Burmese Poetry Foundation လက်ရွေးစင်ကဗျာတင်ဆက်မှု အစီအစဉ်


၂၀၀၉ ခုနှစ် ခရစ်စမတ်နဲ့ နှစ်သစ်ကူးအစီအစဉ် ကဗျာဆရာ စုံစုံလင်လင်နဲ့ ကဗျာတွေ တင်ဆက်ဖို့ Burmese Poetry Foundation အဖွဲ့ဝင်တွေ တိုင်ပင်ကြတော့ ခေါင်းထဲကို လက်ကနဲ ၀င်လာတဲ့ ကဗျာဆရာအမည်တွေနဲ့ ကဗျာတွေကို စာရင်းချ ရေးကြည့်တယ်။ လူစာရင်းရပေမယ့် ကဗျာရှာမတွေ့တာ၊ ကိုယ့်မှတ်ဥာဏ်မှာ တကယ်စွဲနေတဲ့ ကဗျာက ကိုယ့်ဆီမှာရှိမနေတာ၊ အစရှိတာတွေကို ကျော်လွှားပြီး အတတ်နိုင်ဆုံး လက်လှမ်းမီသမျှ ရှာဖွေမွှေနှောက်လို့ ရသမျှထဲကနေပြီး Burmese Poetry Foundation အဖွဲ့ရဲ့ လက်ရွေးစင် ကဗျာတင်ဆက်မှု အစီအစဉ်ကို Burmese Poetry Foundation စာမျက်နှာပေါ်မှာ ကမ္ဗည်း မော်ကွန်းထိုးလိုက်ပါပြီ။

တိုတောင်းတဲ့ အချိန်ကန့်သန့်ချက်တခုအတွင်းက စီစဉ်ရတာမို့ ကဗျာအသစ်တွေချည့်မတင်ဆက်နိုင်ခဲ့ပါ။
အဟောင်းထဲက အကောင်းတွေနဲ့ အကျိုးအကြောင်းညီညွတ်လို့ အချိန်မှီ ရောက်လာတဲ့ ကဗျာအသစ် တချို့ ကိုတင်ဆက်လိုက်ပါတယ်။

နှစ်သစ်ကူးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ လိုရာဆန္ဒ ပြည့်ဝကြပါစေ။

burmese poetry foundation group

လက်ရွေးစင်ကဗျာတင်ဆက်မှုအစီအစဉ် အပိုင်း(၁)

နှလုံးအိမ်ထဲရေငတ်ခြင်း

ငါ့လျှာမှထွန်ကြောင်းအရစ်ရစ်
တစစ်စစ်နာကျင်ဖူးယောင်
အိပ်မက်တွင်ပင် သောင်ထွန်းလာသည့်အဆုံး
မြစ်ရေလုံးလုံးခန်းပြီ။

နှုတ်ခမ်းမွေးထောင်ထောင်
နှာယောင်ကောက်မျက်လုံးပြူးပြူး
ဆူးတောင်နှင့် အသံမှုံဝါးဝါး
ပရစ်များတွားတက်လာတယ်။

သံယောဇဉ်ကြိုးတစ်စ
အမှိုက်တစ်ပုံ
သပွတ်အူတို့ တွေ့ဆုံပေါင်းစည်းသောည
ပါးစပ်လှလှလေး ဖွင့်ဟသောအခါ
ငါ့အတ္တဟာရူးသွပ်ပြေးထွက်လာရဲ့။

လူခြေတိတ်လျှင်
အိပ်ခြင်းကိုအောင်နိုင်သူ
ပြိုကွဲပူလောင်ရာသွေးစများကိုနင်း၍
ကိုယ့်ကျင်းကိုယ်တိုင်တူး
တွင်းနဖူးမှာညစဉ်ရပ်ခဲ့ပေါ့။

မပင့်ဖိတ်သော
အရိပ်ပေါင်းစုံတို့၏ အစည်းအဝေး
ဆွေးနွေးသံများခြိမ်းခြောက်
မျက်လုံးဟောက်ပက် လောက်တဖွားဖွား
အပူတိုင်းကိရိယာများ ကျွမ်းသွားပြီ။

မွတ်သိပ်ခြင်း၏ ဒုတိယအမည်
အက်ကွဲရယ်သံဖြင့်သာ အသက်ရှင်သူ
ငါ့ပုံတူတစ်ခု၏ ဦးခေါင်းကိုဖွင့်
ပင့်သက်များအငွေ့ပျံ
ခါတစ်ရံ မိုးရွာစေသတည်း။ ။

ဖော်ဝေး
၁၀-၅-၇၅
မိုးဝေ၊ ၁၉၇၈၊ သြဂုတ်။
ဖော်ဝေးငှက်များ ပျံသန်းချိန်။
ပကြိမ်၊ ၂၀၀၄၊ အောက်တိုဘာ။ နှစ်ကာလများ။





အောင်ချိမ့်ရုပ်ရှင်ကြည့်ခြင်း

 

