ငြိမ်းအေးအိမ် ကိုယ်ခွဲ/တွဲကဗျာများမှ အဆက်...
ခု ဖေါ်ပြမယ့် ကဗျာတွေကို စိုင်းဝင်းမြင့်ရဲ့ 'ခေတ်ပေါ် ကဗျာအဖွင့်' (စိမ်းညက်စာပေမှ ၂ဝဝ၅၊ သြဂုတ်လ၊ပထမအကြိမ်ထုတ်) စာအုပ်ကယူပါတယ်။ ဆရာမောင်ပြည့်မင်းရဲ့ မူရင်းကဗျာကို ခုလိုတွေ့ ရပါတယ်။
အချိန်
မျှော်ကာမျှော်၏
မသိလိုက်ချေ
ရောက်နေသည်မှာ ကြာပြီကို။
သူပေးခဲ့တဲ့ နံပါတ်အတိအကျ
ပြန်ပြန်ဆက်ကြည့်တိုင်း
''လူကြီးမင်း . . . ''နဲ့ချည်း တိုးနေတယ်။
ခဏခဏ ထပ်ဆက်ပါတယ်
''လူကြီးမင်း . . . ''နဲ့ချည်းပဲ တိုးနေတယ်။
ဘီလူးထွက်သလို
ပြိုးပြက်ထစ်ချုန်း၊ အော်ဟစ်ကြုံးဝါး
ချောက်ခြားစရာ ရောက်လာမည်လား။
ဂဠန်လိုပင်
ကောင်းကင်ခရီး၊ လေဟုန်စီးကာ
ပျံလာမည်လား။
လိပ်စာကဒ်ပြားကလည်း မှားနေတယ်
အဲဒီနေရာမှာ အိမ်တစ်လုံးမှမရှိဘူးတဲ့၊
နံပါတ်လည်းမှား၊ လမ်းလည်းမှား
လိပ်စာကဒ်ပြားက မှားနေတယ်။
နဂါးများလို
မြေကိုလျှိုးထွက်၊ တက်လာမည်လား။
သူနဲ့တွေ့မှဖြစ်မယ်
တွေ့ပြီးပြောရမှ
ပြောပြမှသိလိမ့်မယ် ထင်တယ်။
စောင့်မျှော်ငေးမော
တွေးတောစဉ်းစား၊ စိတ်ထွေပြားခိုက်
အပါးလာရပ်၊ ကျောကိုသတ်၏။
တကယ်ဆိုလွယ်လွယ်လေးပါ
တံခါးလက်ကိုင်လှည့်
ဖြည်းဖြည်းတွန်းဝင်လိုက်ရုံသာ။ ။
(မောင်ပြည့်မင်းရုပ်ရှင်တေးကဗျာ၊ ၂ဝဝ၄၊ အောက်တိုဘာ။)
စိုင်းဝင်းမြင့်စာအုပ်ထဲမှာတော့ (''အချိန်'' ကဗျာရဲ့ အောက်ခြေအညွှန်းမှာ (အချိန်၊ ၁၉၇၇၊ မေလ၊ ရှုမဝမဂ္ဂဇင်း) ဆိုတာ ပါတယ်) လို့ ဖေါ်ပြထားပါတယ်။ ဒီတော့ မူလ ''အချိန်''ဆိုတဲ့ ကဗျာ ကို ၁၉၇၇ ဝန်းကျင်က အဲဒီခေတ်ကာလရဲ့ ဟန်အတိုင်း ရေးဖွဲ့ခဲ့ပြီး၊ ၂ဝဝ၄ခုနှစ်မှာ နောက်ထပ်အချိန်တစ်ပုဒ်ကို ဒီဘက်နှစ်ရဲ့ တေးသွားစည်း ချက်များအတိုင်း ရေးဖွဲ့ပုံရပါတယ်။ ပြီးတဲ့နောက် နှစ်ပုဒ်ကို တစ်ပုဒ်တည်း အဖြစ် ဆွဲစိလိုက်တာပါပဲ။ တစ်ပုဒ်စီမှာ အရသာတစ်မျိုးစီထွက်သလို တစ်ပုဒ်တည်းဖြစ်သွားတော့လည်း အရသာသစ်တစ်မျိုးရစေခဲ့ပါတယ်။ တစ်ခုစီကိုဖတ်ကြည့်ရင် ခုလိုမျိုးတွေ့ရမှာပါ။ တစ်ပုဒ်ချင်းစီမှာ ပြည့်စုံတဲ့ အနက်တစ်ခုချင်းစီပါရှိနေပါတယ်။ တွဲလိုက်တဲ့အခါ ဒီဇိုင်းသစ်တစ်ခု မြင်ရပါတယ်။ အကြောင်းအရာလည်းတစ်ခုတည်း၊ အဘိဓမ္မာလည်း တစ်မျိုးတည်းပါပဲ။ ရေးဖွဲ့ခဲ့ချိန်ကွာပါတယ်။ ရေးသားစပ်ဆိုဟန်ကွဲပါ တယ်။ တစ်ပိုဒ်စီထပ်ပြီးဆက်စပ်တဲ့ အတတ်ပညာကို သုံးစွဲထားပါတယ်။
အချိန်
မျှော်ကာမျှော်၏
မသိလိုက်ချေ
ရောက်နေသည်မှာ ကြာပြီကို။
ဘီလူးထွက်သလို
ပြိုးပြက်ထစ်ချုန်း၊ အော်ဟစ်ကြုံးဝါး
ချောက်ခြားစရာ ရောက်လာမည်လား။
ဂဠန်လိုပင်ကောင်းကင်ခရီး
လေဟုန်စီးကာ၊ ပျံလာမည်လား။
နဂါးများလို
မြေကိုလျှိုးထွက်၊ တက်လာမည်လား။
စောင့်မျှော်ငေးမော
တွေးတောစဉ်းစား၊ စိတ်ထွေပြားခိုက်
အပါးလာရပ်၊ ကျောကိုသတ်၏။
အချိန်
သူပေးခဲ့တဲ့ နံပါတ်အတိအကျ
ပြန်ပြန်ဆက်ကြည့်တိုင်း
''လူကြီးမင်း . . . ''နဲ့ချည်း တိုးနေတယ်။
ခဏခဏ ထပ်ဆက်ပါတယ်
''လူကြီးမင်း . . . ''နဲ့ချည်းပဲ တိုးနေတယ်။
လိပ်စာကဒ်ပြားကလည်း မှားနေတယ်
အဲဒီနေရာမှာ အိမ်တစ်လုံးမှမရှိဘူးတဲ့၊
နံပါတ်လည်းမှား၊ လမ်းလည်းမှား
လိပ်စာကဒ်ပြားက မှားနေတယ်။
သူနဲ့တွေ့မှဖြစ်မယ်
တွေ့ပြီးပြောရမှ
ပြောပြမှ သိလိမ့်မယ် ထင်တယ်။
တကယ်ဆိုလွယ်လွယ်လေးပါ
တံခါးလက်ကိုင်လှည့်
ဖြည်းဖြည်းတွန်းဝင်လိုက်ရုံသာ။ ။
တကယ်လို့များ ဆရာမောင်ပြည့်မင်းလည်း နောက်ထပ် အနှစ် သုံးဆယ်လောက် အသက်ရှင်ဦးမယ်။ အဲဒီအချိန် ခေတ်ကာလ မှာ ခလုပ်နှိပ်လိုက်ရုံနဲ့ သူတွေ့ချင်တဲ့ လူဆီတစ်ခါတည်း ရောက်သွားတဲ့ နည်းပညာသစ်တွေလည်း ထွန်းကားနေမယ်၊ တားဆီးလို့ မရတဲ့ ကဗျာရေစီးကလည်း မျှော်မှန်းမရနိုင်တဲ့ နေရာတစ်ခုကို ရောက်နေမယ်။ အယ်လ်ပီကဗျာများလည်း ပြတိုက်ထဲမှာ ဖုန်တက်နေမယ်ဆိုရင် ဆရာ မောင်ပြည့်မင်းအနေနဲ့ နောက်ထပ်'အချိန်'ကဗျာတစ်ပုဒ်ကို ဘယ်လို စကေးနဲ့ ရေးဖွဲ့ပေးလေမလဲ တွေးနေမိပါတယ်။
ဆက်လက်ဖော်ပြပါဦးမည်.....
ဆက်လက်ဖော်ပြပါဦးမည်.....
No comments:
Post a Comment