ဘလော့ဂ် ကဗျာဆရာများရဲ့နှစ်သစ်ကူး ကဗျာပွဲတော် အစီအစဉ် ၁ (ငြိမ်းဝေ၊ သစ်ကောင်းအိမ်၊ မိုးလှိုင်ည)




 ဘလော့ဂ် ကဗျာဆရာများရဲ့ နှစ်သစ်ကူး ကဗျာပွဲတော် အစီအစဉ် ၁


ကျနော့် ဖြတ်စညှပ်စ လရောင်များ 

ဆစ်ပ်ဗီယာ ပလပ် က
ကို ဥသေ လို့ စွပ်စွဲသွားခဲ့တယ်။
ဒါကြောင့်မို့ ထင်ပ
မီးဖိုချောင်ထဲ ဓါတ်ငွေ့ ပိုက်ရှူပြီးသေဆုံးတဲ့အခါ
လရောင်တွေရဲ့ ရယ်သံ
တလောကလုံး ဆူညံသွားဆိုပဲ။

တခါတုန်းက
ငါလည်းပဲ
လရောင်ကို ကောက်သင်းကောက်
လရောင်ကို လက်ချိုးရေ
တိုရေရှားရေ လရောင်မွဲ
တယောက်ထဲ တဖွဲ့ ဖွဲ့ ငိုခဲ့ဖူးတယ်။

လရောင်ဓါးချက်နဲ့ 
သွေးစက်စက်ကျ ဒီလိုအလှ
ငါချစ်လို့  မ၀ခဲ့ဘူး။

သေတဲ့အထိ
လရောင်ကို ရူးသွပ်ခဲ့သူ
လော်ရကာ ကတော့
ငါသေရင် လသာဆောင်ကို ဖွင့်ထားပါလေတဲ့။

ကိုယ့်ကိုကိုယ် သတ်သေခြင်းဟာ
လွတ်လပ်တဲ့ဆန္ဒတဲ့လား
ဒါဆိုရင်
ငါသေတဲ့အခါ
ဒီကမ္ဘာလောကရဲ့ လရောင်ဟူသမျှ
အကုန်သတ်ပြီး
ငါနဲ့ အတူ နိဂုံးချုပ်လိုက်ကြ။


လရောင်ကို
ဘ၀ထက် မက်မေါခဲ့သူ
ပိုင်ချူယီ ကတော့
မြစ်ဝါမြစ်ထဲ ရဲရဲပဲ ခုန်ဆင်းလိုက်တယ်။

အို..ရှင်သေမင်း
လရောင်တွေသာ သယ်လာခဲ့
ငါကတော့ အဆင်သင့်ပဲ။ ။

ငြိမ်းဝေ
၁၁ ၊ ၉ ၊ ၂၀၀၉

ငြိမ်းဝေရဲ့ ကဗျာတွေကို http://sandaywe.blogspot.com/ မှာ ဝင်ရာက်ဖတ်ရှုခံစားနိုင်ပါတယ်


--------------------------



သာမန်ပြည်သူတယောက်


ဘယ်သူ့ဂရုစိုက်ရမှာလဲ
ငါတို့အခုရောက်နေတာ
အရက်သောက်ဖို့နဲ့စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့
ခေတ်ကြီး အခါကြီး သမယကြီဲး
ဆင်ဖြူများရှင်ဖြစ်ရတာလည်း ဒုက္ခ
နိုဗယ်လ်ဆုရှင်ဖြစ်ရတာလည်း ဒုက္ခ
အတွင်းမှာ အပြောင်းအလဲတခုတော့လိုအပ်နေပြီဗျ…
အဲဒါတော့ မင်းပြောမှလား နွားရဲ့
ဒီမှာလည်း အရေးတကြီး
ပေါင်းလက်စမယားကို အသစ်လဲဖို့လိုနေတယ်
စီးလက်စ, ကားကိုအသစ်လဲဖို့လိုနေတယ်
လေပါတယ်
ခင်ဗျားကြီးဟာ အပူသက်သက်
ဒယ်အိုးတင်ပြီးကြော်ရုံပဲ….
အသားတင်ပြီးကင်ရုံပဲ….
အဲဒီမှာ စတွေ့တာပဲ
ဘင်လာဒင်နဲ့ချောစုခင်နဲ့
ဘုန်းကြီးရူးနဲ့ဝိုင်းစုခိုင်သိန်းနဲ့
…..ဒီမယ် မိန်းကလေး
ငါ့ရင်ခွင်ကို မင်းဝင်ချင်ဝင် ထွက်ချင်ထွက်
ဟိုသတ္တဝါရွေးကောက်ပွဲဝင်သလိုမဝင်လေနဲ့…..ဆိုတဲ့
တောပြဇာတ်ထဲကဒိုင်ယာလော့နဲ့
ဥဿဘတွေများလွန်းလို့
ဘယ်နွားနောက်လိုက်ပြီးမြက်စားရမယ်မှန်းမသိတဲ့လောကကြီးပါကွာ
အိုနာကျိုးကန်းကြီး
မြေခွေးအမြီးပြတ်ကြီး
သူ့အမြီးပြတ်နဲ့သူ ယပ်ခတ်လို့ လေချွန်လို့
ဘုရားဖူးထွက်လို့ ချစ်ကြည်ရေးခရီးတွေသွားလို့
ရဲရဲတောက်ကျွန်ုပ်တို့သည်လည်း
ဆိုင်ကယ်တဝီဝီကားတဝီဝီနဲ့
ဘယ်ကိုချီတက်နေသလဲရဲဘော်တို့
ဒီတချီ ညနေစောင်းပြန်တော့
ကမ္ဘာမကြေဘူး သီချင်းဟောင်းတပုဒ်နဲ့ပဲ
ဒီနှစ်ကိုလည်း ဒီအဖြစ်နဲ့ပဲ ခုခံကြပါဦးစို့။ ။


