Burmese Poetry Foundation လက်ရွေးစင်ကဗျာတင်ဆက်မှု အစီအစဉ် အပိုင်း(၄)


ပိုလျှံနေသော ၀ါကျများ

(၁)

ငါးဟာ….

ရေကိုမသိသလို

လူတွေဟာ….

မသိတာကလွဲလို့

အားလုံးသိခဲ့ကြတယ်။

(၂)

ကြည့်ပါ

တခမ်းတနား နေထိုင်ဖို့

ဘုရားသခင်ကအစ

တစ်ခါသုံးဘောပင်အထိ

ကျွန်တော်တို့….

ဖန်းဆင်းခဲ့ကြ။

ဘာသာစကားကနေ

ဆင်ဖိုနီဓာတ်ပြားအထိ

အင်တာနက်ကနေ

ထရိုဂျင်းနစ် မြင်းရုပ်အထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။

စည်သွပ်ဘူးကနေ

ဆိုကရေတီး အဆိပ်ခွက်အထိ

အိတ်ခ်ျအိုင်ဗွီပိုးကနေ

အင်္ဂါဂြိုဟ်သွားယာဉ်အထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။

ပိရမစ်ကနေ

စက္ကူနဲ့လုပ်တဲ့ပန်းအထိ

ဆံပင်ဆိုးဆေးကနေ

အာဏာရှင်စနစ်အထိ

လူကနေ…

လူပုံတူမျိုးပွားအထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။


(၃)

ကျွန်တော်တို့ဟာ

သစ်ပင်ပေါ်ကဆင်းပြီး

အချင်းချင်းလက်ဆွဲနှုတ်ဆက်

ဟဲလို၊ဟိုင်း၊ဟေး

ယဉ်ကျေးခဲ့ကြပါတယ်။

လေးနဲ့မြားကိုတင်တတ်အောင်

ကောက်တဲ့အခွန်ဆောင်တတ်အောင်

ထီးဖြူမိုးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့

နေ၀င်ရင် မီးဖွင့်တတ်အောင်

တိုက်ပုံအကျီ င်္ ၀တ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဒါဝင်က သင်မပေးရအောင်

ရေချိုးခန်းနဲ့ရေးချိုးတတ်အောင်

ကဗျာရေးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

တံတားဆောက်တတ်အောင်

ဥပဒေပြုတတ်အောင်

ကွန်ဒုံးသုံးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဖဲကစားတတ်အောင်

ဘုရားဖူးသွားတတ်အောင်

နျူကလီယား ဗုံးလုပ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

လပေါ်လမ်းလျှောက်တတ်အောင်

ကာကွယ်ဆေား ထိုးတတ်အောင်

ကိုယ့်အိမ်တံခါးကို လုံးခြုံစွာ ပိတ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

(၄)

ဒီလိုနဲ့…

ကျွန်တော်တို့

စားဖို့အတွက်

ပန်းကန်နဲ့ချက်ပြုတ်နည်းတစ်ထောင်နဲ့

သူများအသက်နဲ့။

သောက်ဖို့အတွက်

အိုအေစစ်နဲ့ မိုးခါးရေနဲ့

ရေသန့်ဘူးစက်ရုံနဲ့။

နေဖို့အတွက်

လေအေးပေးစက်နဲ့

ပြက္ခဒိန်နဲ့

ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။

ကြည့်ဖို့အတွက်

ရုပ်ရှင်ရုံနဲ့ပန်းချီပြတိုက်နဲ့

တတ်ယောင်ကား မျက်စိနဲ့။

နားထောင်ဖို့အတွက်

ရေဒီယိုနဲ့ဓာတ်ပြားနဲ့

နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။

ရှူရှိုက်ဖို့အတွက်

ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့

မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။

စီးပွားရှာဖို့အတွက်

မတော်လောဘနဲ့ ချိန်ခွင်နဲ့

မာကင်တိုင် ၀ါဒနဲ့။

စစ်တိုက်ဖို့အတွက်

လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့

နိုင်လိုမင်းထက်ဝါဒနဲ့။

အပျင်ဖြေဖို့အတွက်

စီးကရက်နဲ့အလေလိုက်စရာနဲ့

အမဲပစ် ရိုင်ဖယ်နဲ့။

ငါမှန်ကြောင်း၊သူမှားကြောင်း

ပြောဖို့အတွက်

ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့

မိုးတစ်လုံးလေတစ်လုံးဘ၀င်နဲ့။

ဖျားနာဖို့အတွက်

အထူးကုဆေးခန်းနဲ့ရုပ်ခန္ဓာနဲ့

ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။

သေဆုံးဖို့အတွက်

သံသရာနဲ့သချို င်္င်းနဲ့

(သေပြီးမှ)….

သတိရကြမယ့် လူတွေနဲ့။

(၅)

ကျွန်တော်တို့မှာ

ဂေါတမဗုဒ္ဓရှိတယ်

နစ်ရှေးရှိတယ်။

မဟတ္ထမဂန္ဒီရှိတယ်

စတာလင်ရှိတယ်။

မိုးဇက်ရှိတယ်

ဗာဂျီးနီးယားဝုဖ်ရှိတယ်။

သောမတ်အယ်ဒီဆင်ရှိတယ်

ဂျက်ဆင်ပိုးလော့ရှိတယ်။

အက်တလတ်ရှိတယ်

ပီတာဝိုင်ယာရှိတယ်။

ဆစ်မဂန်ဖရွိုက်ရှိတယ်

ကိတ်ဝင်းဆလက်ရှိတယ်။

ဖူကူမားယားရှိတယ်

ယူတူးက ဘိုနိုရှိတယ်။

စတီဖင်ဟော့ကင်း ရှိတယ်

အိုစမာဘင်လာဒင်ရှိတယ်။

ကျွန်တော်တို့မှာ

တိရိစ္ဆာန်ရုံရှိတယ်

ဘေးမဲ့တောရှိတယ်။

ဂေါက်ကွင်းရှိတယ်

အကျဉ်းထောင်ရှိတယ်။

စိပ်ပုတီးရှိတယ်

ဆန့်ကျင်ဘက်လိင်ရှိတယ်။

စီးနေတဲ့မြစ်တွေရှိတယ်

ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။

ဝိုင်အိုလက်ပေါင်ဒါရှိတယ်

အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။

သစ်ခွပန်းရောင်စုံရှိတယ်

အသားကြိတ်တဲ့စက်ရှိတယ်။

စားမရတဲ့ သစ်သီးတွေရှိတယ်

လကွယ်ညရှိတယ်။

ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်

ချွေးနံ့ပျောက်ဆေးရှိတယ်။

(၆)

ဒီလိုနဲ့

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

ဘယ်တော့မိုးရွာမယ်ဆိုတာ

ကြိုတင်ပြောလို့။

ယုန် မြေမနင်းသားကို

ဓားနဲ့လှီးကာ

အရသာခံဝါးလို့။

အလင်းနှစ်တစ်သန်းက ကြယ်ကို

နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။

အပါယ်လေးဘုံကို

ဓာတ်လှေကား အလုအယက်ဆင်းလို့။

ပိုတမ်ကင်သဘောင်္က အမြောက်သံကို

စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။

ဧဒင်ဥယျာဉ်ကို

မပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။

ထိုဝါဒ၊ဟိုဝါဒတွေကို

ကိုယ့်နဲ့တော်သလို အကျီ င်္ချုပ်ဝတ်လို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

စစ်ကြေညာလို့

စစ်ပြေငြိမ်းလို့

သစ်ပင်တွေကိုခုတ်လို့

သစ်ပင်တွေကိုစိုက်လို့

လက်ထပ်ကြလို့

ကွာရှင်းကြလို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

သရုပ်ဆောင်လို့

သရုပ်မဆောင်လို့

ရေကိုစုန်လို့

ရေကိုဆန်လို့

တစ်ဝက်ကိုစားလို့

တစ်ဝက်ကိုထွေးလို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

ငါးတွေမျှားလို့

ငါးတွေလွှတ်လို့၊

မှားတာတွေမှန်လို့

မှန်တာတွေမှားလို့

သေရမှာကြောက်လို့

သေရမှာမကြောက်လို့။

(၇)

သမိုင်းနိဂုံးချုပ်ခဲ့ပြီ

ဂုဏ်ဆိုတာငွေကိုခေါ်တယ်

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့

မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်

စိတ်မလုံရင် တိတ္ထုံကိုကြည့်

အိုဇုန်းလွှာကို ကယ်တင်ကြပါ

အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်

ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်

စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့

ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေးကျတယ်။

(၈)

သင်..

