ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာတွေ သေဖို့သာပြင်ပေတော့...

ကဗျာဆရာ လှသန်း(ကြည်မောင်သန်း)ဟာ ၉၀ ခု ကဗျာဆရာများ အနက်က ထင်ရှားတဲ့ ကဗျာဆရာ တစ်ယောက် ဖြစ်ပါတယ်။ စာပေစီစစ်ရေးရဲ့ လက်ချက်နဲ့ မကြာခဏ ကလောင်အမည် ပြောင်းရေး နေရသူလဲ ဖြစ်ပါတယ်။ သူ့ကဗျာများနဲ့ ယခု ဖော်ပြမယ့် အင်တာဗျူးကို ဘလော့အချို့မှာ တင်ထားပြီး ဖြစ်ပေမယ့် BPF Group အနေနဲ့ဗမာ ခေတ်ပေါ်ကဗျာရဲ့ ချန်လှပ်ထားဖို့မဖြစ်နိုင်တဲ့ ကဗျာဆရာ တစ်ယောက်အဖြစ် မှတ်တမ်းတင်ပြီး ဖြစ်စေရန် စိတ်ကြိုက် ကဗျာတပုဒ် နှင့်အတူ တင်ဆက် လိုက်ပါကြောင်း။

Burmese Poetry Foundation group


အေးရာအေးကြောင်း


ယုံသလိုနေခဲ့ပြီ
ကြုံသလိုနေခဲ့ပြီ…။

ဈေးဆစ်ခံလိုက်ရတဲ့ ပန်းချီကားတစ်ချပ်အတွက်
ဈေးဆစ်သူရဲ့ လျှာကိုပဲဖြတ်ရမလား
ပန်းချီဆရာရဲ့ လက်ကိုပဲဖြတ်ရမလား….။

ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…။

ကိုယ့်အကြောင်းကိုမေ့ထားချင်လို့
သူများအကြောင်းလျှောက်ပြောနေတာ..။…။

ကြည်မောင်သန်း
ဖေဖော်ဝါရီ ၁၉၉၉
ရနံ့သစ်


_________



မိစ္ဆာဝိုင်ကိုသောက်ကြည့်ခြင်း(သို့မဟုတ်)ကဗျာဆရာကြည်မောင်သန်းနှင့်တွေ့ဆုံခြင်း

ကဗျာဆိုတာ ပဟေဠိဝှက်တမ်းကစားနေတာမဟုတ်ပါဘူး၊ ဆုံးမစာလိုလို နိတိလိုလို ပညာပေးနေတာလည်း မဟုတ်ပါဘူး၊ စတုရန်းတွေ၊ တြိဂံတွေထဲအပေါစား စာသားထည့်ပြီး ကလေးတွေ တီဗီဂိမ်း ဆော့သလို ဆော့ရတဲ့အရာလည်း မဟုတ်ပါဘူး။ စကားလုံးတွေ လော်မာပြီး အဓိပ္ပာယ်မဲ့ အဆက်စပ်မဲ့ ထင်ရာမြင်ရာ ရေးနေတဲ့ စကားလုံးစွပ်ပြုတ်မဟုတ်ဘူး။

ကျနော်တို့ လူငယ်တွေဟာ ကုန်းဘောင်ခေတ်က ဦးပုည၊ အချုပ်တန်းဆရာဖေတို့ရဲ့ တေးထပ်တွေကိုလည်း တန်ဖိုး အနဂ္ဂထားပေရဲ့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးတွေဟာလည်း နှလုံးသားထဲ ခေတ်အဆက်ဆက် ခုန်ကြွနေပေလိမ့်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တိုရဲ့ ခေတ်စမ်းကဗျာများဟာလည်း ရာစုအဆက်ဆက် ၀င်းပြက်နေပေလိမ့်၊ စာပေသစ်မုခ်ဦးက ဆရာဒဂုန်တာရာ၊ ကြည်အေးတို့ ကဗျာတွေကလည်း ကျနော်တို့သွေးသားထဲ မြစ်ကြီးတမြစ်လို တသွင်သွင် စီးဆင်းနေဆဲပါ။

စာပေပုံသဏ္ဌာန်တရပ်ဟာ အဓိပ္ပာယ်မဲ့ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ (မိဘမဲ့ အဖမဲ့သားတွေ မဟုတ်ဘူး။) ခေတ်ရဲ့ တောင်းဆိုမှုအရ ပေါ်ပေါက်လာတာပါ။ ကျနော်တို့ဟာ ခေတ်စမ်းရဲ့ နောက်မြီးဆွဲ န၀ဂန္ထ၀င်ကဗျာတွေကိုလည်း မပစ်ပယ်ခဲ့ပါဘူး။ ခေတ်နဲ့ အံမ၀င်တော့တဲ့အခါ ရှေးဟောင်းအမွေအနှစ် အနုပညာတွေဟာ ယဉ်ကျေးမှုပြတိုက်ထဲ ခံ့ခံ့ညားညား နေရာယူခဲ့ကြပါတယ်။ အသစ်ကို မြတ်နိုးတဲ့ လူငယ်များဟာ အတားအဆီးတွေ၊ အတန်းအစားတွေ၊ အပိတ်အဆို့တွေကြားက ရုန်းကန်ဖူးပွင့်လာရတာဟာ ဓမ္မတာပဲဖြစ်ပါတယ်။ လူကြီးနဲ့လူငယ် အဟောင်းနဲ့အသစ် ပဋိပက္ခအတွက်ကတော့ ခေတ်တိုင်းမှာ ရှိနေမှာပါပဲ။ ကျနော်တို့ဟာ ဂန္ထ၀င်ကဗျာတွေကို မပစ်ပယ်ခဲ့ပါဘူး။ နှလုံးသားထဲက မြတ်မြတ်နိုးနိုး တန်ဖိုးထား သိမ်းဆဲထားဆဲပါပဲ။

ကနေ့ ခေတ်ပေါ်ကဗျာကို စူးရှထက်မြက်စွာ တစိုက်မတ်မတ် ရေးဖွဲ့နေသူကတော့ ကဗျာဆရာကြည်မောင်သန်းပဲ ဖြစ်ပါတယ်။ ကြည်မောင်သန်းရဲ့ မိုးဝေမဂ္ဂဇင်း ၁၉၈၂ မှာ ‘ပေါင်ချိန်ကြစို့’ ကဗျာကို မှတ်မှတ်ရရ စတင် ဖတ်ဖူးခဲ့ပါတယ်။ ၁၉၈၉ နောက်ပိုင်းမှာတော့ ကြည်မောင်သန်းရဲ့ နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ စကားလုံးခွန်အားတွေဟာ ကဗျာဖတ်သူရဲ့ သွေးကြောထဲ စိုက်ထိုးလိုက်သလို ပူနွေးသွားပြီး အလင်းတခု ပွားလာသလို ခံစားခဲ့ရပါတယ်။ ကြည်မောင်သန်းရဲ့ ကဗျာတွေထဲက ‘လက်’ ‘ရေသူမနဲ့ ညစာစားခြင်း’ ကဗျာတွေဟာ ကဗျာဖတ်သူရင်ထဲကို စွဲထင်ကျန်ရစ်ခဲ့တဲ့ ကဗျာတွေပဲဖြစ်ပါတယ်။ ကဗျာဆရာကြည်မောင်သန်းရဲ့ သွေးခုန်နှုန်းကို တိုင်းထွာနိုင်ဖို့ ပန်းအလင်္ကာစာမျက်နှာပေါ်မှာ တင်ဆက်လိုက်ပါတယ်။

