ဇာတ်သိမ်းပိုင်း



ဇာတ်သိမ်းပိုင်း

မျက်နှာချင်းဆိုင်က လူယောက်ျား၊ သူ့ပြတင်းကို သတိနဲ့ဖွင့်။
ဝုန်းကနဲပြန်ဆောင့်ပိတ်လိုက်တယ် ပြီးသူ့ပါးစပ်ပေါ် လက်နှစ်ဖက်
ပြုတ်တူလိုညှပ်၊ ခြောက်ကပ်ကပ် ၀က်မြည်သံတစ်ခုကို အုပ်ပစ်လိုက်တယ်။

ပြတင်းပေါက်ဟာ နှစ်မီတာမြင့်တယ်၊ အောက်က ၀ါကြန့်ကြန့်မြက်တွေ၊
ဆီးနှင်းခဲ အထပ်ထပ်ကို တဖြောင်းဖြောင်းမြည်စေတယ်၊ အနီရင့်ရင့်
နံရံပေါ်မှာ ကင်းမြီးကောက် တစ်ကောင်
ပြတင်းမှန်ထဲဝင်ဖို့ ကြိုးစားတယ်၊ မအောင်မြင်ဘူး။

အဲဒီလူဟာ မြူတွေမှုတ်ထုတ်လိုက်တယ်၊ ပြတင်းမှန်မှာ
နှာခေါင်းပြားအောင်ကပ်လိုက်တယ်၊ ပြီးသူ့အခန်းထဲ
လှည့်ပတ်ချောင်းမြောင်းတယ်၊ ဖုံထသွားအောင်ကန်လိုက်တယ်။
သူ့အဖြူရောင်အပေါ်အင်္ကျီဟာ သူ့မျက်နှာကို
ငတ်မွတ်ခေါင်းပါးနေတဲ့ ထုံးခြောက်ရောင်ဖျော့သွားစေတယ်။

သူ့လက်ထဲမှာ တင်းပုတ်ရှိတယ်။ အဲဒါနဲ့ ဟိုထိုးဒီထိုး
အချိန်မရွေးပဲ မှန်ကိုအစိပ်စိပ်အမွှာမွှာရိုက်ခွဲပြီး
နေ့အလင်းရောင်ဝင်းပနေတဲ့ လောကထဲ
သူ့သွေးတွေနဲ့ အနားကွပ်ထားတဲ့ ဖန်ကွဲစအချွန်အတက်တွေနဲ့
‘၀’ လုံးပေါက်ကြီးကတဆင့်
ခုန်ထွက်လိုက်တော့မယ့်အတိုင်းပဲ။
ဒါပေမယ့် အဲဒါမျိုး သူလုံးဝ မလုပ်ပါဘူး။

ဘာပဲဖြစ်ဖြစ်လေ ရှင်နဲ့ကျွန်မ သူ့ကိစ္စကိုခေါင်းရှုပ်ခံစရာမလိုဘူး။
ကျွန်မတို့ရဲ့ ပြတင်းပေါက်တွေမှာလည်း ဆီးနှင်းခဲတွေ ထူထပ်လာနေပြီ။
ဟုတ်တယ် - သူ့ကိုဘယ်သူကများ စိတ်ဝင်တစားကြည့်နေတော့မလဲ။
အခြား ဘာကိုမှလည်း စိတ်မ၀င်စားတော့ဘူး။
ဥပမာ။ အဲဒီကင်းမီးကောက်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်။

                                                                        အဲန်ဒရူး မိုးရှင်း(န်)
[ ဟောင်(င်)ရင်း(င်) ၏ မူလကဗျာကိုပြန်ဆိုခြင်း ]