နေထိုင်ဖို့ရာ

ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ

ဒါမှမဟုတ်

မပျော်မရွှင် နေထိုင်ဖို့ရာ

ဘာမှ

မလိုပါ။

ဥပမာ

ဒီဝါကျတွေက အစ မလိုသလိုပေါ့။

သစ္စာနီ
(ဟန်သစ်မဂ္ဂဇင်း၊၂၀၀၄၊ နိုဝင်ဘာ)


လက်တဖက်ကိုမြဲနေအောင်ကိုင်ထား

မင်းနေနေတဲ့ ကမ္ဘာကြီးက လည်တယ်
မထင်ရတဲ့ကောင်တွေက လည်တယ်
ဟိုသွားဒီလာသမားတွေ လည်တယ်
ကံအကြောင်းတရားတွေ လည်တယ်
လက်တဖက်ကို မြဲနေအောင် ကိုင်ထား၊
ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်
တိုးရင်းနဲ့ကလိုက် ကရင်းနဲ့တိုးလိုက်
လက်တစ်ဖက်ကိုတော့ မြဲနေအောင်ကိုင်ထား၊
ဂါတွေက ဘလပ်ွထက် ပိုနူးနေတယ်
အရပ်သားတွေက ဇာတ်သမားတွေထက် ပိုလည်နေတယ်
လက်တစ်ဖက်ကိုအပြင်မထုတ်နဲ့
တစ်ခုခုကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို တန်ဖိုးရှိရှိ အသုံးချ
ကောင်းကင်ပြာကြီးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို စိန်လက်စွပ်အပြည့်ဝတ်
အသက်ကယ်ဘောကွင်းကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူ့ပခုံးဖက်လိုက်
ဝှက်ယူလာတဲ့ ဓါးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို ဖက်ရွက်လိုသဘောထား
ကိုယ့်အသက်ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို အလိုမလိုက်နဲ့
နားညည်းလိုက်တာ ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို ခပ်သွက်သွက်လှုပ်ရှား
အရောင်းအ၀ယ်စာချုပ်ကို မြဲနေအောင်ကိုင်ထား
လက်တစ်ဖက်ကို လက်တစ်ဖက်အလျော်ပြန်ပေး
ချစ်စွာသော ဇနီးလေးကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူမြင်အောင် မြှောက်ပြလိုက်
ရေဗူးနဲ့ ဖိနပ်ကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို လက်တစ်ဖက်လိုပဲ ဆက်ဆံ
ကိုယ့်လမ်းကိုယ်သွားကို မြဲနေအောင်ကိုင်ထား၊
မှတ်ထား
လက်တစ်ဖက်ကို မြဲနေအောင် ကိုင်ထား။       ။

မောင်ပြည့်မင်း
ဖက်ရှင်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၅

ဒုက္ခနဲ့တည့်တည့်ကနတ်သား

ဆုတောင်းခန်းအတွင်း
အမြစ်တွေ တန်းလန်းကျ

ဒုက္ခက နောက်ပြန်ဆုတ်ဖို့ရာ
နတ်တို့မှာ
ဘဝတစ်ခု မရှိခဲ့။

ခြေရာတွေ ချောက်ကမ်းပါးဖြစ်၊
သေခြင်းကို ရှုရှိုက်တဲ့
နံရံပေါ်
ငါ့ ဘယ်သူ ရေးဆွဲသလဲ

သံသရာသည် အတွေ့ထူးစွ ။ ။

မောင်သိန်းဇော်
(၁၉၉၂)

(နှင်းရည်စက်လက် + ရှုမျှော်ခင်း ၂၁)
ဇန်နဝါရီ ၂ဝဝ၁
စာပေလောက

 

မဲဆောက်တောင်ခြေ

ရွှေ့ပြောင်းအလုပ်သမား
ရွှေ့ပြောင်းအစိုးရ
ရွှေ့ပြောင်းကဗျာဆရာ
မိုဘိုင်းဖုန်းသံတွေနဲ့ ဆူညံနေတဲ့ကမ္ဘာ

ဂျနီဗာကတိ က၀တ်တွေထက်
ဂျနီဖာလိုပက်(ဇ်)ရဲ့အတွင်းခံ ပစ္စည်းတွေက
ပိုပြီးအရေးပါခဲ့

စစ်ပွဲကြီးတွေအလယ်မှာ
မျက်စိသူငယ်နဲ့
မူးနော်လေး ကိုဖီအာနန်ကိုလည်း
ရွာကိုသာပြန်ပို့ လိုက်ပါတော့


ဖတ်မိတဲ့သတင်းတပုဒ်မှာ
သူ့ကိုကိုက်တဲ့ခွေးကိုပြန်ရိုက်မိလို့
ကံဆိုးမ တိုင်းပြည်က
အမျိုးကောင်းသားလေးတယောက်
မီးရှို့အလောင်းဖျောက်ခံလိုက်ရ

ညက
မဲဆောက်ည အိပ်မက်ထဲမှာ
အဖမ်းအဆီးတွေက ကြမ်းလိုက်တာ
ပြေးပေါက်ရှာမတွေ့တော့
ချောက်ချားစရာကောင်းလိုက်တာအမေရယ်

တောခြောက်သံတွေကြားမှာ
အမောဖောက်သံတွေက ကျွက်ကျွက်ဆူ
အဲဒီ အဆုပ်လိုက်ပွင့်နေတဲ့ သောကအပူတွေကိုတော့
လူဖြူတအုပ်က
စီးကရက်ကလေးဖွာလိုက်
‘Oh! Great’ ‘Oh! Great’
ဆိုပြီး
အာမေဍိတ်လေချဉ်လေးတက်လိုက်နဲ့
မဲဆောက်နိုက်ဘဇားမှာ
‘Crocodile Tears’
မှာ
ဘီယာချောင်းစီးနဲ့
စိမ်ပြေနပြေမြည်းကြ

အိမ်နီးချင်းကောင်းတွေကလည်း
စက်နင်းခုံပေါ်က၀ဋ်ကြွေး
နှစ်ထပ်အချုပ်၊ ဒုက္ခသည်စခန်းနဲ့
ပြည့်တန်ဆာတန်းတွေကို
စာနာမှုလက်ဆောင်အဖြစ်ဝေခြမ်းကြ

ပဏ္ဍိတတွေကလည်း သူဖုန်းစားပမာ ပညာရှာမြဲ
တတိယအရွယ်တွေကလည်း ငွေကမ္မဌာန်းကို စီးဖြန်းမြဲ
ကျနော်တို့နောက်ကျောမှာ လိုက်ရွာနေကျမိုးကလည်း
အမောတကောလိုက်ရွာမြဲ

နှစ်ခါပြန်ချိုးလို့ မရတဲ့မြစ်ထဲမှာ
တခါတည်းသာ နှစ်သေလိုက်ပါတော့
မည်သို့ပင်ဖြစ်စေ
မဲဆောက်တောင်ခြေ
စီးထွေထွေတည့်။ ။

07/17/07
သစ်ကောင်းအိမ်

(
မူးနော်လေး - ကရင်ဘာသာစကား- အပျိုမ
ထိုင်းနိုင်ငံအတွင်း သက်ရောက်အဓိပ္ပာယ်- အိမ်ဖော်)

 

အပျင်းပြေလာတယ်

“ မောမောနဲ့လာတယ်။ ဒါကြောင့်လာတယ်။ ပင်ပင်ပန်းပန်း
 အပန်းဖြေခရီး”
မူးရစ်မယ်။ အလွန်အကျွံအာသာဖြေမယ်။ ရုပ်ပတ်ဝန်းကျင်
မှာလူကြီး
စိတ်ပတ်ဝန်းကျင်မှာခလေး
အူမယ်။ လပြည့်ဝန်းဆီ မရောက်ပဲလည်းအူတယ်

