ကျမ ကလစ်တယ် အဲဒါကြောင့် ကျမ တည်ရှိတယ်


မင်စော်နံ မနက်သတင်းစာကို ဖြန့်ဖတ်မယ့်အစား အနံ့မထွက်တဲ့
အင်တာနက်ကိုအရုဏ်ဦးမှာ ကျမ ဒဗ္ဗလ် ကလစ်လိုက်တယ်
သတင်းစာ ပုံနှိပ်စာမျက်နှာအတိုင်း ဖော်ပြတဲ့ PDF ကို ကလစ်လိုက်တယ်
ရေတိုနိုင်ငံခြားကြွေးမြီ ဒေါ်လာ ၅၀,၀၀၀,၀၀၀,၀၀၀
တစ်ခါ ကလစ်လိုက်တိုင်း သတင်းစာ စာမျက်နှာ ပြောင်းသွားတယ်
ကမ္ဘာကြီးကို ဆက်တိုက် ကလစ်လိုက်တယ်
ကလစ်တစ်ချက်မှာ ကမ္ဘာတစ်ခု ပြိုလဲသွားပြီး နောက်တစ်ခု တက်လာတယ်
နေလုံးပေါ်လာတယ် နေလုံးထဲမှာလဲ chip တစ်ခုထည့်ထားတယ်။
စာမျက်နှာ ၁၂ မျက်နှာပါရှိတဲ့ ဆောင်းပါးတစ်ပုဒ်ကိုကြည့်လိုက်တယ်
‘လက်မောင်းထဲက နဗ်ကြောအဆောက်အအုံထဲအစားထိုး ထည့်သွင်းထားတဲ့
microscopic electrodeတွေ သယ်ဆောင်လာတဲ့ ခန္ဓာ ထဲကFiber optics
wireless signal တစ်ခုနဲ့ ကွန်ပြူတာဟာ အဆက်အသွယ်ရလိုက်တယ်’
ပထမဦးဆုံးလူသား ရိုဘော့တ်ကို စိတ်ကူးကြည့်ခဲ့သူ ကက်ဗင် ဝေါရစ်က်ရဲ့
ဝက်ဘ်ဆိုဒ်ကို ကလစ်လိုက်တယ်ကျမဟာ အဲဒီ ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်လည်ပတ်သူ
၂၈,၄၁၂ ယောက်မြောက်
အဲဒီထဲ ကျမ ထည့်သွင်းချင်လိုက်တဲ့ မျိုးဗီဇတစ်ခုရှိတယ်
ညာဘက်လက်ညှိုးနဲ့ မောက်စ်ကို လျှောက်ရွှေ့ပြီး ကျမ အီးမေးလ်ကို
ကလစ်လိုက်တယ်
ညက မက်ဆေ့ခ်ျတစ်ခု ဝင်နေတယ် တိုရွန်မြို့က ပို့လိုက်တဲ့ အတက်ခ်ျဖိုင်ကို
ကလစ်လိုက်တယ်
နှင်းဆီနီရဲတွေ ပွင့်ချပ်တွေကနေ နှင်းပေါက်ကလေးတွေ ကျနေတယ်
အဖြူရောင်စည်းရိုးထဲမှာ ဝေဆာပွင့်ဖူးလို့ အခကြေးငွေပေးစရာမလိုတဲ့ အင်တာနက်ဖုံးရဲ့
dial pad ကို
ကျမ ချက်ခြင်း ကလစ်လိုက်တယ် K ရဲ့ ဖုန်းနံပါတ်ကို ကလစ်လိုက်တယ်
၆၅၈၉ မိုင် အကွာအဝေးကနေ အဆက်အသွယ်ရသွားတယ်
ကျမကိုယ်တိုင်ဟာ တစ်ယောက်ယောက်သွင်းထားတဲ့ပရိုဂရမ်
ဖြစ်ကောင်းဖြစ်လိမ့်မယ်
ညာဘက်လက်နဲ့ မောက်စ်ကို လျှောက်ရွှေ့ပြီး စာပေ အနုပညာကို
ကျမ ကလစ်လိုက်တယ် စာနယ်ဇင်းတွေ ကျမ ကလစ်လိုက်တယ်
အနုပညာစာပေ ဝက်ဘ်ဇင်း ဝတ္ထုရဲ့ ဧပြီလထုတ်ကို ကလစ်လိုက်တယ်
ဝတ္ထုမျက်နှာဖုံးပေါ်မှာ ‘မင်းသားလေး’
မင်းသားလေးက ပြောတယ် ‘သဲကန္တာရဟာ လှပတယ်
ဘာကြောင့်လဲ ဆိုတော့ သဲကန္တာရဟာ စမ်းချောင်းလေးကိုဝှက်ထားလို့’
သူ့အနီးပါတ်ဝန်းကျင်က မြင်ကွင်းတွေ အဆက်မပြတ် ပြောင်းလဲတယ်
