မူးနေတဲ့ ကြယ်တံခွန် ၃ ပုဒ်



ကဗျာဆရာ ပိုင်စိုးဝေ ရဲ့ ကဗျာ ၃ ပုဒ်ကို burmesepoetryfoundation group မှ အမှတ်တရ
တင်ဆက်လိုက်ပါတယ်၊ ခေတ်ပေါ်ကဗျာ ခေတ်ဦးကာလကနေ မနေ့တစ်နေ့ကအထိ တောက်လျှောက်
ကဗျာများ ရေးသားလာခဲ့ အစဉ်အလာရှိတဲ့ ကဗျာဆရာတဦးအဖြစ် မမေ့မလျော့ ဖော်ပြရမယ်လို့
ခံယူပါတယ်။


ရီဟာဇယ်ည

တစ်ရက်ပြီး တစ်ရက်
အသက်ကကြီးကြီးလာတော့
ကျက်ထားတဲ့ မီးနင်းတွေ တဖြည်းဖြည်းမေ့ရ။

ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ
အမေးခံရတဲ့ အခါ
လူရဲ့ ဇီဝဖြစ်တည်မှုပုံစံကို
သံသယ ဖြစ်မိရဲ့။

များများကြီး တွေးခေါ်မိတော့
နည်းနည်းပဲ ယုံကြည်တော့တယ်။

မယုံကြည်ပါရစေနဲ့
မယုံကြည်ပါရစေနဲ့
မယုံကြည်မှုအတွက် စိတ်ကိုစိတ်နဲ့ စီးချင်းထိုးတဲ့
ကမ်းတက်တိုက်ပွဲ
ငါ့နံဘေးက အတူ ချီတက်သူ နီရှေး
ဒဏ်ရာနဲ့ လဲကျ
ဟိုမှာ ရန်သူရှာနေတဲ့ ပို့စ်မော်ဒန် ဝံပုလွေ တစ်ကောင်
အမှောင်ခေတ်ကြီးထဲက မလွတ်မြောက်သေးတဲ့ မြေခွေးအဖြစ်
ငါ သရုပ်ဆောင်ရ
ချွတ်လိုက်ဝတ်လိုက် ဝင်လိုက်ထွက်လိုက်
ဘုရားသခင်ရဲ့ လက်ညှိုးမကွေးမီ

အားလုံး ဟီးရိုး
အားလုံး ဗီလိန်

တဝက်တပျက် သတ္တိပြောင်မြောက်မှုနဲ့
ဆောင်းရာသီ နန်းတော်ကို သိမ်းပိုက်ခဲ့ကြ
နွေဦးပေါက်ကာလရောက်တော့
ဟာသတစ်ခု လက်ဆောင်ရတယ်။

ပုဇဉ်းရင်ကွဲတွေက ရင်ကွဲအောင် အော်ကြ
နက္ခတ်တာရာတွေက အသွားအလာမမှန်
လမ်းကြောင်းမဖြောင့်
အကောက်သွားခြင်းနဲ့သွားကြ
ခရေပန်းတွေ နင်းခြေခံရ
ညက အိပ်ရေးပျက်ကြဟန်တူရဲ့။

ဒေါ်ခင်စောအေး ပိုင်တဲ့
ဟောဒီမြောက်ပြန်လေမှာ
မမြဲခြင်းတရားကို အမြဲတမ်း လက်ကိုင်ထားတဲ့
ကျွန်တော့်မိတ်ဆွေ ကဗျာဆရာ
ဇာတ်သိမ်းခန်း မရောက်ခင် ဇာတ်သိမ်းသွားပေါ့။          ။

 ပိုင်စိုးဝေ
(ရနံ့သစ်၊ ဇွန် ၂၀၀၃)