ရှေ့ဆက်တွေ မဆိုးပါဘူး။ ထွက်သွားရရှိခဲ့ဖီလင်တွေတစ်လှည့်
ပြန်
လက္ခံတုံ့ပြန်ဖီလင်တွေ မဆိုးပါဘူး။ နေ၀င်နေထွက်တွေ
မဆိုးပါဘူး။ ဖြစ်တတ်တာ သဘောသဘာဝထုံးတမ်းတွေ
မဆိုးပါဘူး။ နိမ့်နိမ့်ကလေး ရှပ်ပျံ မဆိုးပါဘူး

ကံမကောင်းပဲ ဆက်လိုက်လာတော့ မှုန့်မှုန့်ညက်ညက်
“ လက် ” သွားမယ် လက်မလျှော့နဲ့ လက်မလွှတ်နဲ့ကို
ကိုင်မထားပဲ
အမှုမဲ့ အမှတ်မဲ့ သတိရ။ ပျင်းရိမြဲ ပျင်းရိလျက်
အခွင့်အလမ်းကောင်း ပုံမှန်စောင့်။
စိတ်အလို အလျင်းအလိုက်ဘဲ
အလျင်စလိုလွှတ်ပေး

သိပ်ကျေနပ်တယ် မဟုတ်တာတွေနဲ့စတဲ့ မပျော်ရွှင်စရာ
တစ်ကြောင်း နောက်တစ်ကြောင်း မဟုတ်မချင်း
တစ်ကြောင်းပြီး တစ်ကြောင်း

ခုအချိန်နဲ့ ခုအချိန်မှစ၍ အတန်ကြာတစ်စုံတစ်ရာအသီးသီး
ကိုယ်တိုင်ကိုယ်ပိုင် ခုလောက်နီးနီးသေချာနေသား
လန့်လာရင် ထွက်ပြေးမယ် နောက်တစ်ခု ပြောင်းလုပ်မယ်
ကြိုက်ရင် ဆက်လုပ်နေမယ်အပြင် ဖြစ်နိုင်ချေအထွေထွေ
ရှေ့ဆက်တွေ အများကြီးမျိုးတွေနဲ့ ချိန်ညှိတုန်ခါနေ
ပုံစံတူ အသံပက်တန်များ အလျားဆွဲဆွဲငင်ငင်

လပြည့်ဝန်းဆီ မရောက်သေးလဲ ဘာဖြစ်လဲ။ လာတယ်
မောမောနဲ့လာတယ် ဒါကြောင့်လာတယ် ပင်ပင်ပန်းပန်း
လာတယ်.. လာတယ်

လူဆန်း
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

 

ကြယ်ပျံ

ဘယ်ကိုပျောက်နေတာလဲဆို
မိုးပေါ်တက်ကပ်နေတာပဲလို့ပြောရဦးမယ်
ကမ္ဘာက
ငါ့ကိုမီးခလုတ်တစ်ခုကိုကြော်ငြာတယ်။
ဒီလောကရဲ့စိတ်ဒုက္ခများ
ဒီလောကရဲ့အနှစ်သာရများ
ရေသောက်မြစ်များ။
မေ့နေတယ်
ငါလည်း
ငယ်ငယ်ကနံရံကိုခြေထောက်နဲ့ကန်
တစ်ပတ်ကျွမ်းပစ်ခဲ့တဲ့ဓါးခုတ်ကောင်ပဲ..။
အခုတော့
တိမ်တောက်သလိုငါအမြင်မှန်ရခဲ့
အဲဒါ
စက္ကူပင်ပေါ်ခဏတဖြုတ်တင်နေတဲ့
အရိပ်အယောင်တစ်ခုဆီကပါ။      ။


ခင်ဇော်မြင့်

 

ဟောဒီမှာ ဘယ်သူ့ရဲ့ပုံ

မငြင်းနဲ့၊ ဟောဒီမှာ သက်သေ
ရူးသွပ်မှု၊ အကြောက်တရား၊ ဆင်ခြင်မှုမဲ့တဲ့အခိုက်ခဏ၊ နာကျည်းချက်၊ အမုန်း
အချစ်၊ ခိုကိုးရာ၊ စောင်ရှောက်ခြင်း၊ ၀တ္တရား၊ လိင်ဆန္ဒ
လည်စင်းခံမှု စသဖြင့် စသဖြင့်
ဒါ ခေတ်တခေတ်ရဲ့ အမြင့်မားဆုံး အတတ်ပညာ
ဒါ ခေတ်တစ်ခေတ်ရဲ့ အနက်ရှိုင်းဆုံး အသိပညာ စသဖြင့် စသဖြင့်
ဒါ ပြီးဆုံးမှု၊ ဒါအစ
ဒါ သက်သေ
ဟုတ်တယ်၊ သက်သေ
ဖရိုဖရဲဖြစ်မှုမှာ အလှတရား ရှာတွေ့နိုင်မလား သို့မဟုတ်
သံဝေဂ?. . .?. . .?
ကျောထဲစိမ့်ခနဲ
အသေအချာ ပြောနိုင်တာကတော့ သူဟာ
အရာရာကို အနေအထားအတိုင်း မခြွင်းမချန် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း
၁၈၀၀? သို့မဟုတ် ၁၉၁၀? သို့မဟုတ် ၂၀၀၆? သို့မဟုတ် ၃၀၀၀?
သို့မဟုတ်
မီးတောင်တစ်လုံးဟာ လူ့သမိုင်းတစ်ကွက်ကို မလွဲမချော် မှတ်တမ်းတင်ခဲ့ရာ
(မလွဲမချော်) ချော်ရည်အောက်
အဝေးဆီ ဦးတည်နေပုံရတဲ့ အရိုးစုများ
လိင်ဆက်ဆံနေပုံဟု ယူဆရ အရိုးစုများ
ဟောဒီမှာ အဆောက်အဦးတစ်ခုရဲ့ ထောင့်ချိုးနားက အရိုးစု
ဒါ လူအရိုးစု ဒါခွေအရိုးစု ဒါကြောင်အရိုးစု ဒါလူကြီး ဒါကလေး
ဘယ်အရိုးစုဟာ တယောကိုကိုင်လျက်
ဘယ်အရိုးစုဟာ ရွှေဒင်္ဂါးထုပ်ကို ကျစ်ကျစ်ဆုပ်လျက်
ဘယ်အရိုးစုဟာ ဘယ်သူ၊ ဘယ်အရိုးစုဟာ ယောက်ျား၊ ဘယ်အရိုးစုဟာ မိန်းမ
ဘယ်အရိုးစုဟာ ခင်ဗျားရဲ့အရိုးစုလဲ
ဘယ်အရိုးစုရဲ့ ပိုင်ရှင်ဟာ ဘယ်လောက်ကောက်ကျစ်ခဲ့ပါသလဲ
ဘယ်အရိုးစုရဲ့ ပိုင်ရှင်ဟာ ဘယ်လောက် ဘ၀ကိုကျေနပ်ခဲ့ပါသလဲ
ဘယ်အရိုးစုရဲ့ ပိုင်ရှင်ဟာ ဘယ်လို လက်မတင်ကလေး လွတ်မြောက်သွားခဲ့ပါသလဲ
စသဖြင့် စသဖြင့်
ဘယ်အရိုးစုမှ မမေးဖြစ်ခဲ့မယ် မေးခွန်း
သို့မဟုတ် အရိုးစုတွေက လှမ်းမေးနေတဲ့ မေးခွန်း
ကဲ၊ ဖြေ
ဟော လာနေပြီ လာနေပြီ လာနေပြီ
ချော်ရည်တွေ ဘာသာစကားတွေ မှတ်တမ်းရုပ်ရှင်တွေ
မပြေးနဲ့!
မီးတောင်တစ်လုံး သူ့ကဗျာတွေကို မှုတ်ထုတ်နေပြီ။