ပထမဦးဆုံး ကဗျာဆရာအဖြစ် ရွေးချယ်ပုံကို သိပါရစေ။
ဖြေ - ကဗျာဆရာအဖြစ်ကို ရွေးချယ်ခဲ့ခြင်းမဟုတ်ပါ။ ငယ်စဉ်ကတည်းက စာတွေဖတ်၊ ကဗျာတွေဖတ်၊ သီချင်းနားထောင်၊ ဂစ်တာတီး၊ ရုပ်ရှင်တွေကြည့်ရင်း အလယ်တန်းကျောင်းသားဘ၀မှာ ကဗျာရေးချင်စိတ် ပေါ်လာပြီး ကဗျာတွေစမ်းရေး၊ မဂ္ဂဇင်းတွေကို ကဗျာတွေ လှမ်းပို့ဖြစ်ပါတယ်။ အဲဒီအချိန်က ရှုမ၀၊ မိုးဝေ၊ ဖေဖော်ဝါရီလ မိုးဝေမဂ္ဂဇင်းမှာ ‘ဆူးလေဘုရားလမ်းရဲ့ ရာဇ၀င်’ ဆိုတဲ့ ကဗျာကို ပထမဆုံး ပုံနှိပ်ဖော်ပြခံရပါတယ်။ အဲဒီတုန်းက စာမူခ မရပါဘူး။ စာအုပ်လက်ဆောင်ပဲ ရပါတယ်။ အဲဒီလိုနဲ့ ကဗျာတွေ ဆက်ရေး၊ မဂ္ဂဇင်းတေါကို စာမူဆက်ပို့ဖြစ်ပါတယ်။ အပယ်ခံရတာလည်း ရှိ၊ ဖော်ပြခံရတာတွေလည်း ရှိပါတယ်။ ဘ၀မှာ အသက်မွေးဝမ်းကျောင်း အလုပ် အမျိုးမျိုး ကျင်လည်ခဲ့ပေမယ့် ကဗျာရေးချင်စိတ် တစ်ခုတည်းနဲ့ ကဗျာတွေ ရေးနေခဲ့တာပါ။ ရေးချင်တဲ့အခါလည်းရေး၊ မရေးချင်တဲ့အခါလည်း မရေး၊ မဂ္ဂဇင်းတွေဆီ ပို့ချင်တဲ့အခါလည်း ပို့၊ မပို့ချင်တဲ့အခါလည်း မပို့ဘဲ နေခဲ့ပါတယ်။ တက္ကသိုလ်ရောက်မှ ကဗျာရေးမယ်၊ ဘွဲ့ရမှ ကဗျာရေးမယ်၊ ပင်စင်ယူပြီးမှ ကဗျာရေးမယ်၊ ပုံမှန်ဝင်ငွေရှိမှ ကဗျာရေးမယ်၊ ဘ၀မှာ ဘာလုပ်လုပ် အဆင်မပြေတော့မှ ကဗျာရေးမယ်၊ လူရင်ဝင်ချင်လို့ ကဗျာရေးမယ်၊ ဘ၀မှာ ဘာလုပ်လုပ် အဆင်မပြေတော့မှ ကဗျာရေးမယ်၊ လူရာဝင်ချင်လို့ ကဗျာရေးမယ်။ တွေ့ကရာတွေ လျှောက်ရေးပြီး ကလောင်နာမည် လူသိမှ ကဗျာရေးမယ် စသည်ဖြင့် ရွေးချယ်ခဲ့ခြင်း လုံးဝမဟုတ်ပါ။ တစ်ဆက်တည်း ဆက်ပြောရရင် ကဗျာရေးလာတာ ပုံနှိပ်စာလုံး စဖြစ်ချိန်က စ ရေတွက်ရင် ၂၄ နှစ်ကျော် ရှိပါပြီ။ ကိုယ့်ကိုယ်ကိုယ် ကဗျာဆရာလို့ မခံယူရဲသေးပါ။ ကဗျာဆရာဆိုတာ ကဗျာဖတ်သူနဲ့ အချိန်ကာလက သတ်မှတ်ပေးပါလိမ့်မယ်။ ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် ကဗျာရေးသူလို့ပဲ ခံယူပါတယ်။

