ကိုယ်ခွဲ/ကွဲ ကဗျာများအကြောင်း - အပိုင်း ၃


 ငြိမ်းအေးအိမ် ကိုယ်ခွဲ/တွဲ ကဗျာများအကြောင်း ဆက်ဖတ်ရန်..

အဲဒီစာအုပ်ထဲမှာပဲ ထပ်တွေ့ရတဲ့ သူ့ကဗျာတစ်ပုဒ် အကြောင်းပြောချင်ပါတယ်။ ''အခက်ကြီးထဲ ခုန်ချ'' ဆိုတဲ့ ကဗျာပါ။ အဲဒီကဗျာကိုတော့ အစိတ်အပိုင်းသုံးလေးခုကို ဘော်ဒီတစ်ခု တည်းမှာ တပ်ဆင်ထားတယ်လို့ ခံစားရပါတယ်။ ပင်မကိုယ်ထည်တစ်ခုထဲက မတူတဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်ထားတာပါ။ အစီစဉ်တကျ မြင်သိ လွယ်အောင်တပ်ဆင်ထားတာမျိုးမဟုတ်လေတော့ နည်းနည်းတော့ အာရုံစိုက်ရပါတယ်။ အချိန်ကဗျာတုန်းကလိုပဲ အတတ်ပညာကို အသုံးချ ခဲ့တာတွေ့ရပါမယ်။
    ရုပ်ရှင် ကားတွေမှာမြင်ကွင်း သုံးလေးခုကို တဖြတ်ဖြတ်နဲ့ ကူးပြောင်းပြီး အမြန်ပြသွားပုံမျိုးပါ။ စိတ်ခံစားမှုတွေ ပြင်းပြင်းထန်ထန် ဆူဆူဝေဝေဖြစ်ပုံမျိုးပေါ်လွင်ဖို့အတွက်  သူ အခုသုံးပြသွားတဲ့နည်းစနစ် ဟာ အလွန်အစပ်ဟပ်တည့်ခဲ့ပါတယ်။
    ကဗျာပါ အဖြစ်အပျက်တွေကတော့
(၁)ဆေးရုံမှာ နာမကျန်းဖြစ်နေတဲ့(မသေသေးတဲ့)မောင်ချောနွယ်။
(၂) မီးသင်္ဂြိုလ်စက်ထဲ အထည့်ခံ လိုက်ရပြီဖြစ်တဲ့ (သေဆုံးပြီး) မောင်ချောနွယ်။
(၃) ကြေကွဲမှု၊ ရှုတ်ထွေးမှုနဲ့ စိတ်အခက်အခဲကို အကြီးအကျယ်ကျော်ဖြတ်နေရတဲ့(ကဗျာဆရာ)မောင်ပြည့်မင်း။
(၄) ရေဆူ မီးပျောက်ပြီး ချူခြာနေတဲ့ မော်တော်ကားတစ်စီး တို့ပဲဖြစ်ပါတယ်။
     ကဗျာဆရာဟာ သူ့ကဗျာ တစ်ပုဒ်လုံးကို ဒီလိုပုံစံနဲ့ ရေးဖွဲ့ပြခဲ့ပါတယ်။ ဖတ်ရတာ နည်းနည်းတော့ ခက်ပါတယ်။ သူပေးလိုတဲ့အနက်က ဒက်ကနဲ ရောက်မလာပါဘူး။ ဒါပေမယ့် ဂရုစိုက်ဖတ်တဲ့ အခါ ဗလောင်ဆူနေတဲ့ ကဗျာဆရာရဲ့ ရင်ကို တွေ့ရမှာပါ။ ဒီလိုရေးဖွဲ့ ခဲ့ပါတယ်။

အခက်ကြီးထဲ ခုန်ချ

မောင်ချောနွယ် (၁၉၄၉၊၂ဝဝ၂)
''မောင်ချောနွယ် မသေဘူးတဲ့''
မောင်ချောနွယ်သေပြီ
သူ့အလောင်းကို မီးသင်္ဂြိုလ်စက်ထဲထည့်တာ
