နွေဦးပေါက်ရင်
(ကဗျာဆရာစိတ်ကူး)
နွေဦးပေါက်ရင်
ကြက်တူရွေးတစ်ကောင်မွေးမယ်
သူ့ကို စကားတစ်ခွန်းတည်းသင်ပေးမယ်
““ဆာတယ် ဆာတယ်””လို့။
နွေဦးပေါက်ရင်
အော်စတင်ကားလေးမောင်းမယ်
ဟစ်တလာမိန့်ခွန်းပြောသံကို
ကားဟွန်းသံအဖြစ်တပ်ဆင်ထားမယ်
တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်။
နွေဦးပေါက်ရင်
သစ်ရွက်ကြွေတွေလိုက်ကောက်မယ်
သစ်ရွက်ကြွေတွေပေါ်မှာ
အင်္ဂလိပ်ဘာသာနဲ့
မင်းနာမည်ကို ငါရေးမယ်။
နွေဦးပေါက်ရင်
ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
ပုံပြင်တွေ အော်ဖတ်မယ်
စိတ်ကောင်းလည်း ၀င်မယ်။
နွေဦးပေါက်ရင်
ပြဇာတ်တစ်ပုဒ်ရေးမယ်
စုဘူးလေးကိုခွဲမယ်
ပြားစေ့လေးတွေ ရေတွက်မယ်။
တကယ်လို့ တော်တော်နဲ့နွေဦးမပေါက်သေးရင်လည်း
ကိစ္စမရှိပါဘူး
ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာသွားပေါင်မယ်
ပြီးတော့ ခပ်ဟောင်းဟောင်းစောင်တစ်ထည်
ဝယ်ခြုံနေမယ်ကွယ်။ ။
နေမျိုး
ဤကဗျာကို ငြိမ်းအေးအိမ်ရဲ့face book notes ဒီမိုကရေစီရရင် မှ ကူးယူ ဖော်ပြသည်။
----------
သူနဲ့ငါ
ငါက သစ်ပင်အကြောင်းပြောတော့
သူက လွှအကြောင်းပြောတယ်
ငါက ပင်လယ်ငါးတွေအကြောင်းပြောတော့
သူက ပိုက်ကွန်ကြီးတွေအကြောင်းပြောတယ်
ငါက မိုးတိမ်အကြောင်းပြောတော့
သူက စီးကရက်မီးခိုးတွေအကြောင်းပြောတယ်
ငါက ဂွတ်ဒ်ဟုပ်အငူအကြောင်းပြောတော့
သူက ဆိုက်ဗေးရီးယားအကြောင်းပြောတယ်
တော်ပြီ
ငါ ဘာမျှမပြောတော့ဘူး
သူက ပြောပြနေပြန်ရဲ့
သော့တွေအကြောင်း။ ။
မိတ်ဆွေများခင်ဗျား
အဲ့ဒီလူကိုလမ်းမှာတွေ့ရင် သော့အကြောင်းဆက်ပြောချင်ရင်ဖြင့် သော့ပြင်ကုလားဆီသွားပြောဖို့လမ်းညွှန်ပေးလိုက်ကြစမ်းပါဗျာ။
ဒီလိုစွမ်းဆောင်ရည်မျိုး၊ ဒီလို ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့လူတွေကို ကျွန်တော်တို့က ဘာကိုယုံကြည်ပြီး ကျွန်တော်တို့ကိုယ်စား ခင်ဗျားက တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပါဗျာလို့ ထိုးအပ်ရမတဲ့တုန်း။ လူတွေကိုများ အချဉ်မှတ်လို့။
နေမျိုး
ဤကဗျာကို ငြိမ်းအေးအိမ်ရဲ့ face book notes မနေ့က ပါးစပ်အမြှုပ်တစီစီထွက်အောင် အတင်းကာရောမဲလာဆွယ်နေတာနဲ့ ဒီကဗျာလေးပေးဖတ်လိုက်တယ်။ မင်းနဲ့ငါ။ မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment