Burmese Poetry Foundation လက်ရွေးစင်ကဗျာတင်ဆက်မှု အစီအစဉ် အပိုင်း(၂)
အိမ်ငေးသူ
ငါ အိမ်ကိုငေးခဲ့
ကွာဝေးလွန်းလှချည့်။
ညာဖက်မှာ မန္တလေးတောင်ရယ်
ငိုက်လို့သူငေး
ဘယ်ဖက်မှာ ရန်ကင်းတောင်ရယ်
ငိုက်လို့သူငေး
အလယ်မှာ
အိမ်ငေးသူငါ
မွန်းတည့်နေ တည့်တည့်ကြီးအောက်မှာ
ဘယ်လိုမှ အရိပ်ခိုဖို့တိမ်းစောင်းစရာရယ်မရှိ
နေထဲမှာ
ငါဟာ ငါ့အိမ်ကိုငေးခဲ့
မွန်းတည့်နေကလည်း
မိဘက သားသမီးကိုလိုက်စောင့်ရှောက်သလို
ငါ့ကို လိုက်စောင့်ရှောက်ခဲ့
ငါဟာ အိမ်ငေးသူပါ။
ဟိုး..အဝေး
မြေလတ်မြို့ကလေးဆီက
ယိုင်နဲ့နဲ့အိမ်ကလေးထဲ
အိမ်ငေးသူ ငါ ၀င်ရောက်သွား
ငါ့ဇနီး ငါ့အပေါ်အပြစ်ဖို့သံ ငါကြားမြင်ရ
လျှပ်စီးတဖျတ်ဖျတ်လက်သလိုမျိုးအသံ
ငါ မျက်စိစူးပေမဲ့ ငါချစ်ခဲ့မိပေါ့
မလောက်မင မ၀ရေစာထမင်းလုတ်တွေ
ငါ့မိသားစု တိုင်းပြည်လေးပေါ်
မ၀ရေစာထမင်းလုတ်တွေထဲ
ငါ့သမီးလေးတွေ အစီအရီပေါ်လာ
ဆန်ရွေးနေဆဲ သမီးကြီးရယ်
စာကျက်နေဆဲ ငါ့သမီးလတ်ကလေးရယ်
တစ်အိမ်လုံးမှာ
ဘာများစားစရာ လက်ကျန်ရှိမလဲလို့
မျက်လုံးဝင်းဝင်းတောက်တောက်ကလေးနဲ့
ကြောင်ကလေးလို
တစ်အိမ်လုံး လိုက်အနံ့ခံရှာဖွေနေတဲ့
ငါ့ သမီးငယ်ကလေးရယ်
ငါတွေ့မြင်လိုက်ရ
(တကယ်တော့
ဘာစားစရာမှ မရှိရှာပါဘူးကွယ်)
နောက်ထပ်
လျှပ်စီးရောင်တလက်လက်
ငါ ချစ်မိတဲ့အသံ
အဲဒီအသံကို ငါကြည့်မိ
ငါ ရုတ်တရက်အိုမင်း
ငါ့ အိုမင်းရုပ်မျက်နှာကို ငါပွတ်သပ်မိ
အိမ်ငေးသူ သူတို့အဖေငါ့ကို
သူတို့တတွေမမြင်ပေမဲ့
တောင့်တကြပေလိမ့်မယ်။
ငါ အိမ်ကိုငေးမိ
ကွာဝေးလွန်းလှချည့်။
ငါ အိမ်ကိုငေးစဉ်
လယ်သမားတစ်ဦးအသံ ရုတ်တရက်ကြားရ
"ဟောဟို ကောက်ပင်တွေ
စိမ်းစိုပိန်းပိတ်နေတာပဲ
အဲဒီလို ဖြစ်ရမယ်
ဒီဘက်လယ်ကွက်ကတော့ကွာ
ပုလဲလိုနေလို့
မြင်လား ၀ါရော်ရော်ကောက်ပင်တွေချည်းပဲ"
ဟုတ်လား
အိမ်ငေးသူငါဟာ
ပုလဲလိုနေတဲ့ လယ်ကွက်လား
ဒါမှမဟုတ်
ငါ့ခေါင်းပေါ်ကဖြူစဆံပင်တွေဟာ