ငါကိုယ်တိုင်မြင်လိုက်တယ်။
အကြောဆေးထိုးရမယ်
ဝါယာရင်းတွေမှားနေတယ်
အပေါ်သွေး တစ်ရာ့လေးဆယ်၊ အောက်သွေး တစ်ရာ
ပလပ်တွေ လဲရမယ်၊ မီးပျောက်ပျောက်သွားလို့
ငါမနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။
သူရှိစဉ်က သူ့ရန်သူတွေကို
အရက်ဆိုင်စားပွဲနောက် အကာအကွယ်ယူလို့
တဖောက်ဖောက်ပြန်ပစ်ခဲ့တယ် မောင်ချောနွယ်။
မနက် မနက် တွန်းနှိုးနေရတယ်
သွေးတွေ သိပ်တိုးနေလား မသိဘူး
မိုက်ခနဲ မိုက်ခနဲ ဖြစ်ဖြစ်သွားလို့
ဘက်ထရီခေါင်းတွေ ဖြုတ်ဆေးလိုက်
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲခုန်ချ။
မောင်ချောနွယ် တစ်ခါတလေ ဒုက္ခတွေ့တယ်
တစ်ခါတစ်လေ ဒုက္ခတွေ့ချင်ယောင်ဆောင်တယ်
မောင်ချောနွယ် တစ်ခါတလေ အရက်မူးတယ်
တစ်ခါတလေ အရက်မူးချင်ယောင်ဆောင်တယ်
တစ်ခါတစ်လေ သေချင်ယောင်ဆောင်တယ်
အလောင်းထုပ်ထားတဲ့ အဝတ်ဖြူကို ဖြည်ပြတော့
သူ့ခေါင်းလေး လည်ကျလာတယ် မောင်ချောနွယ်။
ရေတိုင်ကီ ဘာဖြစ်လို့ ရေဆူဆူနေတာလဲ
ကိုယ်ပူလိုက်တာ တစ်ရာ့သုံး၊ တစ်ရာ့လေး
အဖျား တစ်ခါမှ မကျသေးဘူး
ဝါးတားပိုက်တွေ ပိတ်နေလို့လား
ငါ မနေနိုင်တော့ဘူး။
အခက်ကြီးထဲခုန်ချ။
တချို့ သူမသေခင်ကတည်းက သစ္စာဖေါက်ခဲ့ကြ
တချို့ သူသေပြီးမှ သစ္စာဖေါက်လိုက်ကြ
ရေခဲတိုက်ရှေ့မှာ
''လူ တစ်ယောက်လုံး ထားခဲ့ရပြီးမှ
ဒီစောင်လေးကို ပြန်မယူတော့ပါဘူး'' တဲ့
မမမြင့် ငိုရှာတယ်။
အသက်ရှူလိုက်ရင်
ဘယ်ဘက်ရင်ဘတ်က အောင့်အောင့်နေလို့
ကာပရိုက်တာ မကောင်းဘူး
တံခါးဟာနေတာ
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။
မောင်ချောနွယ် အသုဘ
ကဗျာဆရာတွေ ပို့ကြတယ်။
ကဗျာဆရာတွေ ငိုကြ၊ တစ်ယောက်တစ်ယောက် လှမ်းကြည့်ကြ
တစ်ယောက်နဲ့ တစ်ယောက် တားကြ၊ ဆွဲကြ၊ တွဲထူကြ
တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ
သွေးထွက်သံယိုဖြစ်ကြ
နောက်ဆုံးမှာ ဘာသံကြီးလဲမသိ