လေးစားအားကျခဲ့တဲ့ ပြည်တွင်းပြည်ပ ကဗျာဆရာတွေကို ပြောပြပါလား။
ဖြေ- ပြောရရင်တော့ ဖတ်ဖူးသမျှ ဂန္ထ၀င်ကဗျာဆရာအားလုံးကို ကြိုက်ပါတယ်။ သူတို့က သေချာပြီးသားမို့ပါ။ ကြိုက်ခဲ့တာတွေကတော့ အများကြီးပါ။ ပြည်တွင်းကဆို ဂန္ထ၀င်ရော၊ ခေတ်စမ်းရော၊ တာရာခေတ်၊ မိုးဝေခေတ်ကနေ ဒီနေ့ကဗျာတွေအထိ ကြိုက်တာတွေ အများကြီးပါ။ စိတ်ထဲပေါ်ပေါက်သလောက် ပြောရရင် ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ၀ံသ၊ ရှင်ဥတ္တမကျော်လည်း ကြိုက်တာပဲ၊
ဦးကြင်ဥ၊ ဦးကြော့လည်း ကြိုက်တာပဲ။
စိန္တကျော်သူဦးသြ၊ ၀န်ကြီးပဒေသရာဇာလည်း ကြိုက်တာပဲ။
ဖိုးသူတော်ဦးမင်း၊ လူဦးမင်းတို့လည်း ကြိုက်တာပဲ။
ဦးပုည၊ အချုပ်တန်းဆရာဖေလည်း ကြိုက်တာပဲ။
သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့လည်း ကြိုက်ပါတယ်။
ဒဂုန်တာရာ၊ ကြည်အေး၊
ဒေါင်းနွယ်ဆွေ၊ နေသွေးနီ၊
မင်းလှညွန့်ကြူး၊ ကြည်လင်၊
ကန်မြဲအေးကျော်၊ ၀င်းဖေ၊
မောင်သင်းခိုင်၊ မောင်လေးအောင်၊
မောင်ယဉ်မွန်၊ ဖော်ဝေး၊
သုခမိန်လှိုင်၊ မောင်ချောနွယ်၊
အောင်ချိမ့်၊ မြေချစ်သူ၊
မောင်လူမှိန်၊ သစ္စာနီ၊
ဇော်(ပျဉ်းမနား)၊ မအိ၊
မောင်ခိုင်မာ၊ ပိုင်စိုးဝေ၊
မောင်သင်းပန် (နာမည်တွေ ကောက်သင်းကောက်နေရလို့ တချို့ လေးစားအားကျပေမယ့် မေ့နေတဲ့ ကဗျာဆရာတွေ ခွင့်လွှတ်ပါ)။

ပြည်ပကဆိုရင်လည်း (ဘာသာပြန်တွေကတဆင့်) ရှိတ်စပီးယား၊ ဒန်တေ၊ ဂွယ်ထည်၊ တဂိုးတို့လည်း ကြိုက်တာပဲ။ မာယာကော့ဖ်စကီး၊ နီရူဒါ၊ ဘားတော့ဗရက်၊ အိုက်ကျင့်လည်း ကြိုက်တာပဲ။ အိလိယော့၊ ဒလန်တောမတ်လည်း ကြိုက်တယ်။ အော်ဒင်၊ စီဒေးလူးဝစ္စ၊ စတီဖင်စပါဒါလည်း ကြိုက်တာပဲ။ အမေရိကန်က အလန်ဂျင်းစဘတ်၊ ရုရှက ယက်ဖတူရှင်ကို၊ ဘောစနက်စင်စကီး၊ ပြင်သစ်က ဂျက်ကွက်ပရေးဗား၊ ဂျာမနီက အိုက်ဇင်ဘာဂျာ၊ အီတလီက ကွာစီမိုဒို၊ အရှေ့ဥရောပက ဟိုးလမ်၊ ပိုပါ၊ ဟားဘတ်တို့လည်း ကြိုက်ပါတယ်။ နောက် အိုက်ယာလန်က ရှေးမတ်စ်ဟေနီ၊ မက္ကစီကိုက အောက်တိုဗီယိုပါဇ် စသည်ဖြင့် ကြိုက်ပါတယ်။ နောက် တောင်အာဖရိက၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားက အမည်မမှတ်မိတော့တဲ့ မော်ဒန်ကဗျာဆရာတွေကိုလည်း ကြိုက်ပါတယ်။

ဘယ်လိုစာမျိုးကို ဇောင်းပေးဖတ်ပါသလဲ။
ဖြေ- စာနဲ့ပတ်သက်ရင် အစုံဖတ်ပါတယ်။ လက်လှမ်းမီသရွေ့ အချိန်ရှိသရွေ့ပေါ့ဗျာ။ သိုင်းဝတ္ထု၊ တက်ကျမ်းနဲ့ ဆုံးမစာတွေကလွဲရင်ပေါ့ဗျာ။ သမိုင်းစာအုပ်တွေ၊ အတ္ထုပ္ပတ္တိစာအုပ်တွေလည်း ကြိုက်ပါတယ်။ ၀တ္ထုတိုပေါင်းချုပ်တွေကို ဖတ်သလို ၀တ္ထုရှည်ကြီးတွေကိုလည်း အချိန်ပေးဖတ်ပါတယ်။ ဘက်စ်ဆဲလားတွေကိုလည်း အချိန်ရရင် အင်တာတိန်းမင့် အနေနဲ့ ဖတ်ပါတယ်။ ရုပ်ပြတို့၊ ကာတွန်းတို့လည်း ဖတ်ပါတယ်။ အက်ဆေးနဲ့ ကဗျာကတော့ ဦးစားပေးပေါ့ဗျာ။ တစ်ခါတစ်ရံ အမျိုးသားစာပေကို ဖတ်ပါတယ်။

ကဗျာတပုဒ်ရဲ့ အသက်နဲ့ ပန်းတိုင်က ဘာလဲ။
ဖြေ- ကဗျာတစ်ပုဒ်ဟာ အနုပညာမြောက်စွာ ဆွဲဆောင်မှုရှိပြီး ကဗျာဖတ်သူကို ကျေနပ်ခံစားစေရရင် လိုရင်းရောက်တယ် ထင်တာပဲ။

ပုံသဏ္ဌာန် နဲ့ အကြောင်းအရာ ဘာက ပိုအရေးကြီးပါသလဲ။
ဖြေ- ဘယ်ဟာကမှ ပိုအရေးမကြီးပါဘူး။ လိုက်လျောညီထွေ ဖြစ်ဖို့ပဲ လိုပါတယ်။

ပို့စ်မော်ဒန်ကဗျာတွေက ဗဟိုချက် မဲ့ရမယ်လို့ တချို့က ပြောကြတယ်။ အခု ကိုကြည်မောင်သန်းရေးနေတဲ့ ကဗျာတွေက ခင်ဗျားရဲ့ဘ၀ကို ဗဟိုချက်ပြုရေးနေတာ မဟုတ်ဘူးလား။
ဖြေ- ပို့စ်မော်ဒန်ကဗျာတွေနဲ့ ပတ်သက်ရင်တော့ တတ်ကျွမ်းနားလည်တဲ့ လူတွေဆွေးနွေးပြောဆိုကြပါစေ။ ကျွန်တော့ကဗျာတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ရေးချင်သလို ရေးပါမယ်၊ တခြားဟာလည်း ရေးချင်ရေးပါတယ်။

ကိုကြည်မောင်သန်းက ကဗျာဆရာ ဖြစ်မလာရင် ဘာဖြစ်လာမယ် ထင်ပါသလဲ။
ဖြေ - ကျွန်တော့အနေနဲ့ကတော့ ကဗျာရေးသူ ဖြစ်မလာရင် ကဗျာဖတ်သူတော့ ဖြစ်နေမှာပဲ။

ကနေ့ခေတ်ပေါ်ကဗျာဟာ အရှိန်အဟုန်နဲ့ စီးဆင်းနေသလား။ ရေစီး တန့်နေပါသလား။
ဖြေ - ကနေ့ ခေတ်ပေါ်ကဗျာဟာ အရှိန်အဟုန်နဲ့လည်း မစီးဆင်းပါ။ ရပ်တန့်ခြင်းလည်း မရှိပါ။ ပုံမှန် စီးဆင်းနေတယ်လို့ပဲ မြင်ပါတယ်။

ကဗျာရေးမယ့်လူငယ်တွေကို ဘာပြောချင်သလဲ။
ဖြေ - များများဖတ်၊ နည်းနည်းရေး။

ကိုကြည်မောင်သန်းရေးတဲ့ ‘လက်’၊ ‘ရေသူမနဲ့ ညစာစားခြင်း’၊ ‘အာရှတိုက်ရဲ့တနေရာ’၊ ‘တောင်အမေရိကကို သွားချင်တယ်’ ကဗျာတွေထဲက ဘယ်ကဗျာကို ပိုပြီး အားရသလဲ။
ဖြေ - ကိုယ့်ကဗျာတွေ ကိုယ်ပြန်ဖတ်ပြီး တခါတလေ အားရသလိုပဲ၊ တခါတလေတော့လည်း အားမရဘူး။