ပုလဲလိုနေတဲ့ ကောက်ပင်တွေလား
ဒါမှမဟုတ်
ဒီမွန်းတည့်နေ တည့်တည့်ကြီးအောက်က
ငါ့ဘ၀တည့်တည့်ကြီးကကော
ပုလဲလို လယ်ကွက်လား။
ငါ့အိမ်ကို ငါငေးမလို့လုပ်တုန်းမှာ
ရေပြင်က ထွေးထုတ်လိုက်လေသလား
ဘဲအုပ်ကြီး
တသီတတန်း ကမ်းပေါ်တက်လာ
တောင်ဆီကို ကြည့်လိုက်တော့
အပြိုင်အဆိုင်ဆောက်နေတဲ့ တိုက်တွေလို
တိမ်တိုက်ဖြူဖြူတွေ
တောင်ပေါ်မှာမြို့
ရုတ်တရက် လေကလေးတိုးဝှေ့လာ
ငါ့ကိုယ်ခန္ဓာ
သီတဓာတ်ရသလိုလိုမို့
ငါ့ကိုယ်ငါ ပြန်ငေးဖို့အားရှိလာ
"ဟေ့ ဘယ်သူက အိမ်ငေးနေတာတဲ့တုန်း"
"ဟေ့ ဘယ်သူ အိမ်ငေးနေတာတဲ့တုန်း"
လောလောဆယ် လူအိုရုပ်ပေါက် ငါ့မျက်နှာလား
လူအိုလူမင်းလို ငါ့သားရေဖိနပ်လား
ငါ့ပူဆွေးမှုကို ငါကြည့်နေရတာလား
ငါ့ပူဆွေးမှုက ငါ့ကို ပြန်ကြည့်နေတာလား
ငါ့ခေါင်းပေါ်က
ပုလဲလို ငါ့ဆံပင်လယ်ကွက်လား
ငါ အိမ်ငေးရင်း ဝေး ဝေး လာ
ငါ အိမ်ငေးရင်း ဆွေးမြေ့ကွဲအက်လာ။
ငါဟာ အိမ်ငေးသူပါ
ငါဟာ တူရာသီဖွားတစ်ယောက်ပါ
ဘာကြောင့်များ
သမာသမတ်ရှိသူ တူရာသီဖွားဟာ
အိမ်ငေးပြီး
အထီးကျန်ပြိုကွဲဆွေးမြေ့နေရပါလိမ့်
လိုအပ်တာထက် ပိုမိုရိုးသားခဲ့လို့များလား
ငါဟာ
တွားသွားသူ သစ်သားဘတ်စ်ကားပေါ် တက်လိုက်တယ်
ဘတ်စ်ကားပေါ်ကသူတွေ
ငါ့ကို အိမ်ငေးသူလို့ မသိကြပေမဲ့
သစ်သားဘတ်စ်ကားကြီးက သိထင်ရဲ့
ပင်စင်စား ဖိုးကြီးအိုလို
တရွေ့ရွေ့ တွားလို့တွားလို့သာ။
ကြည်ကုန်း
မိုင်ကုန်း
ဝူးကုန်း
ဒုတိယမြို့တော် နန်းတော်ရှေ့
အိမ်ငေးသူ ငါ့ရှေ့မှာ
ငါ့အိမ်ကလေးမြေလတ်မြို့
အိမ်ငေးသူ ငါ့နောက်မှာ
နာမည်သုံးလုံးမြို့ကလေး
အဲဒီ နာမည်သုံးလုံးမြို့ကလေးထဲမှာတော့
မြွေမျက်လုံးနဲ့ သွားတက်ကလေးရှိသူ
ထက်မြက်သူ လူငယ်ဟာ
သူ့ထက်မြက်မှုကို အရက်ပြုသောက်ပေလိမ့်
ပြီး..ဖျာတစ်ချပ်ပေါ်မှာ လဲလျောင်းနေပေလိမ့်
အိမ်ငေးသူ ငါဟာ
ဒုတိယမြို့တော်ကြီးကနေ
ပထမမြို့တော်ဖြတ်
ငါ့အိမ်ဆီ မဝေးဖို့
အိမ်ငေးသူဟာ
ငါ့မျက်နှာပေါ်က
လောလောဆယ် အမာရွတ်လား
ငါ ပွတ်သပ်လိုက်မိသေး
မဟုတ်ဘူး
ငါ့အိမ်ဆီ မဝေးဖို့
အိမ်ငေးသူ ငါဟာ
ဖိနပ်သစ်တစ်ရံ ၀ယ်လိုက်တယ်။
မောင်ချောနွယ်
ကြောင်ရဲ့ပီယာနို
(၁)
အမှောင်ထဲကို
ကြောင်တစ်ကောင် ထွက်ပြေးသွားတယ်။
(၂)
မိုးကောင်းကင်ဟာ
မာယာတွေနဲ့
မှောင်လို့ . . .။
(၃)
ရာသီဥတုရဲ့ ရွဲ့စောင်းမှုကို
ပီယာနိုနဲ့ ခပ်လျော့လျော့သူတီးတယ်။
(၄)
အဲဒီ
ကြောင်ဟာ
မြို့ပြရဲ့ရင်ဘတ်ကြီးပေါ်မှာ
အသံတိတ် ဆူညံပေးခဲ့တယ်။
(၅)
အရည်ပျော်နေတဲ့ တိမ်တိုက်တွေဟာ
စိမ်းလန်းတဲ့ ဒဏ္ဍာရီ
ကောင်းကင်စားပွဲတစ်ခုနဲ့ပေါ့။
(၆)
အမှောင်ထဲကို
ကြောင်တစ်ကောင် ထွက်ပြေးသွားခဲ့တယ်။
(၇)
အမှောင်ထဲကကြောင်
သူဟာအမှောင်ထဲကို ထွက်ပြေးသွားပေါ့။        
(ဟိုးလဗ်သို့)
မြေချစ်သူ
ရုပ်ရှင်တေးကဗျာ၊ သြဂုတ်၊ ၁၉၉၅
အသားညှပ်ပေါင်မုန့်
အသားညှပ်ပေါင်မုန့်ကို
ပလုတ်ပလောင်းစားနေတဲ့အသံနဲ့ အော်ပြောတယ်
သူ့အော်သံ ဘယ်မြို့အထိ ရောက်သွားနိုင်သလဲ
“ဟဲ့ . . .ရောက်ရမယ့်နေရာ  မရောက်သေးတဲ့လူ
ဟဲ့ . . .ဘာတစ်ခုမှ မအောင်မြင်တဲ့ လူ့အန္ဓ
ဟဲ့ . . .သစ္စာတရားခေါင်းပါးတဲ့ လူ့ဗာလ”
အသားညှပ်ပေါင်မုန့်ကို စားရင်း ငါ့ကိုအော်ပြောတယ်။
ငါ့ကို ခုလို စွပ်စွပ်စွဲစွဲ လှမ်းအော်ပြောလိုက်တဲ့ လိင်
ခင်ဗျားဟာ အသားညှပ်ပေါင်မုန့်နဲ့ ထိုက်တန်ပါတယ်လို့
ပြန်လည်နှစ်သိမ့်မိပါရဲ့ .  . . ဒီမုန့်
အသားညှပ်ပေါင်မုန့် ဖြစ်လာဖို့ လူဘယ်နှယောက်
အင်အားစိုက်ထုတ်ခဲ့ရသလဲဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်
လွန်ခဲ့တဲ့နှစ်ဂျုံစေ့ကို ဒီမြေပေါ်စိုက်ပျိုးချိန်ကစပြီး
ဒီခြံမှာ ဘဲအကောင်သုံးထောင်ပေါက်ဖွားရာကစပြီး
ဒီမုန့်ဖြစ်လာဖို့ ဂျုံအိတ်တွေ တင်လာတဲ့
ဘဲတွေတင်လာတဲ့ ကုန်တင်ကားကြီးတွေ
လရောင်ဖွေးဖွေး အဝေးပြေးလမ်းမကြီးတွေကနေ
ငါတို့မြို့ကို အချိန်မှန်ရောက်လာခဲ့တယ်။
ဒီမှာကိုယ့်လူ . . .
