲသလို
အနုပညာသည် ပြည်သူ+အနုပညာ/ဘာမှမဟုတ်အတွက်နဲ့ လွဲတယ်
မှိုင်းရာပြည့်နဲ့လွဲသလို
ဆက်ဖရွန် ရီဗော်လူးရှင်းနဲ့လွဲတယ်
ကြို့ကုန်းက ဆိုဗီယက်ကျောင်းကြီးနဲ့လွဲသလို
တစ်နေ့တလံ ပုဂံဘယ်ပြေးမလဲနဲ့လွဲတယ်
ဟေလီကြယ်တံခွန်နဲ့လွဲသလို
ဂရိဗိုလ်စွဲခဲ့တဲ့ လစ်စဘွန်းတူးသောင်ဇင်ဖောနဲ့လွဲတယ်
စစ်အေးတိုက်ပွဲနဲ့လွဲသလို
လစ်ဘရယ်ဒီမိုကရေစီနဲ့လွဲတယ်
ကိုယ်ကလည်း ၀ယ်နိုင် သူကလည်းရောင်းနိုင်တဲ့ ခန္ဓာကိုယ်တစ်ခုနဲ့ လွဲသလို
ကိုယ်ကလည်းမယူနိုင် သူကလည်းမပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ လွဲတယ်
နောက်ပြီး
ငါဟာ
ဒီဟာကို ရေးဖို့ အကူအညီပေးခဲ့တဲ့ မောင်ချောနွယ်၊ အောင်ချိမ့်၊ နေမျိုးတို့နဲ့လွဲသလို
ဒီဟာကို မရေးဖို့ အတားအဆီးဖြစ်ခဲ့တဲ့ မောင်ယုပိုင်၊ အောင်ပြည့်စုံတို့နဲ့လွဲတယ်..

မိုးဆတ်

မိုးဆတ်ရဲ့ ကဗျာတွေကို တောကျောင်းဆရာဘလော့ဂ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

No comments:

Post a Comment