ဝိုင်းအော်လိုက်ကြတယ်။
လမ်းလျှောက်လို့မကောင်းဘူး
ညာဘက်တစ်ခြမ်းလုံး ဆွဲဆွဲနေလို့
ဒူးဆစ်တွေ လဲပစ်ရမယ်
ပင်နီယံတွေလဲလိုက်။
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။
မောင်ချောနွယ် (၁၉၄၉-၂ဝဝ၂)
ဒီနေရာမှာ ငါမနေနိုင်တော့ဘူး
အခက်ကြီးထဲ ထိုးချလိုက်တော့မယ်။
(မောင်ပြည့်မင်းဟန်သစ်၊ ၂ဝဝ၄၊ အောက်တိုဘာ။)

    ဒီကဗျာထဲမှာ မသေသေးတဲ့   ဆေးရုံပေါ်ကမောင်ချောနွယ်ရဲ့ စကားသံတွေကိုကြားကြရပါလိမ့်မယ်။  စာပိုဒ်တွေကို တစ်စစီ လိုက် ကောက်ပြီး ဆက်ကြည့်ပါ။ နားထောင်ကြည့်ပါ။ အဲဒီအသံတွေကို ကဗျာ ဆရာက ကဗျာတစ်ပုဒ်လုံးရဲ့ ဟိုနားဒီနားတွေမှာ ထိုးညှပ် စပ်ဆိုခဲ့ပါ တယ်။ အဆက်အစပ်တွေကို တစ်စစီ နွှာထားပါတယ်။ သူ့ ညှပ်စတွေကို လိုက်ကောက်ဆက်လိုက်တော့ ခုလို မြင်ရ ကြားရပါလိမ့်မယ်။
    ''မောင်ချောနွယ် မသေဘူးတဲ့''။ အကြောဆေးထိုးရမယ်။ အပေါ်သွေး တစ်ရာ့လေးဆယ်၊ အောက်သွေး တစ်ရာ။ သွေးတွေ သိပ်တိုးနေလား မသိဘူး။ မိုက်ခနဲ မိုက်ခနဲ ဖြစ်ဖြစ်သွားလို့။ ကိုယ်ပူ လိုက်တာ တစ်ရာ့သုံး၊ တစ်ရာ့လေး။ အဖျား တစ်ခါမှ မကျ သေးဘူး။ အသက်ရှူလိုက်ရင် ဘယ်ဘက်ရင်ဘတ်က အောင့်အောင့်နေလို့။ လမ်းလျှောက်လို့မကောင်းဘူး။ ညာဘက်တစ်ခြမ်းလုံး ဆွဲဆွဲနေလို့။
    ကဗျာဆရာဟာ သူ့အတွေးထဲမှာ မောင်ချောနွယ်ကို မသေစေချင်သေးလို့ မသေသေဘူးလို့ သူ့ကိုယ်သူ လိမ်ညာခံစားထား ပေမယ့် တကယ့်အဖြစ်မှာ သေပြီးခဲ့ပြီ။ ဒါကိုလည်း သူကိုယ်တိုင် မြင်/ကြားခဲ့ရပြီးပြီ။ ဒီအကြောင်းကို ခုနကအတိုင်းပဲကဗျာကိုယ်ထည် ရဲ့ ဟိုကြားဒီကြားမှာ ထိုးသိပ်စပ်ဆိုခဲ့တာတွေ့ရပါတယ်။ ကဗျာဆရာ ရုပ်ဖျက်ဖုံးဖိထားတဲ့အဖုံးကို ဖွင့်လှန်ကြည့်တဲ့အခါ သေဆုံးနေပြီဖြစ်တဲ့ မောင်ချောနွယ်ရဲ့ မြင်ကွင်းကို ခုလိုတုန်လှုပ်ခြောက်ခြားစွာ ကြေကွဲဖို့ ကောင်းအောင် တွေ့ရပါတော့တယ်။