အသားညှပ်ပေါင်မုန့်ကို ကျုပ်လည်းသွားဝယ်မယ်
လရောင်အောက်မှာ
လွမ်းလွမ်းတတဖြစ်နေရာက ထလိုက်တယ်။
ငါ့မှာ ငွေစက္ကူနည်းနည်းရှိနေပါသေးတယ်။
ခုတော့ . . . င့ါစိတ်ဟာ အသားညှပ်ပေါင်မုန့်ဆီမှာပဲ။    
ထွန်းဝေမြင့်
အာတီဖစ်ရှဲလ်မိုးဝေး
ဖွာနေတဲ့ စီးကရက်ပုံမှန်အရဆို
ရုတ်တရက်ကင်းလွတ်နေချင်တယ် ရုတ်တရက်
ရောက်လာတာ ယုတ္တိ ကားတစ်စီး
ငါမပါဘဲ လိုက်သွားလို့ရတယ်လို့ လိုက်ဖူးလား
ရှေ့မှာလာနေပြန်ပြီ ဟော ရှေ့မှာ ယုတ္တိ ယိုယွင်းစကားတစ်စီး
ယုတ္တိ ကို အမြင်နဲ့တည်ဆောက်ကြတယ်
တည်ဆောက်ထားတဲ့ပလက်ဖောင်းပေါ်မှာ
ယုတ္တိ ကင်းမဲ့သွားတဲ့ အရိပ်ထင်းထင်းကြီး
အဲ့ဒီစီးကရက်ထဲမှာ အဲ့ဒီစီးကရက်ဖွာနေတာ
ငါလို့ ဘာ့ကြောင့် ပြောလို့ပြောရတာလဲ
ကားမီးရောင်ကြောင့် ပြောလို့ရတယ်
ပြောလို့ရတာတွေကို ဆွဲဆန့်ကြည့်စမ်းကွာ
ပြောလို့ရတာတွေကို ဓာတ်ငွေ့တန်းစီစောင့်သလို ဆောင့်တွန်းလိုက်ဦ်းကွာ
ဟေ့ ... ငါအရင်ရောက်တာ၊ ဟေ့ ... သူအရင်ရောက်တာ၊
ဟိုမင်း အရင်ရောက်တာဟေ့ ၊ ဟေ့ ... ဟိုကောင်အရင်ရောက်တာနော်
အော်ချင်သလိုအော်ကြ၊ ဆိုက်ရောက်ရာ သွားရမယ့် ဘူတာအဖြာဖြာ
ဝေနေတဲ့ပန်းတွေဟာ လျှပ်စစ်သားနဲ့လုပ်ထားတယ်
ဘူတာတွေဟာ လျှပ်စစ်အားတဲ့ပြောင်းရွှေ့ထားတယ်
ဘူတာရှိရင် ရထားရှိရမယ်လို့ ဘယ်သံလမ်းက လမ်းပေးထားသလဲ
နောက်က ကားကို နောက်ခံကား ပြောင်းကြည့်လိုက်ပါခင်ဗျာ
မြစ်ထဲမှာ အမြစ်တွေပွားနေတာ
အနက်တစ်ခုဆီပဲ ရောက်ချင်ရင် လိမ္မော်မရောက်ဘူးဟာ
စကားထာ^ စကားလိမ်လား
စကားတိမ်သားများ နယ်စွန်နယ်ဖျား ဒေသများအထိ ပြေးလွှားနေကြသည်
ရှပ်ပြေးသင်္ဘောပေါ်မှာ ကိုရှပ်ပြေးတစ်ယောက် ရှပ်ပြေးနေသည်
ဟေ့ကောင်... ကြပ်ကြပ်သတိထားပြေး။ ။
မိုးဝေး
၁၉၈၅ခုနှစ်က နှင်းဆီ
(၁)
နယူးယောက်ဆိုတဲ့ မြို့ကြီးရဲ့
၀၀ဖီးဖီးကဖီး ဆိုင်ကလေးတစ်ဆိုင်မှာ
ဟောဒီစဟာမျက်နှာကို မင်းဆွဲလှန်မိမယ်ဆိုရင်
ဒီကဗျာဟာ မင်းအတွက်ပဲ ရည်စူးပြီး ရေးလိုက်ပါပေရဲ့
အရောင်ရင့်ရင့် အပွင့်ကားကား နှင်းဆီရေ။
(၂)
ဂန္ဓလရာဇ်သွေးရောင်လွှမ်းနေတဲ့