ဝင်းဒိုးကို ပိုချဲ့လိုက်တယ် အင်တာနက် စာအုပ်ဆိုင် အာလာဒင်ကို
ကလစ်လိုက်တယ် ထုတ်ဝေလိုက်တဲ့ စာအုပ်သစ်စာရင်းကို ကြည့်တယ်
ပေါလ် အက်စတာရဲ့ ‘ကံအကြောင်းတိုက်ဆိုင်မှု ဂီတ’ ကို ၂၀ လျှော့ဈေးနဲ့
မှာဖို့ ကျမ ကလစ်လိုက်တယ်
ပြီး..၁၅ လျှော့ဈေးနဲ့ရတဲ့ ရနေး ဂျီရာ့ဒ်ရဲ့ ‘အကြမ်းဖက်မှုနှင့်
ဘာသာရေး အလေးအမြတ်ထားအပ်မှု’
ကျမ ဝင်းဒိုးရဲ့ အပြင်ဘက်မှာ ခြံထွက်သီးနှံတွေ သယ်ဆောင်လာတဲ့
ကုန်တင်ကားထဲ
လောကီ အဖြစ်အပျက်တွေ အချင်းချင်း ဆောင့်မိ တိုက်မိ နေကြတယ်
၎ ချက် စည်းဝါး နရီအတိုင်း ကုန်းချပ် ကုံးချပ် ကုန်းချပ် ဂျာ ကုန်းချပ်
အဲဒီ နရီကို ကျမ ဆက်ယူရင်း အဲဒီ ကုန်တင်ကားရောက်နေတဲ့ လမ်းကို
အားအားလျားလျား ကြည့်လိုက်တယ် မြေပုံကို ကလစ်လိုက်တယ်
ဆိုးလ်မြို့က ထွက်တဲ့ လမ်းကြောင်းတစ်ကြောင်းနောက်လိုက်သွားတယ်
ဝှာအုံ ဘုရားရှိခိုးကျောင်းဆီ ရောက်သွားတယ်
ဘုရားရှိခိုးရာ အတွင်းခန်းရဲ့ရှေ့မှာ ခင်းကျင်းထားတဲ့ ဂျပန်ဖယောင်းပန်းတွေကနေ
သစ်သားခေါင်းလောင်းသံဟာ ဖြန့်ကျက်ထွက်လာတယ်
လက်အုပ်ချီပြီး ဘုရားစာ ဆိုလိုက်တယ်
ချိရိ တောင်တန်းမှာ ဆောက်ထားတဲ့ ကွန်ဒိုတစ်လုံးကို ၆၀ လျှော့ဈေးနဲ့
ဝယ်လို့ရမယ့် ကူပွန်ကို ကျမ ကလစ်လိုက်တယ်
ပရင်တာအောက်ကနေ ကျမဒူးပေါ် ဂျပန်ဖယောင်းပန်းပွင့်ချပ်လို
ကူပွန်တစ်ခု ကျလာတယ် ဂျပန်ဖယောင်းပန်းပွင့်ချပ်မှာ ပါရှိတဲ့
I ကို ကျမ ကလစ်လိုက်တယ်
သုညတွေနဲ့ ဆိုက်ဒ်ပေါင်း ၁၇၇ ခု ပေါ်လာတယ်
I အတွက် ရှာဖွေတွေ့ရှိချက်ရလဒ် ဒါပေမယ့် I (ကျမ) ဘယ်မှာလဲ
I ကို ရှာရင်း ဆိုဒ်တစ်ခုစီကို ကလစ်ကြည့်တယ်
India အရူးရုပ်ရှင်ကား I…splIt  I ဘက်က ကွာရှင်းတယ်
I တစ်ယောက်တည်း တရားစွဲမလား ကုမ္ပဏီလုပ်ငန်း
I ပြောပြချင်သော ဇာတ်လမ်းများ နဲ့ ကမ္ဘာမြေကြီး
ဘို့ နှစ်လုံးပါရှိတဲ့ ကုလားအုတ်တွေရဲ့ ခွာကလစ်သံကို ကျမ ကြားတယ်

အနီးအနားမှာ အိုအေစစ်တစ်ခု
ဆက်ပြီး ကျမ ကလစ်လိုက်တယ်
အဲဒါကြောင့် ကျမ တည်ရှိတယ်။           ။

ရီဝန်း (တောင်ကိုးရီးယား)
၂၀၀၄

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင်ဖော်ပြပါရှိသော
ဇေယျာလင်း၏ “ ခေတ်ပြိုင်ကဗျာကို ချဉ်းကပ်ခြင်း ၁ ” မှ


No comments:

Post a Comment