    မောင်ချောနွယ် (၁၉၄၉၊၂ဝဝ၂)။ မောင်ချောနွယ်သေပြီ။ သူ့အလောင်းကို မီးသင်္ဂြိုလ်စက်ထဲထည့်တာငါကိုယ်တိုင်မြင်လိုက်တယ်။ သူရှိစဉ်က သူ့ရန်သူတွေကို။ အရက်ဆိုင်စားပွဲနောက် အကာအကွယ်ယူ လို့ တဖောက်ဖောက်ပြန်ပစ်ခဲ့တယ် မောင်ချောနွယ်။ မောင်ချောနွယ် တစ်ခါတလေဒုက္ခတွေ့တယ်။ တစ်ခါတစ်လေ ဒုက္ခတွေ့ချင်ယောင် ဆောင်တယ်။ မောင်ချောနွယ် တစ်ခါတလေအရက်မူးတယ်။ တစ်ခါ တလေ အရက်မူးချင်ယောင်ဆောင်တယ်။ တစ်ခါတစ်လေ သေချင် ယောင်ဆောင်တယ်။ အလောင်းထုပ်ထားတဲ့ အဝတ်ဖြူကို ဖြည်ပြတော့သူ့ခေါင်းလေး လည်ကျလာတယ် မောင်ချောနွယ်။ တချို့ သူမသေခင် ကတည်းက သစ္စာဖေါက်ခဲ့ကြ။ တချို့ သူသေပြီးမှ သစ္စာဖေါက်လိုက်ကြ။ရေခဲတိုက်ရှေ့မှာ ''လူ တစ်ယောက်လုံး ထားခဲ့ရပြီးမှ၊ဒီစောင်လေးကို ပြန်မယူတော့ပါဘူး'' တဲ့။မမမြင့် ငိုရှာတယ်။ မောင်ချောနွယ် အသုဘကဗျာဆရာတွေ ပို့ကြတယ်။ ကဗျာဆရာတွေ ငိုကြ၊ တစ်ယောက် တစ်ယောက် လှမ်းကြည့်ကြ။ တစ်ယောက်နဲ့ တစ်ယောက် တားကြ၊ ဆွဲကြ၊ တွဲထူကြ။ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ။သွေးထွက် သံယို ဖြစ်ကြ။ နောက်ဆုံးမှာ ဘာသံကြီးလဲမသိ ဝိုင်းအော်လိုက်ကြတယ်။ မောင်ချောနွယ် (၁၉၄၉-၂ဝဝ၂)။
    နာမကျန်းဖြစ်နေတဲ့ မောင်ချောနွယ်၊ သေဆုံးခဲ့ပြီဖြစ်တဲ့ မောင်ချောနွယ် အကြောင်းပြောနေ၊ တွေးနေရာကနေ ကားပျက် တစ်စီး က ဘယ့်နှယ် ပါလာရတာတုန်းလို့မေးရင် ကဗျာဆရာက ဘာပြန်ဖြေ မလဲမသိပေမယ့် ဒီကဗျာမှာ ကားပျက်တစ်စီး အသေအချာ ပါခဲ့ပါတယ်။ ကားပိုင်ရှင်နဲ့ မက္ကနစ်တို့ရဲ့ အပြန်အလှန်ပြောဆိုသံနဲ့ ချူခြာနေတဲ့ ကားတစ်စီးရဲ့ အခြေအနေကို ဒီစာသားတွေက ဖေါ်ပြ နေပါတယ်။ မသေဆုံးမီ (ကျန်းမာရေးဆိုးရွားနေတဲ့) မောင်ချောနွယ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ ဒီကားပျက်ကြီးလိုပဲ ယိုယွင်းနေခဲ့တာလို့ ဆိုလိုချင် တာလား။ ကားတစ်စီးလို အပိုပစ္စည်း၊ လိုတာလဲလို့ရရင် လဲပစ်ပြီး မောင်ချောနွယ် ရဲ့ အသက်ဇီဝကို ဆက်ပေးလိုက်ချင်တာလား။ သူ့ကား (ကဗျာထဲကကား) ကတော့ ရစရာ မရှိလောက်အောင် ယိုယွင်းနေပါ တော့တယ်။
