ပိုက်ဆံရှာခြင်း ယဉ်ကျေးမှုပြ ပန်းပု (၁)


အာရုံခံစားမှု အားနည်းတယ်ပဲပြောပြော သမိုင်းမရှိဘူးပဲ ပြောပြော
ကြေးအိုးထဲမှာ အသားနည်းလာတယ် ပေါက်စီတွေသေးလာတယ်
အမျိုးသမီးရင်သားထွားဆေးတွေ ခွဲစိတ်ထည့်သွင်းမှုတွေ ခေတ်စားလာတယ်
မန်ယူပွဲဦးထွက်ညံ့တယ် မောင်ပြည့်မင်းနဲ့အောင်ပြည့်စုံ တယောက်ချင်း’ ထွက်တယ်
လုံးချောဟာ ရန်ကြီးအောင်ကို ၅ ချီမှာနိုင်တယ် ဧရာဝတီမှာဆန်ဈေးကျတယ်
အဆင့်မြင့်အနုပညာနဲ့ လူပြိန်းကြိုက်အနုပညာ စည်းပြိုကွဲလာတယ်
ပါးစပ်ဖျားမှာ ၀ိုင်းစုခိုင်သိန်း သဉ္စာဝင့်ကျော် စိုးပြည့်သဇင် ဗီတာမင်တွေ
အများကြိုက် ယဉ်ကျေးမှုဟာ  တက္ကသိုလ်တွေမှာ သိက္ခာရှိလာတယ်
မိုးဟေကိုမှာ အောင်ပွဲတွေ ဇယားချထားတဲ့အတိုင်း တန်းစီနေတယ်
ကယ်လ်ဆမ်ကွေကာ ကြော်ငြာရဲ့ ဗလကြီးပုံထဲမှာ အရိုးတွေပေါ်နေတယ်
နာဂစ်ဘေးဒဏ်ခံဒုက္ခသည်ရေလုပ်သားကြီးတွေ ငါးဖမ်းစက်လှေသစ်တွေရကြတယ်
မူလထက်သာလွန်ကောင်းမွန်တဲ့ လူနေမှုဘ၀အထိုက်အလျောက်အဆင်ပြေလာကြတယ်
ဆူပါမင်းနဲ့ ဂျိမ်းစဘွန်းမှာ အားနည်းချက်တွေရှိပေမယ့် အမှန်တရားက အနိုင်ရတယ်
‘မြန်မာ နိုင်ပြီ၊ ဒို့ မြန်မာ နိုင်ပြီ’ ဟာ သွေးထဲမှာ လျှပ်စစ်ဓါတ်တဖြန်းဖြန်း
ဘာအာရုံခံစားမှုမှ မရှိဘူး ဘာသမိုင်းမှ မရှိဘူး ဘာ ဘ၀မှ မရှိဘူးပဲ ပြောပြော
တစ္ဆေတစ်ကောင်လို နေ့စဉ်တွေ့ကြုံသိရှိဝေဖန်ပိုင်းခြား သင်ယူဖြတ်သန်းမှုပဲရှိတယ်
အဲဒါနဲ့ ပြည့်စုံလုံလောက်တယ်ဆိုတာ လမ်းပေါ်က အခြားလူတွေလိုပဲ
ဦးလည်မသုံ စွဲမြဲယုံကြည်စွာ နှလုံးသွင်းလက်ခံထားရှိတယ်
ဘာစားမလဲ ဘာသောက်မလဲ ကိုယ့်ဖာသာမှာစား ကိုယ့်ဖာသာကိုယ်ရှင်း
အချင်းချင်းပဲ အိုက်ဒီယော်တွေ ဖီလော်တွေနဲ့ လာပိန်းမနေနဲ့
အမှောင်ထဲမှာ လင်းအောင်နေ (ပိုးစုန်းကြူးလောက်ပဲဖြစ်ဖြစ်)
ကြောင်မှန်ရင် အခင်းသွားပြီးပြန်ဖုံးတယ်( အဲဒါအသံငဲ့လိုက်တာ)
ရုံးတွေဘာတွေသွားရင် အလှူငွေထည့်ဖို့မမေ့နဲ့(အဲဒါလူမှုအသိတရား)
ဒါမှမသိရင် ခေတ်ကို ဘယ်လိုထင်ဟပ်မလဲ ဆုတွေ ဘယ်လိုမျှော်မှန်းမလဲ
ဒီစာမျက်နှာကို ၁၉ စက်တင်ဘာ ၂၀၀၈၊ ၆း၃၅ မှာ ပြုပြင်ထားပါတယ်
ဒါနဲ့ သင်တန်းတွေ ဘာတွေကော ဆင်းပြီးပြီလား ခေတ်မီစွာ မွမ်းမံနည်း
အလန်ကင်းန်စ်ဘာ့ဂ်(ဘယ်က အလန်ဂင်းန်စ်ဘာ့ဂ်လဲ) ကပြောတယ်
ကဗျာဟာ ပွင့်လင်းမှု တစ်ခုခုနဲ့ အဆုံးသတ်ရမယ်
အဲဒါ သူ့ကဗျာသူပြောတာ လူတိုင်းဟာ အလန်ဂင်းန်စဘာ့ဂ်မဟုတ်ဘူး
ဘေဂျင်းကဗျာအိုလံပစ်မှာလည်း ပြိုင်ပွဲဝင်ဖို့ စိတ်မကူးဘူး
ယောက်ျားတိုင်းဟာ သူ့ရဲ့  တစ်ခုမဟုတ်တစ်ခုတော့ ကြီးထွားချင်ကြတာပဲ
ငါကတော့ ငါ့ဆိုက်ကားဘီး လေအပြည့်ရှိဖို့နဲ့
ရွာက ငါ့အဘလယ်မှာ စပါးအထွက်ကောင်းပြီး ဈေးကောင်းရဖို့ပဲ
နွေရာသီမှာ အဆင်ပြေရင် ရွာပြန်ပြီး သားကို ရှင်ပြုပေးဦးမယ်
မြွေကိုက်ပါတယ်ဆိုမှ ဘယ်ဗေဒကို တစ်ပါတည်းဖမ်းဆီးခဲ့ရမှာလဲဟ ။     ။

ဇေယျာလင်း
၁၉ သြဂုတ် ၂၀၀၈

No comments:

Post a Comment