သစ်ကောင်းအိမ်
(၂၅. စက်တင်ဘာ.၂၀၁၀)

သစ်ကောင်းအိမ်ရဲ့ ကဗျာများကို  http://thitkaungeain.blogspot.com/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

 

-----------------------------------------

 

မားသားဘုတ်ခ်တွေ အနည်ကျတဲ့ပင်လယ်


ကွန်ပြူတာဂိန်းစွဲလန်းလွန်းတဲ့ငါးတွေမှာ
အယ်ဇိုင်းမားရောဂါပြန့်ပွားနေပြီတဲ့
ငါးအစစ်တစ်ကောင်ဟာ ပင်လယ်ထဲမှာမရှင်သန်နိုင်လို့
အရေးပေါ်ကယ်တယ်လိုက်ရတဲ့အကြောင်း
သူမနဲ့ချိန်းထားတာက
စကြာဝဠာစံတော်ချိန် 100079
ဝေါလ်ဝှိုက်ဝဘ်ပ် ဒေါ့ ၀ဲလ်ဒင်း ဒေါ့ နတ်က်
အကြီးကျယ်ဆုံးအွန်လိုင်းဝန်ဆောင်မှုကနေ
လက်ထပ်ပွဲတစ်ခုကျင်းပနေတယ်…။
သတို့သားက ဆွန်ဇူးမျိုးဆက် တီမြစ်
တစ်ယောက်ဖြစ်ပြီး
ကူဗလိုင်ခန်နဲ့ဆွေမျိုးနီးစပ်တော်စပ်သူ
စက်တပိုင်းလူတွေအတွက်
ယူရေနီယံချွင်းဂန်းထုတ်လုပ်ရောင်းချတဲ့
မန်းအောဖ်သည်မက်စ် 20025
သတို့သမီး ဂျူပီတာမှာအခြေချနေထိုင်တဲ့
စပိန်မျိုးနွယ်သူဖက်ရှင်မယ်…
အိမ်ထောင်သားမွေးမှုကို နှစ်ဘက်ကုပ္မဏီများ
အသေးစိတ်ဆွေးနွေးကြပြီး….
သမ္မာကျမ်းစာထဲက မီးနဲ့ဆေးကြောတဲ့
အထိမ်းအမှတ်နေ့မှာ လက်ထပ်ပွဲကို
ဂလက်ဆီကွန်ယက်က
ဂြိုလ်ကြီးကိုလုံးကိုတိုက်ရိုက်ပြသနေတာ
ပျင်းပျင်းနဲ့ထိုင်ကြည့်နေတုန်း
5.4.3.2.1.0 Accept
သူမရဲ့ခေါ်ဆိုမှုကိုလက်ခံလိုက်တယ်…
မေတ္တာတရားနဲ့ နှုတ်ခမ်းတွေဆီချိန်ရွယ်တော့
ဆောရီးပါ….
ယူရို (၇) သိန်းတန် အာရုံခံကိရိယာကို
ကျွှန်မလျှာမှာတပ်ဆင်ထားပြီးပြီ
စိတ်ကူးလိုက်ရုံနဲ့ရှင့်အနမ်းတွေကျွန်မရရှိနိုင်မှာ
ရှင်လည်းတစ်ခုလောက်ဆောင်ထားသင့်တယ်…
သွားပြီ…။
အနမ်းတွေရဲ့အကြည်ဓါတ်မရရှိနိုင်တော့ဘူး
ကဗျာဆရာမှာ ၀င်ငွေမရှိတာ
ထောင်စုနှစ်သုံးခုရှိပြီ…

စိတ်ပြေလက်ပျောက် မော်နီတာတွေ
ပေါလောမျောနေတဲ့ ကမ်းခြေဘက်လမ်လျှောက်ထွက်လိုက်တော့
ဟင်းစားရမလားလို့ မျှားကြည့်တဲ့ပင်လယ်မှာ
Motherboard တွေအနည်ကျလို့….။


မိုးလှိုင်ည


မိုးလှိုင်ည ကဗျာများကို http://moehlaingnya.blogspot.com/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

No comments:

Post a Comment