ငုအိမ်ထက်မြက်
၂၀၀၆ သြဂုတ် ၁၅

ဝါဒ ဖာသာဟာ ဖာသာပဲ အကြိုက်ဆုံးမတနဲ့

ကတ္တား၊ ကြိယာ၊ ကံ ပုံစံနဲ့ ဘာသာစကားအတော်များများမှာ ၀ါကျကို ရှင်းရှင်းဖွဲ့တယ်
မြန်မာဝါကျဖွဲ့စည်းမှုပုံက ကတ္တား၊ ကံ၊ ကြိယာ ဘယ်ဘာသာစကားကို ဖွင့်မယ်
ခြေလက်အင်္ဂါမပြည့်စုံတဲ့ လိုအပ်လို့ရှိရင်ဝါကျအဖြတ်အတောက်မှာ
ရေးပြီးသွားတဲ့ မူကြမ်းမှာ အားရတဲ့ပီတိစိတ်နဲ့ ကိုယ့်ကဗျာအစဆုံးပြန်ဖတ်
ဖာသာ မညှာမတာပြန်ပြီးတည်းဖြတ်ကြည့် ရှင်းလား၊ လူအများနားလွယ်လည်
ရဲ့လား ဆိုတာနားလည်လွယ်တာနဲ့ ကိုယ့်ဖာသာ ပြန်ပြီးသုံးသပ်သဒ္ဒါသတ်ပုံတွေ
အင်တာဗျူးလုပ်စဉ်မှာ မထင်မှတ်ဘဲ အသက် ၃၅နှစ် လို့ယောင်ပြီးထွက်သွားတယ်
သူက ၃၅နှစ်အထက်ရှိချင်ရှိမယ်။ ဒါမှမဟုတ် ထပ်ဖြည့်ပြီးပါဒ
အဲဒါက အဲဒီပုဂ္ဂိုလ်ပြောတာနဲ့ ပတ်သတ်ပြီးကိုယ်က သံသယရှိတယ်ဆိုတာ
မျက်တောင်အဖွင့်အပိတ်အတွင်း နေ့ခင်းကလည်းကြောင်တောင် မျက်စိကြောင်လို့
စိတ်ကူးပေါက်ရာဆိုတာ နောက်ခံသမိုင်းကိုသာပြောပြတဲ့ ပြောစကားမဟုတ်ဘူး
ဒီငြီးငွေ့စရာကြီးအသက်မပါ ပိုဆိုးတာက ဒီစကားဟာ ဘယ်သူဘယ်ဝါကလာတယ်။
ခွဲခြမ်းစိတ်ဖြာစသဖြင့် စကားလုံးတွေ ဘာကြောင့်သေရတာလဲဆိုတာလေ့လာ
စမ်းသပ်နေတဲ့ ပညာရှင်တွေအကြောင်းကနေဖြစ်စေ ကဗျာစနိုင်ပါတယ်။
လိုချင်တဲ့ အချက်ကို ထိဖို့ စိတ်လှုပ်ရှားခိုင်းပြီး ဒူးနှန့်နေလား  ဝေေ၀လားဝါးဝါးပဲ
ကဗျာ ကတ္တရာ ခြောက်လမ်းသွား အဝေးပြေးလမ်းမကြီးပေါ် သက်သောင့်သက်သာ တင်ယာဉ်
မြို့တော်ရဲ့ပြင်ပ ၅ကီလိုမီတာအကွာမှာ စိတ်လက်သက်သာရာရ အသေးစိတ်ကျကျ။
တစ်စုံတစ်ယောက်တော့ဖြင့် ဒီလိုဟိုလို ခံစားကဗျာရေးတယ်ဆိုပြီးခြုံငုံ
ပါဒမြို့ရဲ့ငြီးငွေ့မှု ဒါမှမဟုတ် နေရာတစ်နေရာအကြောင်းဆီပြန်သွားတဲ့ဝါကျ
စာဖတ်သူက အခြေအနေတစ်ရပ်လုံးကို ကိုယ်စားပြုနေတယ် စာရေးသူရောပါတယ်
ရန်ကုန်ကနေ ကဗျာဟာ တဖြည်းဖြည်းဝေးသွား ကောက်နှုတ်စကားတွေ၊ ဥပမာတွေနဲ့ရေးပြ
မြို့နေလူထုရဲ့ အရောင်သွေးစုံကြွနေတဲ့ သရုပ်ဖော်ပုံမှာ ခြယ်မှုန်သူဟာ ကဗျာပါဒ
အကြောင်းအရာက စာဖတ်သူရင်ထဲစွဲကျန်ရစ်အောင်ရေးတတ်ရမယ်မဟုတ်လား
သူပြောတာတွေထဲကနေ ကဗျာအမြင်တစ်ခုကို ရွေးချယ်ယူ ၀ါကျရောဂါဖြစ်ပွာှးု
အထူးသဖြင့် ဘယ်သူတွေက ကိုယ့်ကဗျာကို ကိုပြန်ဖတ်တဲ့အခါ သာမာန်စာဖတ်သူပဲလား
ပညာတတ်တွေလား။ စိတ်ဝင်စားသူလား။ ငါ့ ကဗျာဆိုတဲ့အနေနဲ့လား။ အသက်ဆုံးရှုံးသူလား
ကဗျာမကြိုက်သူနဲ့ ကြုံဆုံငြင်းဆိုတာနဲ့စိတ်မပျက်ပါနဲ့။ နောက်တစ်မျိုးလှည့်ရေးပါ
တစ်ခါတစ်ခါ ကဗျာတစ်ပုဒ်ကို ရေးဖို့အတွက် အကြောင်းအရာ တစ်ခုမကရှိနေတတ်တယ်
ရန်ကုန်က၀င်လာတဲ့ အဝေးပြေးကားထဲမှာ ရန်ကုန်ဝါကျအသွားတစ်ခုမက
ပါဒ တန်စာခက မျှတမှုရှိမှာပါ။ ရှေ့မှာ ကဗျာရောက်ပြီလေ
အဖွင့် အနေနဲ့တော့ ကဗျာတစ်ပုဒ်ကို မြန်မာနိုင်ငံထုတ် မဂ္ဂဇင်းမှာခုလိုရေးထားတယ်
အစဉ်အလာယဉ်ကျေးမှုများ အန္တရယ်ရှိနေရခြင်းမှာ
များသောအားဖြင့် ဟန်ရေးတပြပြ (ကတ္တား ကံ ကြိယာ) ဒါချည်းခြုံ။
ဖတ်ကောင်းရုံ သက်သက်အတွက်ပဲ မဟုတ်ပါဘူး ဒီစည်းထဲမှာ ဒီဟာအကျုံးဝင်ပါတယ်။

အောင်ပြည့်စုံ
၁၂၊ နိုဝင်ဘာလ၊ ၀၈

Burmese Poetry Foundation လက်ရွေးစင်ကဗျာတင်ဆက်မှု အစီအစဉ် အပိုင်း(၃)


ဘောလုံးအသင်း

 

ကိုယ့်နာမည်ကိုယ်ပြန်မှတ်မိဖို့

ကိုယ်သောက်နေကျဆိုင်ကိုသွားရတယ်

အားလုံးဘယ်သန်၊ အားလုံးလက်ရည်တူ၊ အားလုံးနတ်ဝင်စားတွေချည်း။

သောက်လို့သေတဲ့သူတွေအကြောင်းပြောဆိုငိုကြွေးရင်း

ဆက်သောက်ကြ။

ပြီး

ကိုယ့်အတိတ်ကို ကိုယ်ပြန်သောက်ကြ

သံဝေဂရထားတွေ ခုတ်မောင်းကြ

ပုစဉ်းရင်ကွဲတွေ ရင်ကွဲအောင်အော်သလို

ရင်ကွဲနေသူတွေမို့ ရင်ကွဲအောင်သောက်ကြ

တစ်လုံးမှဝင်အောင် မသွင်းနိုင်ဘူးတဲ့ မိတ္တဗလဋီကာထဲ

အပိုင်ဂိုးတွေ တစ်လုံးပြီးတစ်လုံး စိတ်ကူးနဲ့ကန်သွင်း

နပိုလီယံအစစ်ကို မတွေ့သေးဘူး

ဆက်သောက်၊ ဆက်သောက်

မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်မရသေးဘူး

ဆက်သောက်၊ ဆက်သောက်

ဘယ်ဆိပ်ကမ်းမှ မကပ်ဘူး

ဘယ်ဘူတာမှ မရပ်ဘူး

ဆက်သောက်။

ဆိုင်ပိတ်ချိန်ရောက်ပေါ့။

ကိုယ့်ဂိုးကိုယ်ပြန်သွင်းကြ

ကိုယ့်အန်ဖတ် ကိုယ့်အိတ်ကပ်ထဲကိုယ်ပြန်ထည့်

သူ့ဖိနပ်ကိုယ့်ဖိနပ် တစ်ဖက်စီမှားစီး

ကိုယ့်နားရွက်ကို ကိုယ့်ပုခုံးနဲ့ကိုယ်တိုင်ထမ်းပြီး

ကိုယ့်လမ်းကိုယ်ပြန်ကြ။

အချစ်ရေ

တံခါးဖွင့်ပါဦးကွဲ့။

ဂီတမှာအသံရှိရဲ့လား။                 ။

 