ကိုကြည်မောင်သန်း ကဗျာလုံးချင်းထုတ်ဖို့ အစီအစဉ် ရှိ မရှိ သိပါရစေ။
ဖြေ - အခြေအနေပေးတဲ့ တနေ့ပေါ့ဗျာ။ ခုထက်ထိ မောင်လေးအောင် တကိုယ်တော် ကဗျာလုံးချင်း မရှိသေးဘူး။ မောင်လူမှိန်လည်း မရှိသေးဘူး။ ဖော်ဝေးတို့၊ မြေချစ်သူတို့တောင် ကွယ်လွန်ပြီး တော်တော်ကြာမှ ကဗျာလုံးချင်းတွေ ထွက်လာကြတာပါ။ ကဗျာရေးတဲ့သူအတွက် ကဗျာလုံးချင်း ရှိရင်လည်း ကောင်းပါတယ်။ မရှိရင်လည်း ဘာမှ မဖြစ်ပါဘူး။


ကိုကြည်မောင်သန်းနဲ့ ခေတ်ပြိုင်ထဲက ကြိုက်တဲ့ကဗျာဆရာတွေက ဘယ်သူတွေလဲ။
ဖြေ - မောင်ပြည့်မင်း၊ ခင်အောင်အေး၊ နေမျိုး၊ မိုဃ်းဇော်၊ ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ဇော်ယုပိုင်၊ မင်းနိုင်သား၊ ကြည်ဇော်အေး၊ နောက် မဂ္ဂဇင်းကို ကဗျာ ဘယ်တော့မှ မပေးတဲ့ ကျောက်ဆည်က တည်ဘွားဦး၊ မှော်ဘီက ၀င်းဇော်လွင်။

စတုဂံတွေ၊ တြိဂံတွေထဲမှာ စာတွေသွပ်ပြီး ပို့စ်ကဗျာလို့ ပြောနေတဲ့ လူတွေကို ကိုကြည်မောင်သန်း ဘယ်လိုမြင်ပါသလဲ။
ဖြေ - သူတို့လုပ်ချင်တာ လုပ်ကြပါစေ။ အပေါ်လီနဲ့တို့လည်း လုပ်ခဲ့တာပဲ။ ၀ါသနာပါသူတွေ လုပ်ချင်တာ လုပ်ကြပါစေလေ။

ကိုကြည်မောင်သန်းဟာ ‘မန္တလေး ထန်းရိပ်ညိုဆု’၊ ‘ပျဉ်းမနားအလယ်ရိုးမဆု’၊ ‘ဦးဝင်းငြိမ်းရဲ့ ရွှေအမြုတေစာပေဆု’ တွေ ရထားတဲ့ ကဗျာဆရာတဦး အနေနဲ့ ဆုပေးတာနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အမြင်ကို သိပါရစေ။
ကျနော် ၁၉၉၈ မှာ ‘မန္တလေးစာဖတ်သူများရဲ့ အကြိုက်’ ကဗျာဆု (ထန်းရိပ်ညိုဆု မဟုတ်သေးပါ)၊ ၂၀၀၆ မှာ ‘အလယ်ရိုးမကဗျာဆု’၊ ၂၀၀၆ မှာပဲ ‘ရွှေအမြုတေကဗျာဆု’တွေကို ရခဲ့ပါတယ်။ ဆုပေးတယ်ဆိုတာ ကျနော်တို့ အနုပညာကို အသိအမှတ်ပြုတာပါပဲ။ အဲဒီအတွက် ၀မ်းသာပါတယ်။ ငွေလည်းရတော့ ကောင်းပါတယ်။ ဒါပေမယ့် ဆုရလို့ဆိုပြီး ဘ၀င်မြင့်စရာ၊ ကြီးကျယ်စရာအကြောင်း မရှိပါ။ ဆုမရပေမယ့် တော်တဲ့ ကောင်းတဲ့ ကဗျာဆရာတွေ၊ ကဗျာတွေ အများကြီးပါ။ ရုပ်ရှင်သရုပ်ဆောင်တွေကတော့ အကယ်ဒမီရပြီးရင် အနုပညာကြေး ပိုရတယ်လို့ ကြားဖူးပါတယ်။ ကဗျာဆုရပြီးတဲ့ ကဗျာရေးသူကတော့ ကဗျာစာမူခ ပိုတောင်းလို့ မရဘူးဗျို့။ ။

အောင်ဘညို
ဒီဇင်ဘာ ၁၄၊ ၂၀၀၈

မိုးမခ-မှ ကူးယူဖော်ပြသည်။
(မူရင်း - ပန်းအလင်္ကာ မဂ္ဂဇင်း)

No comments:

Post a Comment