ငါ့မိန်းမဟာ ငါ့ရန်သူဖြစ်တယ်

မနက် နေအထွက်
လက်ကနဲ ဓါးရောင်
ဓါးရောင်ရော ဓါးပါ
ငါ့နံကြား စိုက်ဝင်ချေပေါ့။

(၁)
ငါဟာ
လယ်ထွန်သွား နွားတစ်ကောင်
ကမ္ဘာဟာ
ငါ့လယ်ကွင်း ငါ့ယာခင်းတွေပေါ့
ငါ
ထွန်ယက်ရပြီ
ကောက်ရိုးဖတ်ကလေး စမြုံ့ပြန်ရင်း
ငါ့ပါးစပ်မှာ
အမြှုပ်တစီစီ
ချွေးတွေ တစ်သီးပြီး တစ်သီး သီးရင်း
ငါ့ကိုယ်က
တဖုတ်ဖုတ်ကြွေ
ငါ့ကျောပေါ်မှာက
ငေါက်သံနဲ့ ကြိမ်လုံး
ကြိမ်လုံးဟာ
ငါ့ကျောကို အုံးစက်ရာထင်ချေရဲ့
ငါဟာ နွား
ဒီနွားက ဒီလိုလေးလည်း
တရားသံဝေ ယူချေသေးရဲ့
“ “ နွားတစ်ကောင်ဘဝ ရနေပေမယ့်လည်း
နောက်ထပ် အမှားတစ်ထောင်မက
ရချင်သေးတယ်” ” တဲ့
နွားတဖြစ်လဲ နွားဆိုတဲ့ ငါက
မြည်တမ်းသေး
ငါဟာ နွားပြာကြီးပါ
အောက်သွားတွေလည်း မရှိတော့ဘူးကွယ်။

(၂)
လာပြီ ဓါးချက်
လက်ကနဲ ဝင့်ချေပေါ့ ငါ့ရင်အုံထဲ
ငါ ဟာ
ပြိုင်မြင်းတစ်ကောင်ပေါ့
အနိုင်ရအောင် အပြိုင်ပြိုင်တွေပြေးရ
ပွဲစဉ်တောက်လျှောက် အပြေးပြိုင်ပွဲတွေချည်း
“ “ မနိုင်ရင် အိမ်မပြန်ဘူး
အသေခံမယ်” ”
ဒီမြင်းက ငါက မာန်တင်းသေး
ပြေးရပြိုင်ရလွန်းလို့
သံဝေဂ သီချင်းလေးတောင်မှ
မဆိုညည်းနိုင်ပါဘူး…တဲ့။
ငါဟာ
“ စိန်လျံ” ဆိုတဲ့
သခင်ကိုလုပ်ကျွေးသူ ပြိုင်မြင်းတစ်ကောင်ပါ။

(၃)
သိပ်လှပလွန်းပါတယ်
အမြန်ထိုးချက်တွေ
ငါ
ငါ့စိတ်ကို ဘယ်လိုစင်းကောကောပြီး
ကြော်ချက်ရမှာလဲ
ငါဟာ
ခွေးတစ်ကောင်လို အူလိုက်ဟောင်လိုက်ဘဝ
ရောက်နေရပါပြီ
ငါ
ခွေးတစ်ကောင်လို အူနေရပါပြီ။
ဒီခွေးရဲ့အူသံက
“ “ သခင်မရေ မင်း သိပ်လှပလွန်းနေပါတယ်” ” . . . တဲ့။

(၄)
တသက်မှာ ဘဝသုံးခု
တစ်သက်မှာ သုံးဘဝ
ဘဝသုံးခု ပြောင်းပြောင်းပြီး ပြောင်းပေးရ
အနီးဆုံးလူရဲ့ဓါးဟာ
အချွန်မြဆုံးပါပဲ
ငါ့ မိန်းမဟာ ငါ့ရန်သူဖြစ်တယ်။ ။

မောင်ချောနွယ်

နှစ်ဆယ့်တစ် အယ်လ်ဘမ် ကဗျာ စာအုပ်မှ

No comments:

Post a Comment