ပိုင်စိုးဝေ

၁၁.၅.၂၀၀၁

သရဖူ၊ နိုဝင်ဘာ၊ ၂၀၀၁

 

Beyond အားလုံးရဲ့ အလွန်က စပေ့(စ်)ကိစ္စ။ ဘေရွတ်(စ်)ဟာ နာမည်ကြီး လူမည်းအဆိုတော်မ

 

စပေ့(စ်)(space)ကိုဒီလိုအဓိပ္ပာယ်ဖွင့်ကြည့်မိတယ်ဆိုရင်ပဲ

၁။စိတ်စပေ့(စ်) ၂၊ရုပ်စပေ့(စ်) ၃။ ကူးလူးဆက်ဆံမှုစပေ့(စ်)

(သီးသန့်အဓိပ္ပာယ်ဖွင့်ဆိုချက်။         ။စပေ့(စ်)(space)ဆိုတာ အပြန်အလှန် ဒီမိုကရေစီ

                                                 ဖွံ့ဖြိုးရာဒေသ၀န်းကျင်)

အပိုင်း(တစ်)

အမှောင်ထဲမှာ အရောင်ဖြူအနားသတ်တွေနဲ့ ဒါဟာ ငါ့ဦးခေါင်း

အမှောင်ထဲမှာ အရောင်ဖြူအနားသတ်တွေနဲ့ ဒါဟာ ငါ့လက်

အမှောင်ထဲမှာ အရောင်ဖြူအနားသတ်တွေနဲ့ ဒါဟာ ငါ့ပါးစပ်

အမှောင်ထဲမှာ အရောင်ဖြူအနားသတ်တွေနဲ့ ဒါဟာ ငါ့နှာခေါင်း

အမှောင်ထဲမှာ အရောင်ဖြူအနားသတ်တွေနဲ့ ဒါဟာ င့ါခြေထောက်

အမှောင်ထဲမှာ အရောင်ဖြူအနားသတ်တွေနဲ့ ဒါဟာ ငါ့မျက်လုံး

အမှောင်ထဲမှာ အရောင်ဖြူအနားသတ်တွေနဲ့ ဒါဟာ ငါ့လက်ချောင်းများ

အမှောင်ထဲမှာ အရောင်ဖြူအနားသတ်တွေနဲ့ ဒါဟာ ငါ့ခြေချောင်းများ

အမှောင်ထဲမှာ . . . . အမှောင်ထဲမှာ . .  . . . အမှောင်ထဲမှာ . . . အမှောင်ထဲမှာ . . .

                                    ငါ့ခန္ဓာတစ်ခုလုံးအုံးအုံးထ အရောင်ဖြူ အနားသတ်တွေနဲ့

အပိုင်း(နှစ်)

            “ကမ္ဘာကြီးပျက်သုန်းတော့မယ်”တဲ့ . . .မယုံဘူး . . .မယုံဘူး

ငါဟာလေထဲပျံသန်းနိုင်တယ် . . .ငါဟာလူသားတစ်ယောက်မဟုတ်ဘူး

ငါဟာလူသားတစ်ယောက်မဟုတ်ဘူး .  .  .လေထဲပျံသန်းနိုင်တယ်. . .

အပိုင်း(သုံး)

            Sky poemကောင်းကင်စပေ့(စ်)ထဲက ကဗျာကိုငါရေးမယ်

“က”ကနေ“အ”အထိ အက္ခရာ(၃၃)လုံး ကောင်းကင်စပေ့(စ်)ထဲမှာ

ဘယ်လက်နဲ့(၃၆၅)ခါ၊ ညာလက်နဲ့(၃၆၅)၊ ပုဒ်ထီးပုဒ်မ အပါအ၀င်။

သရသံ၊ ဗျည်းသံအပါအ၀င်၊ သရပေါင်း၊ ဗျည်းပေါင်းအပါအ၀င်၊ ၃၆၅ခါစီလေထဲမှာ

လေထဲမှာ .  . . . .လေထဲမှာ . .  . . .  . လေထဲမှာ . . .

သတင်းမှတ်စုနှင့် ဓာတ်ပုံကိုငြိဏ်းဝေဖန်တီးသည်။

ဂါဇာကမ်းမြှောင်ဒေသ လေဟာနယ်၌ ဟီဘရူးအက္ခရာများလေထဲတွင် ပျံတက်လေမလား

(ဒါဟာအင်တာနက်ကျန်းမာရေးသတင်းကြေငြာချက်ဖြစ်ကြောင်း)

 

ငြိဏ်းဝေ

 