    ဝါယာရင်းတွေမှားနေတယ်။ ပလပ်တွေလဲရမယ်၊ မီး ပျောက်ပျောက်သွားလို့။ မနက် မနက် တွန်းနှိုးနေရတယ်။ ဘက်ထရီ ခေါင်းတွေ ဖြုတ်ဆေးလိုက်။ ရေတိုင်ကီ ဘာဖြစ်လို့ ရေဆူဆူနေတာလဲ။ ဝါးတားပိုက်တွေ ပိတ်နေလို့လား။ ကာပရိုက်တာ မကောင်းဘူး။ တံခါး ဟာနေတာ။ ဒူးဆစ်တွေ လဲပစ်ရမယ်။ ပင်နီယံတွေလဲလိုက်။
    သူဟာ ဘယ်လောက်တောင် ဂယောင်ခြောက်ခြားဖြစ်နေလဲ ဆိုတာကို သူ့ကဗျာထဲက ဒီစာသားတွေကို အကြိမ်ကြိမ်အထပ်ထပ် ဖေါ်ပြရင်းနဲ့ သူ့ခံစားမှုကို ညွှန်းဆိုခဲ့ပါတယ်။ မောင်ချောနွယ်သေဆုံးမှု အပေါ်မူတည်ပြီး ပြင်းပြင်းထန်ထန်တုန်လှုပ်နေတဲ့ ကဗျာဆရာရဲ့ စိတ်ကစင့်ကလျားလို့ ပြောရမယ်ထင်ပါတယ်။
    ငါမနေနိုင်တော့ဘူး။ အခက်ကြီးထဲ ခုန်ချ။ ငါ မနေနိုင်တော့ ဘူး အခက်ကြီးထဲခုန်ချ။ငါ မနေနိုင်တော့ဘူး။ အခက်ကြီးထဲခုန်ချ။ ငါ မနေနိုင်တော့ဘူး အခက်ကြီးထဲ ခုန်ချ။ငါ မနေနိုင်တော့ဘူး။ အခက်ကြီးထဲ ခုန်ချ။ဒီနေရာမှာ ငါမနေနိုင်တော့ဘူး။ အခက်ကြီးထဲ ထိုးချလိုက် တော့မယ်။
    မတူတာတွေကို တစ်နေရာတည်းမှာ ပေါင်းရုံးစုစည်းပြီး ရေးကြ၊ ဖွဲ့ပြကြတဲ့ နည်းနာတစ်ခုလို့ ဆိုရင် ရကောင်းပါရဲ့။ သူ ဘယ်လို ရေးခဲ့ပါလိမ့်လို့ စဉ်းစားချင်လည်း ရပါတယ်။ ဥပမာ၊ အခြေအနေတစ်ခု စီကိုရေး ပြီးမှ အဲဒီက တစ်ကြောင်းခြင်းစီကို ဟိုတစ်ကြောင်း ဒီတစ်ဖြတ် ဆက်စပ်လိုက်တာလား။ ဒါမှမဟုတ် တစ်ဆက်တည်းရေးနေရင်း အတွေးက ဟိုတစ်စ ဒီတစ်ပိုင်း ဝင်လာတာလား၊ စသဖြင့်ပေါ့။
