အရိပ်လက္ခဏာများ


ငှက်တွေ စ လမ်းဆင်းလျှောက်ကြတဲ့အခါ၊
ချဉ်းကပ်လာနေတဲ့ ယာဉ်တွေဟာ
သေကြေနေကြတဲ့ အရာဝတ္တုတွေရဲ့ ချိုင့်ဝှမ်း
ရှောင်ဖို့ဆွဲကွေ့လိုက်ကြတာကို
ညစာစားပွဲဝတ် ပိုးသားကုတ်အင်္ကျီနက်တွေနဲ့
ကျီးကန်းတွေ
လမ်းပေါ်မှာ ရပ်ကြည့်နေကြတဲ့အခါ၊
ဘဲငန်းတွေဟာ ကောင်းကင်ကို ပယ်ချလိုက်ကြပြီး
ဟိုင်းဝေး ၉၅ ရဲ့ လမ်းပခုံးမှာထိုင်
တောင်ပံတစ်ဘက်မြောက်အရပ်ညွှန်
အခြားတဘက် တောင်အရပ်ညွှန်နေကြတဲ့အခါ၊

ဒီမနက်မှာဆောင်တာ ဘာအရိပ်လက္ခဏာ
အင်္ကျီမပါ ဖိနပ်မပါ ယောက်ျားတစ်ယောက်
သူ့ကားကနေ ကတောင်ချောက်ချားအကြည့်တွေနဲ့
ယာဉ်ကြောတောကြီးထဲပြေးဝင်
တစ်ဘက်စောင်းနင်းသွားတဲ့ လောကထဲပြေးဝင်
သူ့လက်ဖဝါးတွေ ကားနိုင်သလောက်ကားပြီး
ကျီးကန်းလို တအာအာ အော်လုနီးနီး
ဝတ်လစ်စလစ်နီးနီးနဲ့ ပျံသန်းဖို့အားကုန်ညှစ်
မြေပေါ်ကနေ ကြွတက်တော့လုနီးနီး။             ။

လူစီး(လ်) ကလစ်(ဖ်)တင်(န်)