မင်းရဲ့ အနီရောင်နှုတ်ခမ်းသားပေါ်မှာ
ငါဟာ အပျင်းပြေလမ်းသလားနေကျ
မင်းရဲ့လျှာ
မင်းရဲ့သွား
အဲဒီအရာနှစ်ခုကြားကနေ
ဖြတ်သန်းတိုက်ခတ်လာတဲ့လေ
ပူနွေးစွတ်ဆိုနေပေမယ့်
စပျစ်သီးနံ့လေး သင်းပျံ့နေတတ်လို့
ငါဘယ်လို မေ့ပစ်နိုင်မှာလဲ။
(၃)
မင်းရဲ့ ရေစိုဆံပင်တွေ ဖြီးသင်ပေးနေခိုက်
ငါ့ရဲ့ တောစီးဖိနပ်ကို ကြိုးတပ်ပေးခဲ့တာ
ဘ၀ရေစက်လို့ ခေါ်ရမလား
ဒီကပဲ မှားယွင်းခဲ့ပါတယ်။
(၄)
“ဟစ်တလာ”ကို ငါတို့ မချစ်ခဲ့ဘူး
“ရှိတ်စပီးယား”ကို ငါတို့ ချစ်ခဲ့တယ်
“မူဆိုလီနီ”ကို ငါတို့ မချစ်ခဲ့ဘူး
“မိုဒီဂလျာနီ”ကို ငါတို့ ချစ်ခဲ့တယ်
“စတာလင်”ကို ငါတို့ မချစ်ခဲ့ဘူး
“ယက်ဖ်တူရှင်ကာ”ကို ငါတို့ ချစ်ခဲ့တယ်။
(၅)
“ကိုလံဘတ်(စ်)ရေ
မစ္စတာ“ကိုလံဘတ်(စ်)ခင်ဗျား
မမြင်နိုင်တဲ့ ကံတရားက
ငါ့ သူမကို “အမေရိက”မှာ ပစ်ချထားခဲ့ပေါ့။
(၆)
“ပုဇွန်တောင် ရေကျော်”မှသည်
“မြောက်အမေရိက”ဆီသို့
ငါ့ရှင်မတောင်းသနပ်ခါးနံ့ကလေး
ဖြတ်ပြေးသွားပါပကော။
(၇)
ကမ္ဘာကြီးကို
မြင်းတစ်ကောင်လို စီးနေတဲ့
ကောင်းဘွိုင်တွေရဲ့ နယ်မြေမှာ
မင်း အယားမပြေနိုင်ဘဲ နေလေမလား။
သွေးဆူလွယ်တဲ့
ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို
ဝီစကီဖန်ခွက်ထဲကပဲ ကြည့်နေမလား။
အမေရိကန်ပြည်ထောင်စုရဲ့
အစိုးရရုံးပိတ်ရက်တွေမှာ
မင်းဘယ်လိုများ နေရှာမလဲ
မသေခင်
ပြန်တွေ့ခဲ့ကြရင်
ဘယ်က ဘယ်လို နှုတ်ဆက်ရမလဲဟင်။
(၈)
တမင်ပင်အောက်က
ဗျိုင်းတောင်ဆန်တဲ့ ငါ့ဝိညာဉ်ဟာ
“အပါချီ”ရက်အင်ဒီးယန်းတွေရဲ့ ဇာတိမြေ
မင်းအခြေစိုက်နေထိုင်ရာ အနောက်ဘက်ဒေသဆီ
ချီတက်ခဲ့ပြီပေါ့ “နှင်းဆီ”။ ။
မိုဃ်းဇော်
နောက်ဆက်တွဲအနက်အဓိပ္ပာယ်များ
(က) အရူးများ . . .။
(ခ) ချိတ်တွယ်နေတဲ့ လင်းနို့ငှက်များ . . . ။
(ဂ) လေပြင်းမုန်တိုင်းနဲ့ဖွဲ့စည်းထားတဲ့ ရှုမျော်ခင်းများ
                                                ရုပ်ရှင်ကား. . .။
၁။         အသံရဲ့
            သေအံမူးမူး ကွဲအက်ခြင်းကို ငါ့ရင်ထဲမှာ ဖွင့်ထား
            ခဲ့ပေါ့ . . .