နွားပြာကြီးအကြောင်းဖွဲ့ ခေတ်ပေါ်ကဗျာ

နွားပြာကြီးအကြောင်း
ကဗျာကောင်းကောင်းတစ်ပုဒ်လောက်
ငါရေးချင်တယ်
ရှေးအခါက ရှေးဆရာတွေ ရှေးကဗျာနဲ့ဖွဲ့သလို
ခေတ်ပေါ်အခါမှာ ခေတ်ပေါ်ကဗျာနဲ့
နွားပြာကြီးကိုဖွဲ့ဆိုမယ်။
နွားပြာကြီးကိုဖွဲ့ဆိုဖို့
နွားပြာကြီးဆီ ငါသွား
နွားပြာကြီးနားမှာ ငါနေခဲ့
နွားပြာကြီးကဲ့သို့ လမ်းလျှောက်
ရေသောက်ရင်လည်း နွားပြာကြီးလို
သြော် . . .အဲဒီလိုအကြည့်နဲ့ ကမ္ဘာကြီးကို ကြည့်မိလေတော့မှ
ငါဟာ နွားပြာကြီးကိုကောင်းစွာနားလည်ခဲ့ရရဲ့
နွားပြာကြီးမှာ အောက်သွားတွေမရှိတော့ပါဘူးကွယ်
ငါဟာ နွားပြာကြီးရှေ့မှာရပ် ငါမင်းကိုကဗျာစပ်မလို့ကွဲ့လို့
ပြောမိတယ်။
နွားပြာကြီးဟာ စာရွက်ထဲကိုလမ်းလျှောက်
စာရွက်ကိုထွန်ယက်ဖို့ ၀င်ရောက်လာတယ်
ကြမ်းထော်အဖေးတက်နေတဲ့ သူပုခုံးကိုဆတ်ခနဲတွန့်လိုက်
ဆတ်ခနဲ၊ ထပ်ပြီးတော့ ဆတ်ခနဲ
ငါက အကျအန သူ့ကိုကြည့်ရှုပြီး
ဟောဒီလို ကဗျာဖွဲ့တယ်
နွားပြာကြီးရေ မင်းခြေရာခွက်ထဲမှာ
သင်္ဘောတွေ ခုတ်မောင်းနေလေရဲ့
သင်္ဘောထဲမှာ ကိုလံဘတ်အသစ်တစ်ယောက်လည်းပါသကွဲ့
နွားပြာကြီးရေ
ကောက်ရိုးထဲမှာ နှမ်းဖတ်နည်းနည်းပဲပါပေမယ့်
အရသာရှိရဲ့မဟုတ်လား
ကောက်ရိုးထဲမှာ နှမ်းဖတ်မပါတဲ့နေ့တွေ
ရောက်လာလိမ့်မယ်
မင်း မြိန်ယှက်ပါစေကွယ်
နွားပြာကြီးရဲ့ကြမ်းထော်ထော်ပုခုံးဟာ
လှည်းဘီးတွေကိုလည်စေခဲ့တယ်
လှည်နေတဲ့ဘီးတွေဟာ ကျေးလက်နဲ့မြို့ကြီးကို
ချစ်ခင်ရင်းနှီးမှုပိုစေခဲ့
နွားပြာကြီးရေ
ငါ့အဖေဟာ. . .မင်းအရေပြားကို ဗုံကျက်လို့တီးခဲ့တယ်
အဲဒီဗုံသံကြားရင် လူတွေ ကခုန်ကြတယ်
ဗုံထဲမှာ မင်းအရေပြားဟာတုန်ခါလို့
တုန်ခါမှုဟာ ဂီတဖြစ်လို့
ဂီတထဲမှာ ငါတို့မြူးတူးမိကြတယ် အခါခါ
နွားပြာကြီးရေ
မင်းဦးချိုကို လေးခွလုပ်လို့
တွေ့ကရာကို ငါတို့လက်တည့်စမ်းခဲ့ဖူးပေသပေါ့
နွားပြာကြီးရေ
မင်းဦးချိုကို တံပိုးခရာလုပ်
လေတဟူးဟူးလွင်ပြင်ပေါ်မှာရပ်ပြီး
ငါတို့မှုတ်ခဲ့ဖူးပေသပေါ့
နွားပြာကြီးရေ
မင်းနံရိုးငေါငေါတွေဟာ ငါတို့အတွက်
ခွန်အားတွေဘယ်လောက်ထုတ်လုပ်ပေးခဲ့တယ်ဆိုတာ
ထင်ရှားတဲ့အမှတ်အသားတစ်ခုပါပဲ။
နွားပြာကြီးတစ်ကောင်အဖို့
အောက်သွားမရှိတဲ့နေ့ရက်တွေဟာ ရောက်လာစမြဲပါကွာ
ဟုတ်ရဲ့လား နွားပြာကြီးရဲ့
နွားပြာကြီးရေ
မြက်ခင်းစိမ်းစိမ်းကြီးတစ်ခုကို
မင်းအိပ်မက်မက်ခဲ့ဖူးသလား
လာပါ နွားပြာကြီးရဲ့
မင်းနဲ့ငါ အစိမ်းရောင်ကမ္ဘာကြီးဆီသွားကြမကွဲ့။          ။

နေမျိုး

 

ဘာကိုမှကြိုတင်စဉ်းစားမထားပါဘူး


ရေဒီယိုခလုတ်ကို ဟိုရွှေ့ဒီရွှေ့မလုပ်ဖြစ်တာ
ဘယ်လောက်ကြာပြီလဲ ကြားစမ်းပါစေ ဘယ်လောက်ကြာကြာ
ကြာပန်းကလေးတွေ ဖူးပွင့်နေတာ မြင်ချင်တွေ့ချင်စမ်းပါဘိ
ဒီညမှာမှ ခါတိုင်းထက် အအေးပိုလာတယ် ထင်ရ
ဘာကိုမှ ကြိုတင်စဉ်းစားမထားပါဘူး။

မန်ယူနဲ့ချယ်လ်ဆီး ဘယ်သူနိုင်မယ်ထင်သလဲ
ခင်ဗျား ဖတ်ချင်နေတာကရောဘယ်လိုကဗျာမျိုးလဲ
ဒီနေ့ဟာ တနင်္ဂနွေနေ့တွေထဲက တနင်္ဂနွေနေ့တစ်နေ့
မေ့လို့မရ မုန်းလို့မရခဲ့တာတွေက ဘယ်သူတွေလဲ ဘာတွေလဲ
ဘာကိုမှ ကြိုတင်စဉ်းစားမထားပါဘူး။

သူအပြာရောင် ဂျင်းန်ဘောင်းဘီကို ၀တ်ထားရဲ့
ကျွန်တော်စီးကရက် မီးခိုးငွေ့တွေ မှုတ်ထုတ်လိုက်တယ်
ခင်ဗျားသီချင်းဆိုချင်တယ် ဆိုလည်းခင်ဗျားသဘော
မူးပြီးပြောတာတွေက နည်နည်းတော့အစွန်းရောက်တယ်
ဘာကိုမှ ကြိုတင် စဉ်းစားမထားပါဘူး။

မီးရောင် ပြိုပြက် ဧည့်ခံပွဲ သွားရမှာပျင်းစရာကြီးဆို
အခန်းထဲ စကားလုံးတွေနဲ့ ကစားချင်လည်း ကစားနေပေါ့
အားအားယားယား တောင်တွေးမြောက်တွေးနေတာလား
အားအားယားယား အဓိပ္ပာယ်တွေ မရှာချင်စမ်းပါနဲ့
ဘာကိုမှကြိုတင်စဉ်းစားမထားပါဘူး။

ဒူးရွန့်ဟာ သူ့ချက်စ်ကွက်ကို သူအတိအကျ ရွှေ့ခဲ့သူပေါ့
ကမ္ဘာကြီးဟာ အမြဲပဲ ပြောင်းလဲနေတာ ငါတို့လည်းပြောင်းလဲ
အရေးမပါတာတွေနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားရ
ငြီးငွေ့မှုတွေ အဆုံးသတ်ဖို့ရာ မလုံလောက်နိုင်သေးဘူးလား
ဘာကိုမှ ကြိုတင်စဉ်းစားမထားပါဘူး။ ။

မင်းထက်မောင်
သရဖူ၊ ဒီဇင်ဘာ၊ ၂၀၀၇

 

စည်းအပြင်ကလူ

 

အခြေအနေက
လူကိုပလက်ဖောင်းပေါ်နေရာရွှေ့ထားတယ်
ဘာဖြစ်လဲ
ငရဲဆိုလည်း အရသာအသစ်
နိဗ္ဗာန်ဆိုလည်း
အတွေ့အကြုံအသစ်ပေါ့
ပန့်ခ်ရော့ခ်တေးကို လေချွန်လို့
နတ္ထိဝါဒီစာတန်းနဲ့ သွေးအေးမိတယ်။
လူ့ဘ၀ဆိုတာ
လေယာဉ်ပျံပေါ်ကကြည့်တော့ ကမ္ဘာမြေပြင်
ကမ္ဘာမြေပြင်ကကြည့်တော့နတ်ဘုံနတ်နန်း
ကိုယ့်အဓိပ္ပါယ်က
မူရင်းအတိုင်းပဲ။
တခြားလူတွေမြင်လား
လျှာဖျားလေးနဲ့ လျက်တာလောက်တော့
ရယ်တာပေါ့
လူပြိန်းဦးနှောက်နဲ့
ပြောတာလောက်တော့ ရယ်တာပေါ့
ပါဝါမျက်မှန်ချင်းမတူလို့
လောကအမြင်ချင်းမတူတာ
အနုပညာကို ပိုက်ဆံအိတ်ထဲကနှိုက်ယူလို့
မရသလို
ဉာဏ်ပညာဆိုတာ
ကျမ်းစာအုပ်တွေထဲက ထွက်လာတာမှ
မဟုတ်ဘဲကိုယ့်လူ။
ရယ်ဒီမိတ်အင်္ကျီဝတ်လို့
ဝံပုလွေနံထွက်နေတဲ့ အရေပြားတွေကြား
ကိုယ်ကဂျင်းန်ပင်အဟောင်းနဲ့ဆိုပေမယ့်
လူကြီးလူကောင်းစိတ်မွေးသူ
မင်းလည်းဒီလိုဘ၀င်မျိုးနဲ့ပဲမဟုတ်လား။
ဘယ်လိုတံဆိပ်နဲ့ဖြစ်ဖြစ်
ကိုယ့်သွေးသားက ကြွပ်ဆပ်တယ်
ကိုယ့်အရိုးကရင့်တယ်။
အခုလည်း
ပလက်ဖောင်းပေါ် ဆောင့်ကြောင့်ထိုင်လို့
လူလောကကို ရယ်သွေးသွမ်းနေပုံ
မိန်းမဆန်ဆန်
စကားလုံးတွေနဲ့ ပစ်ပေါက်ချင်စိတ် မဖြစ်မိ
ဘူးလား
“ဟား- -ဟား- -ဟား”