    ဆရာသစ္စာနီကတော့ စာလုံးတွေရေးထားတဲ့ အံစာတုံးတွေကို လှိမ့်လှိမ့်ပြီး ကဗျာရေးပြမယ်လို့ ကြွေးကြော်ထားပါတယ်။ ဆရာချောနွယ် ကိုယ်တိုင်က ခုတ်သားစများဆိုပြီး ရေးထားတာရှိပါတယ်။ ဆရာ စိုင်းဝင်းမြင့်က လည်း တစ်ကြောင်းရရ၊ တစ်စရရ ပေါ်သမျှလေးတွေ ရေးတို့ထားပြီး လိုသလို ဆက်စပ်ယူတဲ့နည်းနဲ့ ရေးဖြစ်တာများကြောင်း ပြောထားတာ တွေ့ရပါ တယ်။ ဆရာဇေယျာလင်းဆီမှာလည်း အဲသလို မျိုးတွေတွေ့ရပါတယ်။  ဘယ်လိုရေးမှ ကဗျာလားမြောက်မယ်ဆိုတဲ့ အခြေခံဥပဒေသ ဆွဲပြ မထားလေတော့ ဒီကိစ္စ သိပ်တော့လည်း ပြဿနာမရှိပါ။ ကိုယ့်မူနဲ့ကိုယ်၊ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပါပဲ။ မြန်မာ ကဗျာလောကမှာ ဒါမျိုး တစ်ကျောင်းတစ်ဂါထာလုပ်လို့မဖြစ်ဘူး၊ ကဗျာဆိုရင် ဒီလိုလေးတွေပါမှ ရမယ်၊ ခုလိုဖွဲ့မှ ကဗျာဖြစ်မယ်ဆိုပြီး အခြေခံမူများဆွဲချင်သူရှိရင် ဆွဲကြပါ။ ကဗျာဆရာဆိုတဲ့အမျိုးအစားက တော့ လိုက်နာကြလိမ့်မယ်လို့ ကျွန်တော်ဖြင့်မထင်ပါ။
    လှိုင်ထိပ်ခေါင်တင်ခေတ်တုန်းက ''သုံးချက်စည်တော်၊ ရိုက်ဆော်ကာ ညင်းတယ်လေး'' ကိုဖွဲ့ဖို့ ဖြတ်သားစတွေကို တစ်ခုချင်း ကောက် ဆက်တဲ့နည်းကို သုံးခဲ့ပုံမပေါ်။ နတ်ရှင်နောင်၊ နဝဒေးတို့လည်း ဒီနည်းလမ်းကိုတွေးတောခဲ့မည်မထင်။ ကြည်အေးရဲ့ တစ္ဆေနဲ့ ဒဂုန်တာရာရဲ့ တဟီတီအထိ ''ဖြတ်သားဆက်တင်''နဲ့ပြင်ဆင်ခဲ့တဲ့ လက်စလက်နတွေ မတွေ့ခဲ့ရ။
    ဒီကနေ့ရေးဖွဲ့နေကြတဲ့ ကဗျာပုံစံပေါင်းများစွာထဲက ဖွဲ့နည်း ပုံစံလေးတစ်ခုအကြောင်း ပြောကြည့်တာပါ။ စကားပြေဖြစ်တယ်၊ ကဗျာ ဖြစ်တယ်။ သဒ္ဒါမှားတယ်၊ မှန်တယ်။ ဒေါသသင့်တယ်။ ဂုဏ်မြောက်တယ်။ ရစ်သမ်မဲ့တယ်၊ ကာရံပဲ့တယ်ဆိုတဲ့ ငြင်းသံခုန်သံတွေကြား မှာပဲ ကျွန်တော်တို့ ဦးဏှောက်စားရမယ့် ရေးဖွဲ့နည်းပုံစံသစ်တွေ ဆက်လက်ထွန်းကားနေဦး မယ်ထင်ပါတယ်။
    ဒီလိုနည်းနဲ့ပဲ ကဗျာဟာ  ခရီးမိုင်ပေါင်းများစွာ ရွေ့ခဲ့ပြီးပါပြီ။
    ပင်လယ်ဘယ်ဆီမှာမှန်းမသိပေမယ့် မြစ်ရေကတော့ စီးမြဲပါပဲ။


ငြိမ်းအေးအိမ်
၂ဝဝ၆ခု နိုဝင်ဘာ (၂၅) (ဝ၃း၁၅)နာရီ။ ရန်ကုန်။

No comments:

Post a Comment