* * * * *


            ကဗျာဆရာ အင်န်ဒရူး မိုးရှင်း(န်) Andrew Motion ဟာ လက်ရှိ ဗြိတိသျှဘုရင်မရဲ့ စာဆိုတော်
Poet Laureate ဖြစ်ပါတယ်။ ဒီကဗျာဟာ သူ့ကိုယ်ပိုင်ကဗျာ မဟုတ်ပါဘူး။ တရုပ်ကဗျာဆရာမ Hong Ying
ရဲ့ မူလကဗျာကို Version ပြုလုပ်ထားတာဖြစ်ပါတယ်။
            ဒီကဗျာထဲက ဇာတ်ဆောင်ဟာ သူမရဲ့အခန်းပြတင်းပေါက်ကနေ ဆန့်ကျက်ဘက်တိုက်ခန်းမှာနေ တဲ့ လူယောက်ျားတစ်ယောက်ကို ကြည့်နေတာ ဖြစ်ပါတယ်။ အဲဒီလူကို သူ့အခန်းပြတင်းပေါက်ကနေ မြင် နေရတာဖြစ်ပါတယ်။အဲဒီလူရဲ့ အပြုအမူတွေကို သူမမြင်နေရပါတယ်။ နောက်ထပ်မြင်ရတာက နံရံပေါ် တွားသွားနေတဲ့ ကင်းမြီးကောက်တစ်ကောင်။
            အဲဒီလူဟာလည်း သူတစ်ယောက်တည်း ယောက်ယက်ခတ်နေပုံရပါတယ်။ လူနဲ့လည်း သိပ်မတူ သလိုပါပဲ။ ၀က်မြည်သံထွက်တယ်။ သားရဲတစ်ကောင် သားကောင်ရှာသလို ချောင်းမြောင်းတယ်။ ဂူအောင်း လူသားလို တင်းပုတ်ကြီးကိုင်လို့။ အခန်းကလည်း မသန့်မရှင်း၊ မလှဲမကျင်းနဲ့ ဖုံတွေ အလိမ်းလိမ်း ထူနေပုံ ရပါတယ်။
            သူဘာလုပ်မလဲ။ သူ့ပြတင်းပေါက်ကိုရိုက်ခွဲပြီး ‘ နေ့အလင်းရောင်ဝင်းပနေတဲ့လောကထဲ’ သူ ခုန်ထွက်လာမလား။ ခုန်ထွက်တယ်ပဲထားဦး၊ သူ့ကိုယ်ခနာ ကို တိုးထွက်ရမှာဖြစ်တဲ့အတွက် သူ့ ကိုယ်မှာ ဖန်ကွဲစတွေရှတော့မှာပဲ။ သူသွေးထွက်ရမယ်။ ထိခိုက်နာကျင်ရမယ်။ အဲဒီနာကျင်မှုနဲ့ လဲမလား။ မလဲဘူး ဆိုတာ မြင်ရတယ်။
            အစက အဲဒီလူကို သူမ စိတ်ဝင်စားတယ်။ ပြီးတော့ စိတ်မ၀င်စားတော့ဘူး။ တစ်ခုခု လုပ်မလိုလိုနဲ့
နောက်ပြန်ဆုတ်သွားတယ်။ စိတ်ဝင်စားစရာမကောင်းတော့ဘူး။ ဘာမှ မထူးခြားတာ။ သူ့အကြောင်း ခေါင်းရှုပ်ခံစရာလည်း တွေးမနေတော့ဘူး။ သူမနဲ့ အဖော်တစ်ယောက်ရှိနေတဲ့ အခန်း၊ ဒါမှမဟုတ် သူမ လှမ်းပြောနေတဲ့ ကဗျာဖတ်သူအခန်းရဲ့ ပြတင်းပေါက်တွေမှာလည်း ‘ ဆီးနှင်းခဲတွေ ထူထပ်လာနေပြီ ’ ။ ကြာရင် ပြတင်းပေါက်တွေကနေ ဘာမှမြင်ရတော့မှာ မဟုတ်တော့ဘူး။ ဆီးနှင်းတွေနဲ့ ပိတ်ဖုံးသွားမှာပဲ။
            အခန်းထဲဝင်ဘို့ ကြိုးစားနေတဲ့ ကင်းမြီးကောက်လည်း မအောင်မြင်ဘူး။ အခြားဘယ်သူ့ကိုမှလည်း စိတ်မ၀င်စားတော့သလို အဲဒီကင်းမြီးကောက်ကိုလည်း စိတ်မ၀င်စားတော့ဘူး။ ဟိုဘက်ကော၊ ဒီဘက်ကော၊ အပြင်ကော၊ အတွင်းကော၊ ပြင်ပလောကကော၊ ကိုယ့်စိတ်တွင်းကော၊ ဆက်သွယ်မှု - ဆက်ဆံမှု - သိမှု ပြုခြင်းကိုကော….ဘာမှ စိတ်မ၀င်စားတော့ဘူး။
            အပြင်မှာ ဆီးနှင်းတွေအရမ်းကျနေတယ်။ ကိုယ့်အခန်းထဲမှာပဲ လုံလုံခြုံခြုံ နဲ့အိပ်ကြစို့။ ဒါဟာ ဇာတ်လမ်းတွဲရှည်ရဲ့ ဇာတ်သိမ်းပိုင်း။ ပြီးရင် ဇာတ်လမ်းဆုံးပြီ။ ဘာကိုမှ စိတ်ဝင်စားမနေနဲ့။ ဘာမှ ခေါင်းရှုပ်
ခံမနေနဲ့။ အိပ်တော့။

ဇေယျာလင်း
အလှပဆုံးစကားလုံးစာအုပ်မှ


To english version

 

No comments:

Post a Comment