အောင်ရင်ငြိမ်း
(၂၀၀၇-မတ်လ-ရွှေသမင်)

 

အလုပ်သမားတစ်ဦးသမိုင်းဘာသာရပ်ကိုလေ့လာခြင်း

 

ဆောင်းရာသီတွင် ချမ်းအေးမှုသည် ယခင်နှစ်များထက်ပိုမိုလာ
ထို့ကြောင့် မီးဖိုများအပူချိန်ကို အချိန်ယူပြီး ချိန်ဆ
မဟုတ် မလုပ်မရှိ မဖြစ် မကောင်း မဆိုး အရာရာထဲ
လူတစ်ယောက် သစ်ပင်ခွကြားထိုင်တွေး
စာအုပ်ဟာ မြို့တစ်မြို့ဆီမှာ/ ဒါမှမဟုတ် နေရာတစ်ခုမှာ
မေ့မကျန်သော်လည်း မေ့ကျန်ခဲ့
လေ့လာဖို့ လိုလာတာက ငါအခုပြန်ဖတ်ဖြစ်တဲ့နန်းဟာဗီး
အ၀ါ
ငုဝါ
စဉ်းစားရတဲ့ အကြောင်းတွေ မစဉ်းစားရဲတဲ့နံရံပဲ
နံရံဆိုတာ မခြားထားတာလဲရှိတာပဲ
ခင်ဗျားတို့ ရေတွေပျော်နေတာတွေ့ဖူးလား
ရေတံခွန်ဆိုတာ ရေတွေရယ်မောနေတဲ့နေရာပဲ
ပြည်မြို့တွင် ပြီးတော့ မြို့တစ်မြို့တွင်
ကားများစတင်ချိန်မှာ ပန်းများမွှေးတာပေါ့တဲ့
ချကျွေးထားတဲ့ ခေတ်ကြီးက ဗလာစာရွက်ပေါ်မှာ
သိပ္ပံနည်းပညာခေတ်ထဲမှာ
ငါ့ကို ဘာနဲလာပြီး အရောရောအနှောနှောလုပ်မှာလဲ
ဓားတံဆိပ်နဲ့ဆေးဝယ်ရင် ဒီဇူဇာမှာ စိတ်ချရတယ်ဆိုတဲ့ကြော်ငြာ
ငါကြိုက်တယ်
နောက်တော့ ဖတ်ရင်းနဲ့ ရတ်ဖင်းသွားပြန်ပေါ့
ပျော်ရွှင်မှုကို စတင်တွေ့ရှိသူလည်း မီးနဲ့
အဓိပ္ပာယ်က ဘာကြောင်လိမ်လှေခါးလဲ
မင်းတို့ပြောသလို ငါတို့တုန်းကဆို အစ်ကိုလိုမဟုတ်ဘူး
ညနေစောင်းရင် ဟိုလိုလိုဒီလိုလိုက
သမင်ဖမ်းဖို့ကတဲ့ သီတာဒေ၀ီလွတ်သွားတဲ့ ငါးလို့ဆိုကြပါစို့
ဘယ်တော့မှ အိမ်ပြန်ရတာ အိမ်မရောက်တဲ့အခါ
အိမ်ကို ပြန်ရှာရတယ်ဆိုတာလည်း
ရှိနေတုန်း
ဝက်အူတစ်လုံးလို ပြုန်းသွားအောင်ကြပ်ဖို့ဆိုတာ
ဟာသဓာတ်တော့လိုတယ်
ကြယ်တွေ ငါ့အိမ်ခေါင်မိုးပေါ် လာလာကြွေတိုင်း
ငါအိပ်မက်ဆန်းတွေမက်တာမဆန်းပါဘူး
ဒီနှစ်လည်း
တံခါးဖွင့်ရုံနဲ့ နှင်းတွေအိမ်ထဲဝင်လာပြန်ပြီ။     ။



တိုးနှောင်မိုး
(ဟန်သစ်၊ ဇူလိုင်လ၊ ၂၀၀၇)

 

ကမ္ဘောဇ-ဥဿာ

ပုံဆွဲတာကို ခေတ္တရပ်နားထားပြီး ဂဏန်းသင်္ချာတွက်ခြင်းဆီ
ရုတ်တရက်
ဦးလှည့်လိုက်တယ်၊ မိမိတို့ရဲ့ မိရိုးဖလာမှတ်ပုံတင်နဲ့
ဒီနေ့ရဲ့ နည်းပညာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ
ဒါမှမဟုတ် ဗျူဟာလို ချမှတ်ခံစား ရေးဆွဲလိုက်ပြီး
ပုံဆွဲစာရွက်ပေါ်က ဖြတ်လမ်းနဲ့ ပြန်လမ်းမဲ့ရွေးချယ်လိုက်ခြင်း
မော်စီတုန်းဟာ ဂရင်းနစ်စံချိန်တင်ခဲ့တယ်လို
ယုံမှုပြုလိုက်တာထက် ပိုလွယ်တဲ့ အခက်အခဲတွေနဲ့
သားရေဖိနပ်အစုတ်နဲ့ ဓာတ်ဆီပေါင်းရင် လိပ်ပြာကောင်
အမှတ်တံဆိပ်ရှီတဲ့ ကော်တစ်မျိုးကို ရရှိတယ်
မူပိုင်ခွင့်ထဲမှာ ဘယ်သူမဆိုဟာ ကော်ဖြစ်လာနိုင်တဲ့အတွက်
ကပ်စရာ ရှာထားရမယ်။ ကြုံရာကျပမ်းတွေကို
ဒီအတိုင်းမသုံးစွဲဘဲ၊ မှန်စီရွှေချသလို မိုးဇတ်ခင်းခြင်းအားဖြင့်
ဒီအတွေ့ကြုံတွေထဲက ထပ်မံတည်ဆောက်ရင်း
ဆောက်တည်ရပါတယ်
ပျော့ပျောင်းတဲ့ ရေသဏ္ဍာန်တွေဟာ လျှံတာထက်
မို့မောက်လာလိမ့်မယ်
အခုတလေ ခေတ်စားနေပြီး ခေတ်ထဲမှာပေါ်နေဆဲ
ခေတ်ထဲမှာ ပြိုင်နေဆဲဖြစ်တဲ့ ပရိသတ်များ ဒုံဂွမ် ဒုံဂွမ်
ဂျလောင်း ဂျလောင်း အားပေးနေသည်
ဒိုင်များ မှန်မှန်မှုတ်ပါ(၀ီစီမေ့ကျန်ခဲ့လို့ ထပ်ဖြည့်ပေးပါ ကိုမိုးဝေး)
အကူအပံ့တွေဟာ ထောက်ပို့တပ်တစ်တပ်လောက် အရေးပါတယ်
ပရိသတ်တွေဟာ ကျွန်တော့်ကဗျာကို ဆက်ဖတ်နေ
ကြလိမ့်မယ်ပေါ့
လမ်းတစ်ဝက်မှာ ရပ်မသွားဘူး၊ လမ်းတစ်ဝက်မှာ ရပ်ထားသူဟာ
ငရှောတွေလို အမည်မဖော်လိုသူ၊ အခုလိုတွေ့ရတာ
ဝမ်းသာပါတယ်
ဆိုတာထက် တွေ့ရတာ အခုလို ၀မ်းသာနေတယ် လို့ပြောလိုက်မယ်။
ကလောင်တွေကို မသွေးဘဲထားခြင်းအားဖြင့်
ကလောင်တွေမှာ ရသီဥတုချေးတွေ တင်လာတယ်။
ကလောင်တွေကို တခါတလေမှသာ သုံးစွဲခြင်းအားဖြင့်
ကလောင်တွေမှာ လွမ်းဆွတ်ခံစား မောက်မာတဲ့ အနံ့တွေ
စွဲကပ်ကျန်ရစ်တယ်
ဒါမှမဟုတ်ရင်လည်း လိုင်းကြောင်းနေခြင်းအားဖြင့် မိမိကိုယ်မိမိ
သိနိုင်တယ်၊ အခြားတစ်ခုခု အစားထိုးခြင်းအားဖြင့်နဲ့ပဲ
မိမိတို့ကို မိမိတို့  နှုတ်ဆက်လိုက်တယ်
‘တွေ့ရတာ အခုလို ၀မ်းသာနေတယ်”
မိရိုးဖလာ၊ ဘာသာရေးနဲ့ လူမှုအချက်အလက်တွေဆီကပဲ
စိတ်နဲ့ကိုယ်ကွဲသလို ကွဲပြားနေတဲ့၊ သာမာန်အားဖြင့်မမြင်ရတဲ့၊
ရှိနေတဲ့ ဆဲလ်နဲ့ တစ်ရှူးဥယျာဉ်တွေလို အပူအအေးရေပန်းများ
ထောက်ကန်စေခြင်းအားဖြင့် အထက်ပါ ၀ါကျတွေ
တဖျတ်ဖျတ်လက်ကျန်နေရစ်သလိုမျိုးနဲ့
ညကထွက်ကျတဲ့ ကြယ်များစွာလို အခါသမယအားဖြင့်
ဝါလကင်းလွတ်ပြီ၊
ကြယ်တွေဟာ သူတို့ရှိနေမှန်း သူတို့ကိုယ်သူတို့
သိနေကြတဲ့အတွက် ကောင်းကင်ပေါ်မှာ ဘာမှမစားမသောက်ပဲ
နှစ်ရှည်လများ နေနိုင်ကြတယ်
ကိုယ့်ရဲ့ကြည့်မှု၊ သိမှု၊ အနားယူမှုလေးဖြစ်ပါစေ။      ။

ဝင်းမြင့်
၁၀၊၁၀၊၀၉

 

လမ်းလျှောက်ထွက်ခြင်း

 

ငါ့ကိုယ်ငါနောက်ဆုတ်ကြည့်လိုက်ရင် ငါကားမှတ်တိုင်ကို
နောက်ပြန်လျှောက်မယ်၊ မြောက်ဒဂုံအထိ
ဘတ်စ်ကားကနောက်ပြန်ဆုတ်မယ် ၁၀နာရီကနေ
၉နာရီ ထိုးသွားမယ် သောက်လက်စ စီးကရက်ကပြန်ရှည်
အသစ်ဖြစ် စီးကရက်ဘူးထဲဝင်၊ စီးကရက်ဘူးက
ပါကင်ပိတ်ပြီးသား ဖြစ်သွားမယ်၊ ငါ့ဆံပင်နည်နည်း တိုဝင်သွားမယ်
ဘောလုံးက ပိုက်ထဲကနေ ဂိုးသမားကိုကျော် တိုက်စစ်မှူးဆီ
ရောက် တိုက်စစ်မှူးဆီကနေ အလယ်တန်း၊ အလယ်တန်းကနေ
နောက်တန်းရောက်သွားမယ်။
ငါစီးတဲ့ ရထားက ရန်ကုန်ကနေ မန္တလေးကို နောက်ပြန်ဆုတ်
သွားမယ်၊ အခု ငါဆယ်တန်း၊ နောက်နှစ်ဆို ကိုးတန်း
ကိုးနှစ်လောက်ကြာရင် ငါအ,ကနေ ကကြီးအထိ အော်ဆိုရမယ်၊
ငါအရပ်ပုဝင်၊ ငါ့ကိုယ်သေးသေးသွားမယ်၊
အခု ငါးနှစ်သား၊ ရှေ့နှစ်ခါဆို ငါလေးနှစ်သား ဖြစ်တော့မယ်။
မြစ်တွေက ပင်လယ်ကနေ တောင်ပေါ်ကိုတက်သွားမယ်
နောက်ခုနှစ်နှစ်လောက်ဆို ငါ့အမေလည်း အပျိုပြန်ဖြစ်၊
ငါ့အဖေလည်း လူပျိုလုပ်၊ ငါဘယ်ရောက်သွားမှာလဲ။
စက္ကူတွေလည်း
ဝါးတောဖြစ်၊ သကြားတွေလည်း ကြံခင်းဖြစ် ကမ္ဘာကြီးလည်း
နေထဲပြန်ဝင်
ငါ့ကိုယ်ငါ ကျော်ရစ်ကြည့်လိုက်ရင် ငါက ခေါင်းဖြူစွယ်ကျိုး
အဘိုးအို ကိုယ့်ကိုယ်ကိုယ်
မာအောင်နေလို့ သားမြေးတွေက
ကျယ်ကျယ်အော်ပြောပေးကြမယ်။
မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ နားလေးပါးလေး
တောင်ဝှေး တတောက်တောက်ထောက်၊ တောင်တွေးမြောက်တွေး
ပုတီးစိပ်နေထွက်နေ၀င်၊ တုန်တုန်ချိချိ ပျင်းခြောက်ခြောက်နဲ့။
ဘာလဲ ဒီအခြေအနေမှာ မပျော်လို့လား။
ငါ ဥုံဖွ အကုန်ရရင်ကော. . .။ငါဟာ လုံးဝဥဿုံ
Ready Made ထုပ်တွေ ပိုင်တယ်ဆိုပါစို့။ ဗိုက်ဆာတယ်
ထမင်းစားမယ်၊ ရတယ်။ ထမင်းဖြစ်တယ်
ပျင်းလို့သူငယ်ချင်းတွေဆီ ဖုန်းဆက်မယ်။ Hand Phone
Ready Made ဆေးတစ်ပြားကို ရေနွေးထဲထည့်လိုက်၊
ရပြီ။ အရက်သောက်ရမလား ရတယ်။
ကားစီးမလား ကားရယ်ဒီမတ်၊ အင်္ကျီအ၀တ်အစားရယ်ဒီမိတ်
ဘောလုံးကွင်း ရယ်ဒီမိတ်၊ တီဗွီရယ်ဒီမိတ်၊
ငါက မကောင်းတာတွေကို သိသိကြီးနဲ့ ရယ်ဒီမိတ်အဖြစ်
လိုချင်နေဦးမယ်။ လိုတယ်ထင်တဲ့ ရယ်ဒီမိတ်တွေကိုလည်း တချိန်မှာ
ငြီးငွေ့လာဦးမယ်။
ငါဟာ တခုခု လိုချင်ရင်တောင်မှ
အဲဒီတခုခုက ငါမလိုချင်တဲ့ အရာဖြစ်သွားမယ်။
ဥပမာ လူငယ့်ဘ၀၊ အိမ်ထောင်သည်၊ တေးသံရှင်၊
ရုပ်ရှင်မင်းသား၊ စာရေးဆရာ၊ ဘောလုံးအကျော်အမော်၊
ဘဏ်သူဌေး၊ ၀က်သားတုတ်ထိုးစားသူ၊ မျက်နှာဖုံးရှင်
မန်နေဂျင်းဒါရိုက်တာ၊ ကလပ်အသင်းပိုင်ရှင်၊ သင်္ဘောကပ္ပတိန်၊
နွားကျောင်းသား၊ စွန့်လွှတ်သူ၊ ဟေးလားဝါးလား၊ ဦးရွှေရိုး။
ကွမ်းကြိုက်တဲ့လူလည်း တနေ့တော့သေရမှာပဲ။
မသေချင်တဲ့ လူလည်း တစ်နေ့တော့သေရမှာပဲ။
မနေချင်တဲလူလည်း တစ်နေ့တော့ နေနေရမှာပဲ။
တနေ့တော့ ငါ့အတွေးက ငါ့ခေါင်းထဲ ပြန်ဝင်သွားပြီး
ငါဟာ ငါ့အတွေးထဲက ထွက်လာတယ်
ထုံးစံအတိုင်း ငါ့မူငါ့ဟန်နဲ့ ။ ။

ဝိုင်ချို
သရဖူ၊ ၂၀၀၇၊ ဒီဇင်ဘာ