            အရှိန်အဟုန်နဲ့
            မြစ်ရေတွေ ငါတို့ခေါင်းပေါ်က လျှံကျသွားတယ်။
၂။         ပန်းချီကားတစ်ချပ်ထဲ ဘိလိတ်ဓားတွေ ထွက်ကျလာတယ်
            ငွေကြေးရဲ့အပျော်ခရီးကို ဖြတ်တောက်ဖို့
            မိန်းမလှတစ်ယောက်ရဲ့ အနမ်းက ငါးမျှားချိတ် တစ်ချောင်း
            ထွက်ကျလာတယ်
            အာသာမပြေမှုအတွက် နောက်တစ်နေ့ မနက်စာ အဖြစ်
            မြိုချပစ်လိုက်ဖို့
            ရင်ကွဲရနံ့နဲ့ နာရီပျက်တစ်လုံးရဲ့ မာတိကာတွေ ထွက်ကျ
            လာတယ်
            အပေါစားဆန်မှုရဲ့ အဲဒီမှန်ချပ်ကို ဆွဲဖြဲပစ်ဖို့
            ငါ့အိမ်ယာဆီ ငါပြန်လာခဲ့တယ်။       
၃။         ဒုတိယမြောက် သမ်းဝေခြင်းကို
            အနံ့ခံ
            တိမ်တိုက်တွေကို ဆွဲငင်ချင်တဲ့တယောတစ်လက်
            ကျိုးပဲ့၊ ညည်းတွား၊ ကျောက်ကမ်းပါး၊ ကြယ်ပွင့်နဲ့ ကြပ်ခိုးနံ့၊
            မျက်ဝန်းပြာလဲ့ စမ်းချောင်းကလေး
အလွမ်းက
ကိုယ့်အရိုးနဲ့ကိုယ်ပြန်ထိုးနေတဲ့ ဒဏ်ရာတွေရဲ့ ခြေအစုံကို
သံဘာဂျာတံခါးတစ်ချပ်လို ဆွဲဖွင့်
ရေငတ်ခြင်းအရသာတစ်မျိုးနဲ့ ရထားသံလမ်းတစ်လျှောက်
“လက်ကနဲ” . . .၀ါကျတစ်ကြောင်းပြုတ်ကျလာ
ဒါဟာ . . . (၁၉၇၀-တစ်ဝိုက်က)
ညနေခင်းတစ်ခုဆိုတာကို သူသိလာခဲ့ရတယ်။            
                                    ဟိန်းမြတ်ဇော်
                                    သရဖူမဂ္ဂဇင်း၊ ၁၉၉၇-အမှတ်(၃၀)
အကြောင်းအမျိုးမျိုးတွန့်ကြေ
စိတ်ကူးထဲကို
အကြောဆေးပုလင်းကြီးသွင်းရမယ်
မာနထဲက
အက်ဆစ်တစ်လီတာ စုတ်ထုတ်ပစ်ရမယ်
ပညာအရေအတွက်ကို ထင်နေတာ
ခလုတ်ဖွင့်ရင်
အဆောင်အယောင်ပစ္စည်းတွေထွက်ကျမယ့်စက်
အတွေးအခေါ်ကရော
ခလုတ်နှိပ်ရုံနဲ့အစာရေစာအန်ချပေးမယ့်စက်
ဒီမှာ
မဲ့ခွက်ခွက်မျက်နှာနဲ့
လက်ကြောတင်းချင် စိတ်နာကျင်မှုပဲ
အရှိန်ပိုတယ်
ဇောကပ်နေတာအနုပညာဟုတ်လား
ဘာလက်ဖြောင့်တပ်သားလဲ
ဘယ်ပလက်ဖောင်းက
ဘယ်သူ့မီးပွားကိုပစ်ချပေးနိုင်လို့လဲ
လွန်တဲ့ ၅ နှစ်တုန်းက ၀ိုးတ၀ါးမှုဟာ
နောက် ၅ နှစ်မှာ အမှိုက်သရိုက်များဖြစ်နေမလား
ကျွန်တော်
သစ်ပင်ပေါ်က ရှဥ့်လေးလို