ဒုက္ခဆက်တင်


လူလည်နဲ့ လူအ
နှစ်မျိုးလုံးတင်ဆက်လို့ရတဲ့ မြို့တော်ကြီးမှာ
တစ်ဝက်အောင်မြင်ပြီး
တစဝက်ကျဆုံးခဲ့ရ။

ဒီမြို့ကြီးဟာ
ငါ မကူးခတ်နိုင်လောက်အောင် မကျယ်ဝန်းပါဘူး။
လမ်းပျောက်နေသလားတဲ့
လမ်း ရှာမတွေ့သေးလို့ပါ။

အကုသိုလ်ဒုစရိုက်တရား
ဒါလောက်များခဲ့သူ မဟုတ်ပါဘူးကွယ်
ဆူးလေဘုရားကို ရှာတွေ့ရမှာပေါ့။

ဒုက္ခတွေကို ဒုက္ခနဲ့မြှောက်ခဲ့ရသူမို့
နောက်ထပ် ဒုက္ခပန်းတစ်ပွင့်
မဖူးပွင့်ပါရစေနဲ့တော့ ညီမလေးရယ်။

ဖြောင့်ချက်တွေကို မပေးမိခင်
လေနှင်ရာလွင့်ခဲ့ရတာကိုပဲ
မင်းတို့မြို့ကလေးကို ကျေးဇူးတင်ရ။

ဘတ်စ်ကားပေါ်မှာ
မတော်တဆလက်ချင်းထိမိသလိုသာ
သဘောထားလိုက်ပါတော့။     ။


ပိုင်စိုးဝေ
 
(ဗြူတီ၊ ဇူလိုင် ၂၀၀၃)





တိုင်ကပ်နာရီ

ခင်ဗျားက
ကိုယ့်အကြောင်းကိုယ်ပြောဖို့ ချောင်းနေသူလား
ကျွန်တော်က
ကိုယ့်အကြောင်းကိုယ် ပြောဆိုခြင်းမှ
ထွက်ပြေးနေသူပါ။

သတိထား
သတိထား…သတိထား
သစ်ပင်အမြင့်ကြီးပေါ်တက်တဲ့အခါ သတိထား
ကိုယ့်အကြောင်းကိုယ်ပြောတဲ့အခါ သတိထား။

ငှက်တွေဟာ ပျံရင်းသေကြတယ်
လူတွေကတော့
ကိုယ့်အကြောင်းကိုပြောရင်း သေကြတယ်
သိပ္ပံပညာအကြောင်းဟာ
သိပ္ပံပညာ မဟုတ်ပါဘူး
ဂီတအကြောင်းဟာလည်း ဂီတ မဟုတ်ဘူး
ခင်ဗျားပြောတဲ့ ခင်ဗျားအကြောင်းဟာ
ခင်ဗျား ဖြစ်နိုင်ပါတော့မလား။

ပန်းကလေးတွေ
တစ်ပွင့်ပြီး တစ်ပွင့် သူတို့အကြောင်း သူတို့ပြောရင်း
သေဆုံးကြရ၊
ကြယ်ကလေးတွေ
တဖြုတ်ဖြုတ်ကြွေကျနေတာ
သူတို့အကြောင်းသူတို့ ပြောနေကြတာ
အချိန်တွေဘယ်လိုသေဆုံးရတယ်ဆိုတာ
ပြောပြဖို့တော့
တိုင်ကပ်နာရီတစ်လုံးနဲ့ မလုံလောက်နိုင်ဘူးပေါ့။

သတိထား
သစ်ပင်အမြင့်ကြီးတွေပေါ် တက်တဲ့အခါ သတိထား။        ။

ပိုင်စိုးဝေ 
(ဇူလိုင်၊ ၂၀၀၃)

ဖော်ပြပါ ကဗျာများကို majestic  publishing မှ ၂၀၀၈၊ ဇန်နဝါရီလတွင် ထုတ်ဝေသော
မူးနေတဲ့ ကြယ်တံခွန် ကဗျာစာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment