တစ်ယောက်တည်း စကားပြောခြင်း




မြို့ကြီးရဲ့သွေးတွေ အကုန်စုပ်ယူမယ့် ကြမ်းပိုး
ကျွန်တော်ဖမ်းမိခဲ့တယ် အိပ်ယာထဲမှာ။
ဘုံဘိုင်က ရေမလာဘူး
သူမက ကျွန်တော့်ကို လွမ်းပြီး မငိုဘူး(တစ်နှစ်ကျော်ပြီ)။
ညစာစားဖို့ အကြောင်းကြားတဲ့ သံကြိုးစာ ဝင်လာတယ်။
ဗာဒံပင်က သူချုပ်တည်းထားခဲ့သမျှကို တစ်ရွက်ပြီး တစ်ရွက် ခြွေချလို့။
မရေးရသေးတဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေ စကားပြောနေကြ။
‘ ဒါဆို . . . လူကြီးမင်းက ကျွန်တော့်အဖေပေါ့၊ တွေ့ရတာ ဝမ်းသာပါတယ်’ တဲ့။
ကျွန်တော့်ဖောင်တိန်ထဲမှာ အကောင်းစား ဘရိတ်တွေ တပ်ဆင်ထားပါတယ် ခင်ဗျာ။
ပင်လယ်ဟာ  မူလီစုပ်ထားဆဲပဲ
ကျွန်တော်တို့ မုန်တိုင်းကို လေညင်းဖြစ်အောင် ခွဲစိတ်အောင်မြင်ခဲ့ကြပြီ။
အစီရင်ခံစာ တစ်စောင်မှာ ဖတ်ရတယ်
အဝေးမှာ ကြယ်တွေ  အော်နေကြရဲ့။
ကျွန်တော့် လည်ချောင်းတွေ ယားလာတယ်မိတ်ဆွေ
ဆင်တစ်ကောင်ကို ဘယ်မြွေမှ ကုန်အောင် မျိုနိုင်မှာ မဟုတ်ဘူးလို့။
ကျွန်တော့်ကို ပြောပြနေတာလား အာဖရိက
ဧပြီလ ပြီးရင် ဧပြီလ မလာဘူး
မစ္စတာဂျွန် (ဝမ်းနည်းပါတယ်) မင်းကို ငါ မသိဘူး။
ကျွန်တော် ငတ်မွတ်ခဲ့ဖူးပုံကို အရသာရှိရှိ ပြန်ပြောပြနိုင်ပါပြီ
ဒိုင်ယာရီထဲမှာ အချက်ပေး ခေါင်းလောင်းတွေ မြည်ကြ
ငွေစက္ကူတွေဆီက အနံ့ တထောင်းထောင်း ရနေပေါ့။
၁၉၉၀ ခုနှစ်က ဟဖြဲထားတဲ့ ပါးစပ်ကြီးတွေဆီ အလည်တစ်ခေါက်သွားဦးမယ်။
ကြွက်ထောင်ချောက်ထဲမှာ ဒိန်ခဲမရှိ
စာချုပ်ထဲမှာ လက်မှတ်ထိုး မရှိ
ကျွန်တော့်မှာ ငွေစက္ကူ မရှိ
စီးကရက်တစ်လိပ်ကို မီးညှိပြီး ငြင်းပယ်ဖို့ ကြိုးစားကြည့်မိပြန်ပေါ့။
ငြိမ်သက်ခြင်းဟာ ဇာတ်ညွှန်းနှစ်ခုကို တစ်ပြိုင်တည်း သရုပ်ဆောင်ရာ ရောက်သတဲ့။
ပျောက်ဆုံးသွားတဲ့ ဖခင်အတွက် သင်္ဘောတစ်စီး ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ သင်္ဘောတစ်စီးအတွက် ရေငုပ်သမားတွေ ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ ရေငုပ်သမားတွေ အတွက် လင်းပိုင်များ ထွက်ခွာခဲ့ပါပြီ
ရောမမြို့ကြီး နှင်းတွေထဲမှာ ငြိမ်သက်တိတ်နေချိန်
ကျွန်တော်ဟာ တယောတစ်လက် ထိုးနေခဲ့တယ်။       ။

နေမျိုး

သရဖူ ၂၀၀၃၊ မတ်လ

No comments:

Post a Comment