တက်လိုက်ဆင်းလိုက်လုပ်မနေချင်ပေမဲ့
ကောင်းကင်ယံမှာ တံမြက်စီးပျံလေးနဲ့
လှလှပပ ၀ဲချင်တယ်
ဝယ်လိုအားလမ်းမပေါ်
လူလတ်တန်းစားလျှောက်လွှာတွေ ရေးဖြည့်တတ်လွန်းလို့
အိမ်ကလည်း အရူးလို့ထင်နေကြပြီ
ငါလေ
အကြောင်းအမျိုးမျိုးနဲ့တွန့်ကြေ
အလင်းရောင်ကိုအသည်းနှလုံးနဲ့ မကိုင်မိသမျှ
ရေတွေ နောက်နေရဦးမှာ။ ။
ခိုင်မြဲကျော်စွာ
(၂၀၀၇-မတ်လ-ဟန်သစ်)
ဖိနပ်ကြိုးကိုစည်းလိုက်
ဖိနပ်ကြိုးကိုစည်းလိုက်၊ ပြီးရင် လမ်းပေါ်ကိုထွက်။
အကြောင်းမရှိ အကြောင်းရှာ လမ်းပေါ်ကိုထွက်။
အကျင့်ပါနေတဲ့ ပင်နယံတွေနဲ့ လမ်းပေါ်ကိုထွက်။
ပြီးရင် ခလုတ်လေး လေးငါးခုလောက်နှိပ်။
တစ်ယောက်ယောက်နဲ့ ချိန်း။
ပြီးရင် လက်ဖက်ရည်ဆိုင်ထိုင်။
ဘယ်သူမှရောက်မလာသေးလည်း လက်ဖက်ရည်ဆိုင်ထိုင်။
ပြီးရင် ဂျာနယ်လေးတစ်ဆောင်လောက်လှမ်းဆွဲပြီး လက်ဖက်ရည်ဆိုင်မှာ ကျောက်ချထိုင်။
ပြီးရင် တစ်ယောက်ယောက် လာရောင်းတဲ့ ထီလက်မှတ်တွေဝယ်လိုက်။
ပြီးရင် ဆိုင်ထဲက အလှမွေးငါးတွေလို စိတ်ကူးယဉ်ကူးခတ်လိုက်။
ပြီးရင် ဆိုင်ထဲက ဖွင့်ထားတဲ့သီချင်းကို ပေါ့ပါးစွာ နားထောင်ရင်းစိတ်ကူးယဉ်ကူးခတ်လိုက်။
ပြီးရင် အမောတကောရောက်လာတဲ့ စက်ရုပ်တွေနဲ့ ဟက်ဟက်ပက်ပက်ခွေခေါက်။
ရောက်ရာပေါက်ရာ ကူးခတ်လိုက်။
ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်းတွေနဲ့ လက်ခမောင်းခတ်။
ပြီးရင် ရင်ထဲ တောမီးလောင်နေတဲ့ကောင်ကို ဒဏ်ရာအကင်းမသေသေးတဲ့
တောကြောင်တစ်ကောင်ကောင်က
လက်ခမောင်းခတ်။
ပြီးရင် နောက်ကျလွန်းတဲ့ မနက်စာလိုလို၊ စောလွန်းတဲ့ နေ့လယ်စာလိုလို စားသောက်။
ပွဲစားလိုလို၊ လေတံခွန်လိုလိုဘ၀ကို စားသောက်။
ပြီးရင် ခလုတ်လေး လေးငါးခုလောက်နှိပ်၊။ တစ်ယောက်ယောက်နဲ့ချိန်း။ ပြီးရင်
ဘီယာဆိုင်ထိုင်။
ဘယ်သူမှ ရောက်မလာသေးလည်း ထိုင်နေကျ ဘီယာဆိုင်ထိုင်။
ပြီးရင် ဘယ်တော့မှ မပြီးစီးနိုင် ထူးမခြားနားဇာတ်ဝင်ခန်းများကို လှမ်းဆွဲလိုက်။
ပြီးရင် လမ်းပေါ်ကိုပြန်ထွက်ဖို့ ဖိနပ်ကြိုးကို စည်းလိုက်။
ဘယ်တော့မှ မတိကျမသပ်ရပ်လှတဲ့ မနက်ဖြန်လို ဖြစ်သလိုပဲ ဖိနပ်ကြိုးကို
စည်းလိုက်။ ။
နိုင်မွန်အောင်သွင်
ရယ်စရာ၊ ဇန်န၀ါရီ၊ ၂၀၀၈
No comments:
Post a Comment