လီယိုတော်စတွိုင်းပြတိုက်



အချစ်ဆိုတာ မူးဝေပြီး ဒုက္ခချစ်ဟန်ဆောင်လို့
ထီးတစ်စင်းအောက် မိုးရေထဲမှာ ရွာမဆုံးတော့
မျက်ဝန်းပြာပြာ နှင်းထုဖြင့် ပိတ်ဆိုင်းနေပြီလား
သိုးဆောင်းဘာသာမှ ပြန်ဆိုသော ဆောင်းပါး
ပြန်လည်ကိုးကားလျက် သွားစို့၊ သွားကြစို့
တောလက် နွေရာသီရဲ့ မြေပိုင်ရှင် နံနက်ခင်း
တော်စတွိုင်းပြတိုက် ပလာဇာ(တနင်္ဂနွေနေ့ ပိတ်သည်)
မျက်လုံးထဲက ထွက်ကျလာ မျက်ရည်လားကွယ်
မဟုတ်ဘူး၊ ပန်းချီကားတဲ့
ကျန်းမာ သန်စွမ်းသော ဝမ်းနည်းခြင်းများဖြင့်…

လီယိုတော်စတွိုင်းဟာ  မြို့စားကြီးဖြစ်တယ်
လီယိုတော်စတွိုင်းဟာ အရပ်မြင့်မြင့် ရုပ်ချောချော
ကာလသားရောဂါသည် လူငယ်တယောက်
ဒေါသကြီးတဲ့ ဝက်ဝံတစ်ကောင်ရဲ့ လက်သည်းစူးနစ်
သူ့မျက်နှာထဲ စိုက်ဝင်လို့
သူ့ဝတ္ထုကို အထပ်ထပ်ပြင်ကာ ဖျက်ကာ ရေးရှာပါရဲ့
ပြဇာတ်တစ်ပုဒ် တင်ဆက်ဖို့ရာ
သူ့ကို စန္ဒရားဆရာအဖြစ်ရွေးချယ်
ပီပီပြင်ပြင်သရုပ်ဆောင်ဖို့ သူဟာ သုံးရက်ကြာ
ဘယ်သူနဲ့မှ စကားမပြောပဲ လေ့ကျင့်
ဒါပေမယ့် ပြဇာတ်ထဲမှာ စန္ဒရားတစ်လုံးမှ မပါ
ပျော်ရွင်ဝမ်းနည်းဖွယ် သင်္ဘောတစ်စင်းပါတယ်
သင်္ဘောမာလိန်မှူး ဘုန်းတော်ကြီးတစ်ပါးနှင့်
လူသုံးယောက်ပါဝင် မုန်တိုင်းနှင့် ဒီလှိုင်းကြား
ဂါထာတွေ ရွတ်ဖတ်သရစ္ဇျယ်
ဒဏ်ရာ အနာတရ သေသေကြေကြေ ကူးခတ်ကြ
ဘုန်းတော်ကြီးတစ်ပါး ကုန်းပတ်ပေါ်လဲကျသွား
သူတော်စင်သုံးဦး လက်ချင်းယှက်
ကျွန်းညိုဆီ ပျံသန်းသွားခဲ့ပြီ
မာလိန်မှူး ဘယ်မှာလဲ
တော်စတွိုင်း ရုပ်တုကြီး
တီကောင်တွေ ခေါက်ဆွဲတွေ လုံးထွေး
ငြိမ်သက်လို့…
ဧည့်ပရိသတ်ဟာ လက်ကိုင်ပုဝါကိုယ်စီ
ပြတိုက်ထဲ လှည့်လည်ကြည့်ရှုကြ
တော်စတွိုင်း
စက်ဘီးတစ်စီးနှင့် ခါးထောက်ပြီးရပ်နေ (၁၈၅၂)
ဆိုက်ဘေးရီးယား တောလိုက်မုဆိုးတစုနှင့်အတူ
ကျားသေ တစ်ကောင်ရှေ့
လက်ပိုက်ပြီးရပ်လျက် နှုတ်ခမ်းမွေးနှင့် (မုတ်ဆိတ်မွေး မရှိသေး)
အင်နာ ဗရွန်စကီး ခန်းမဆောင်
သူ့အပြောလေးက တယောလိုချွဲ
သူ့ရင်ခွင်ထဲ ပျော့ပြောင်းသွယ်လျ မိန်းမပျိုတစ်ယောက်
ပုံစာ..(ချစ်သူကို အလိုမလိုက်ဘူး ရင်ခွင်မှာထား ဓါးနဲ့ထိုးမယ်)
ပွတ်ရှကင် ပြောတာလား
အန္တရာယ် တွေ့ကြုံစဉ် ဓါတ်ပုံ
(မျှားပြထားသူ လီယိုတော်စတွိုင်း)

ထိုစဉ် . . . တစ်စုံတစ်ယောက် ပြောရှာရဲ့
သူ့ဘဝ လေးမြတ်ကြီးမားသလောက်
သနားကြင်နာဖွယ်ရာ ကောင်းပါသတဲ့ ။        ။

မောင်သင်းမိုး

ပိတောက်ပွင့်သစ် အမှတ်(၂၄) မေလ၊ ၂၀၀၉ မှ ကူးယူဖော်ပြသည်

No comments:

Post a Comment