ဖော်ဝေး သစ်ပင်

July 23, 2010


ဖော်ဝေး သစ်ပင်

မြန်မာခေတ်ပေါ်ကဗျာ ဇာတ်ခုံပေါ် ပထမဦးဆုံး တက်ရောက်လာခွင့် ရသူတွေထဲမှာ ကဗျာဆရာ ဖေါ်ဝေး ဟာ ရှေ့ဆုံးများရဲ့ ရှေ့ဆုံးက လူပေါ့။ သူ ကွယ်လွန်တာ ၁၉၇၈ ခု၊ ဇူလိုင်လ ၃ ရက်။ နှစ်ပေါင်း ၃၂ နှစ်ပြည့်ခဲ့ပြီ။ သူ့ကို ကျနော်တို့ ဂုဏ်ပြုလေးနက်ဖို့ စဉ်းစားတဲ့အခါ ချစ်ခင်ရတဲ့ ကဗျာဆရာ ခင်အောင်အေး ရေးဖွဲ့ တဲ့ ဒီကဗျာကို ကျနော့်ဘလော့မှာတင်ပြီး လေးနက်ဖို ဆုံးဖြတ်ခဲ့ပါတယ်။
ကဗျာဆရာ ဖေါ်ဝေး ကျနော်တို့နဲ့အတူ ရှိနေတုန်းပဲဆိုတာ သက်သေတည်လိုက်တဲ့ သဘောပါပဲ။
ဒီ “ ဖေါ်ဝေး သစ်ပင်” ကဗျာကို ကျနော့်ဘလော့မှာ တင်ခွင့်ပြုတဲ့ (ကို) ခင်အောင်အေးကိုလည်း ကျေးဇူးတင်ရမှာပါ။

ငြိမ်းဝေ



                      
                            ဖော်ဝေး သစ်ပင်


တစ်နေ့မှာ ငှက်တွေပျံသန်းချိန်ဟာ စေ့ရောက်လာတယ် ပျံသန်းမှုဟာ နောက်ကျမှု အနီးအဝေး
ချိန်ဆမှုရဲ့ မဆံ့မပြဲချုပ်တည်းထားရတာ သစ်ပင်နဲ့ ငှက်အိပ်တန်း နွေဦးနဲ့ပင်လယ်နဲ့ မလွဲမရှောင်
သာ ‘ကဗျာရေးရာ’လို့ ဒါကို ပြောမိမယ် မင်းပါးစပ် ပိတ်ထားစမ်း ပိတ်ချင်းမြောင် ဝစီပိတ်နဲ့ စိတ်ကူး
မျဉ်းတန်းဖြင့် ပိတ်ကာထားခြင်းများ ကာချင်းလား အိုင်ချင်းလား အိုင်တွေ့ခြေဆေးလား ဟဲလို-အိုင်ဆေး
လက်စွပ်မှာ ဘီစီ ၂၀၀၀ ခန့် ရုပ်အလောင်း အရိုးစုအပိုင်းအစ သူ့ရောက်တတ်ရာရာ နိုင်ငံခြားဘာသာ
(ရပ်ရှား) သင်တန်း ဘောင်းဘီဝတ်မိုးတိမ် ဘာသာပြန်စာမူ လက်နှိပ်စက် တချောက်ချောက် ဟို ဆံရှည်
အုပ်စုနဲ့ ရုတ်ရုတ် ရုတ်ရုတ် အမိဖမ်းရခက်တဲ့ မီးခိုးလိုမျှင်တန်းကျန်ရစ်တဲ့အတိတ် ဗဟန်းရေခဲဆိုင်မှာ စု
ရပ် အောင်မြင်ရလိမ့် နဲ့ ချောမွေ့နွယ်မွတ် နောက်တယောက်က ပြည့်စုံခြင်းကိုရပိုင်သူ မြုပ်နေသူ ကိုစော
သူ့အရိုးပြာအိုးထဲက ပြာမှုန်များ အနက်အဓိပ္ပါယ်ပြည့်သိပ် နံနက်ခင်းချောက်ကမ်းပါးမှာ နှလုံးအိမ်ထဲ
ရေငတ်နေရ ချို့ငဲ့ခြင်းဟာ သူကွယ်လွန်ပြီးနောက် အနှစ်သုံးလေးဆယ် ကြာသွားပြီးတာတောင်မှ အရိပ်
လို ကပ်လိုက်နေတယ် မြစ်လို နောက်ပြီး မြစ်ထဲကရေတွေလို အဲဒီထက်မက ချိုးဖျက်လာခဲ့တာတောင်မှ
ဒါကို ပြိုင်မြင်းတစ်ကောင်လို စမ်းသပ်ဖို့မသင့်ပါဘူး ပြန်လည်ကြားယောင်ခြင်းတိုင်းမှာ ဖျောက်ဖယ်ထားလို့
မရ အညွှန်းပြုမယ်ဆိုရင် ဆို့နင့် သူ့ဒိုင်ယာရီ တူးဆွစရာ သမိုင်းစာမျက်နှာများ မာ့က်စ်ဝါဒကိုသက်ဝင်သူ
ငါအခု ပစ္စက္ခမှာ ပေါက်ကွဲဆောင့်ကန်ပစ်စရာ ပလပ်စတစ်အဝတ်လျှော်တောင်းပဲရှိတယ်(နေနွယ် ဖုံးမကိုင်
ဘူး) ရှောင်တိမ်းသူများ / ၁၉၈၀များ /၁၉၉၀များ /၂၀၀၀ ခုနှစ်များ နောက် ဘယ်ရာစုများအထိ ငါ့နာကျင်မှု
ငါ့ အခု ဝမ်းနည်းမှုဟာ ငါ့ ကိုယ်ရေးကိုယ်တာလား ငိုသံ ပါမလာသေးခင် အိပ်တန်းတက်ငှက်များ နားစွင့်
‘ ကြယ်တွေ စုံပြီလား’ ‘ ငါလေ နားလည်ပြီ’ ကြယ်တွေ ငိုနေလား လို့မေးခွန်း မဆိုက်ရောက်ခင် ဆိုက်ပရပ်စ်
သစ်ပင်ပေါ် တလှုပ်လှုပ် နေဝင်ရီသရော မသေငှက်။ ။


ခင်အောင်အေး
၂၇၊ ဇွန်၊၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၀း၄၇ နာရီ


ငြိမ်းဝေ ဘလော့မှ ကူးယူဖော်ပြသည်

No comments:

Post a Comment