*   *    *

အမေရိကန်ကဗျာဆရာမ လူစီး(လ်) ကလစ်(ဖ်)တင်(န်) က ဒီကဗျာနဲ့ ပတ်သက်လို့ ဟောသလိုပြောပါတယ်။ “ ကျွန်မဘဝမှာ ကျွန်မတွေ့မြင်ခဲ့ရတဲ့ ထူးထူးခြားခြားဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဒီကဗျာကို ရေးဖွဲ့လိုက်တာပါ။ ပြီး..ကျွန်မ စဉ်းစားတယ်၊ ဒီထူးထူးခြားခြားဖြစ်ရပ်တွေဟာ ဘာအဓိပ္ပါယ်လဲ။ ဘာလက္ခဏာတွေလဲ။ သဘာဝမကျတဲ့ အဖြစ်အပျက်တွေကို မြင်တွေ့ကြုံဆုံရတဲ့အခါ ‘ ဘာကြောင့်’ လို့မေးရုံတင်မကဘူး၊ ဒါဟာ ‘လက္ခဏာ’ တခုခုများလား။ အဓိပ္ပါယ်တခုခုများဆောင်နေသလား။ အဲဒီမေးခွန်းမျိုးတွေရဲ့ အရှိန်နဲ့ ဒီကဗျာကိုရေးဖွဲ့ဖြစ်ပါတယ်”
            ဒီကဗျာထဲမှာ ထူးထူးခြားခြားဖြစ်ရပ်တွေ၊ သဘာဝမကျတဲ့ဖြစ်ရပ်တွေကိုဖွဲ့ထားတာတွေ့ရပါတယ်။ ငှက်တွေဟာ မပျံပဲ လမ်းပေါ်ဆင်းလျှောက်ကြတယ်။ ဂုဏ်သရေရှိလူကြီးလူကောင်းတွေ ညစာစားပွဲတက်ရင် ဝတ်လေ့ဝတ်ထရှိတဲ့ ကျက်သရေဆောင် Tuxedo ဝတ်စုံ ဝတ်ထားတဲ့ပုံစံမျိုးနဲ့ ကျီးကန်းတွေဟာ လမ်းပေါ်ကယာဉ်တွေကို ရပ်ကြည့်နေကြတယ်။ ပျံထွက်မသွားကြဘူး။ ဘဲငန်းတွေဟာလည်းကောင်းကင်ဆီ
မပျံကြဘူး။ ဟိုင်းဝေးလမ်းမကြီးရဲ့ လမ်းပခုံးမှာထိုင်လို့။ လမ်းပြပုလိပ်တွေလို တောင်ပံတစ်ဘက်စီ အရပ်တစ်ဘက်ဆီ ညွှန်လို့၊ အရာဝတ္ထုတွေဟာလည်း သေကျေပျက်စီးလို့။ အဲဒီ ချိုင့်ဝှမ်းဟာ အဲဒီ အရာဝတ္ထုအလောင်းကောင်တွေ စွန့်ပစ်ထားတဲ့ သုဿန်တစပြင်လို။
            ဒီမြင်ကွင်းထဲကိုဝင်လာတာက ယောက်ျားတစ်ယောက်။ အင်္ကျီမပါ၊ ဖိနပ်မပါနဲ့။ ဘာဖြစ်လို့မပါတာ
လဲ။ ‘ကတောင်ချောက်ခြားအကြည့်တွေနဲ့’သူဘာကိုကတောင်ချောက်ခြားဖြစ်နေပါလိမ့်။ သူဘာဖြစ်ခဲ့ပါလိမ့်။
သူဟာ အိနြေ္ဒမဆည်နိုင်အောင်ကိုဖြစ်ပျက်နေတယ်။ ယာဉ်ကြောကြီးထဲ ပြေးဝင်တယ်ဆိုတော့ သူ့အသက်အန္တရာယ်ကို မမှုလောက်တော့အောင် ဆိုးဆိုးဝါးဝါးကိစ္စကြီးတစ်ခု ဖြစ်များဖြစ်ခဲ့သလား။ သူ့ကားပေါ်ကနေ ဘာကြောင့်ပြေးဆင်းတာလဲ။ အဲဒီမှာရှိနေတဲ့ အသေကောင်အရာဝတ္ထုတွေနဲ့များ ပတ်သက်နေမလား။ ဘာက သူ့ကို ချောက်ခြားသွားစေသလဲ။ သူဟာ ‘တဖက်စောင်းနင်း လောက’ ထဲ
ပြေးဝင်သွားပြန်တယ်။ ထင်မှတ်ရတာက ယာဉ်ကြောကြီးကို ကန့်လန့်ဖြတ်ကူးပြီး တဘက်မှာရှိတဲ့ လောကထဲ ဝင်ရောက်သွားတယ်။ အဲဒီလောကဟာလည်း သဘာဝမကျ၊ မူမမှန်၊ ကပြောင်းကပြန်တွေ ဖရိုဖရဲတွေ၊ စည်းလွတ်ဝါးလွတ်တွေ ကသောင်းကနင်းတွေ ပြည့်နှက်နေပုံရတယ်။ ပြီးတော့ ကြည့်ဦး။ သူ့ကိုယ်သူ ငှက်လိုပျံဖို့ ကြိုးစားနေသေးတယ်။ လက်ဖဝါးတွေကား ပါးစပ်ကိုလည်း ဖြဲဟပြီး ကျီးလိုတအာအာ အော်ဖို့ ကြိုးစားနေပုံရ။ ကိုယ်ခန္ဓာကလည်း ခုန်ဆွခုန်ဆွ လေထဲထပျံတက်သွားအောင် လုပ်နေပုံရတယ်။ သူဟာ မူမမှန်တဲ့ လောကမှာ မူမမှန်တဲ့ အလုပ်တစ်ခုကို လုပ်နေတယ်။ ဒါမှ မဟုတ် သူ့ရဲ့
ဆန္ဒဟာ ဒီမူမှန်တဲ့ လောက ကနေ ငှက်တစ်ကောင်လို ပျံတက်သွားချင်တာများလား။ ဒီဆန္ဒဟာလည်း မူမမှန်ပြန်ဘူး။ ဖြစ်နေတာတွေဟာလည်း မူမမှန်ဘူး။
            ဒါမှ မဟုတ် မူမမှန်တဲ့ လောကထဲမှာ ဒီမူမမှန်တဲ့လူဟာ မူမမှန်တာလုပ်နေမှပဲ ‘မူမှန်’ ဖြစ်တော့မှာလား။ အဲဒီအရိပ်လက္ခဏာလား။ အရပ်စကားအားဖြင့် ‘ sign တွေပြနေတယ်’ ။ ဒီကဗျာထဲက လူဟာ လူနာလား၊ လူမမာလား၊ စိတ်ရောဂါသည်လား။ အဲသလို စိတ်ရောဂါသည်ဆိုရင် ဘာကြောင့် စိတ်ရောဂါဖြစ်ရတာလဲ။ စိတ်ဖိစီးမှုတွေကို မလွန်ဆန်နိုင်လို့လား။ သူဟာ sign တွေ ပြနေတယ်ဆို၊ အဲဒီ sign တွေရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ နေ့စဉ် ညစဉ် နပမ်းလုံးနေကြရတဲ့ လူသားတွေ။ အတောင်ပံသာပါရင် ထ သာပျံပြေးချင်ကြမှာပဲ။ တောင်ပံလည်းမပါတော့…အင်း၊ အစ်အစ် အာအာနဲ့ ငှက်နဲ့မတူ၊ မျောက်နဲ့တူတဲ့ ခုန်ဆွခုန်ဆွနဲ့။ သြော်..သူ့ဘဝ၊ လူ့ဘဝ၊ ငှက်တွေကလည်း လမ်းတွေဆင်းလျှောက်လို့။ ရယ်စရာလား၊ သနားစရာလား၊ ထိတ်လန့်စရာလား။ (ကျွန်တော်လည်း အဲသလို မကြာခဏ ထထ ဖြစ်တယ်။ သတိသာလွတ်သွားရင် အဲဒီ
ချိုင့်ဝှမ်းမှာ ကျွန်တော်လည်းပဲ သေကျေနေမယ့် အရာဝတ္တုတစ်ခုဖြစ်နေမှာပဲ)။

ဇေယျာလင်း
အလှပဆုံး စကားလုံး  စာအုပ်မှ 

English Section

No comments:

Post a Comment