ပန်းပွင့်မှ အချစ်သီချင်းတစ်ပုဒ်
ကြားရတယ်။

အလိုမပြည့်ခြင်းဖြင့်
ဘ၀ကို ဖက်တွယ်ထားရဲသူများအား
သူရဲကောင်းဟု ခေါ်ဆိုပါဘိ။

စာအုပ်တစ်အုပ်မှ ကစားစရာတစ်ခု
ကောက်ရတယ်။

“ကမ္ဘာရဲ့ မြေကြီးအားလုံးမှာ
စားသောက်ပင်ချည်းစိုက်မလို့”တဲ့။

ဥယျာဉ်ထဲမှာ လူသေအလောင်းပေါ့
ပျော်ကျနေတယ်။
မြေပဲဆားလှော်တစ်ထုပ်ဝါးလို့။

ဒီဇိုင်းနဲ့ ရှပ်အင်္ကျီကို
ရှိုးတိုးရှန့်တန့်ဝတ်ကြနဲ့။
“အဓိပ္ပာယ်”တဲ့
သူကိုယ်တိုင်ကမှ အဓိပ္ပာယ်ရှိတာမဟုတ်တာ။

“လူ”. . .တဲ့
ဆိုက်ကားပေါ်မှာပေါ့။
“လ”သွား ဒုန်းပျံထဲမှာပေါ့။
ဗင်းဆင့်ဗန်ဂိုး၏ အလိုအရ
“ကျွဲနွားများရဲ့ ပုံတူရေးဆွဲရန်
တိရစ္ဆာန်ကဲ့သို့ နေထိုင်ရန်လိုအပ်ခဲ့၏”
သောက်ရေတစ်ခွက် သောက်ရခဲ့သည်။
ဘယ်လောက် ထိတ်လန့်ဖို့ကောင်းသလဲ
ဖြစ်ခဲ့ပြီ. . .တဲ့
ဖြစ်ခဲ့ပြီ. . .တဲ့
ဇန်န၀ါရီ၊ ၅ ရက်၊ တနင်္လာနေ့
[ညီမလေးရယ်]
အမှုတစ်ရာတွေ့ခဲ့ပြီ။
သင်္ခါရလောကထဲမှာ အဲသလို
လူအဖြစ်ရဲ့ မာန်နတ်များ
ဖြတ်သွားခဲ့၊ ရပ်နားခဲ့
ငါ့သမာဓိအားကို ဖွဲ့နွဲ့တယ်။

ခေါင်းမိုးက လရိပ်မှာ
ငါ့ဝိညာဉ်ဟာ မြင့်မြတ်နေရဲ့။
ခန္ဓာကိုယ်ဟာသာ
အလင်းမှုန်မှုန်. . .
ထောင့်ကွေးလေးတစ်ခုမှာ ထိုင်လို့ပေါ့။

အောင်ချိမ့်
မိုးဝေ၊ဇန်န၀ါရီလ၊၇၈


ဝေလငါး

အခန်းထဲ လေသလပ်အောင်ပြတင်းကိုဖွင့်လိုက်တော့
လမ်းပေါ်မှာ အပြာရောင်ဝေလငါးကြီးတစ်ကောင်သေနေတယ်
လူတွေ၊ ကားတွေဟာအဲဒီဝေလငါးသေကြီးထဲ/အပေါ်/အောက်/ရှေ့/နောက်/၀ဲ/ယာ
ဘာအတားအဆီးမှမရှိသလို ဥဒဟိုသွားလာမြဲသွားလာကြတယ်
မြင်တာနဲ့ကြည့်တာဟာ တစ်ထပ်တည်းမကျဘူးဆိုတာ ခင်ဗျားလည်းသိမှာပါ
အာရုံတွေဟာများလွန်း၊ မြန်လွန်းတော့ လိုချင်တာပဲစစ်ယူကြရတယ်မဟုတ်လား
ကြာတော့ဝေလငါးသေကြီးကိုမမြင်တော့ဘူး
မဟုတ်ဘူး…ကြာတော့ဝေလငါးသေကြီးကို မကြည့်တော့ဘူး
မဟုတ်ဘူး…ကြာတော့ဝေလငါးသေကြီးဟာ လေဖြစ်သွားတော့တယ်
ပိုခက်ခဲတာက ပိုမရင်းနှီးတာဖြစ်သလို ရင်းနှီးသွားလွန်းလို့လည်းဖြစ်တယ်/မယ်
ဘယ်မှာလဲဝေလငါး ဘယ်သူပြောလဲဝေလငါးသေကြီးလမ်းပေါ်မှာရှိနေတယ်ဆိုတာ
Wales- ဝေးလ်စ် - ဝေလပြည် (ဗြိတိန်)
Whale - ဝေးလ် - ဝေလငါး
‘ဝေလငါးဆီမှ ဝေလငါးအဆီရရှိနိုင်ပါသည်’
အခန်းထဲလေသလပ် အောင်ပြတင်းကိုဖွင့်လိုက်တော့
လမ်းပေါ်မှာ မြင်နေကျလမ်း၊ ပလက်ဖောင်း၊ သစ်ပင်၊ လူနေတိုက်ခန်းများ
လူများ၊ ကားများ၊ စက်သံများ၊ စကားသံများ၊ အားလုံးဇာတ်ဆရာအတိုင်းပါ
အမြင်ဆိုင်ရာ လေ့လာချက်နဲ့ အကြည့်ဆိုင်ရာလေ့လာချက်များ အစေးမကပ်သေး
အခန်းတံခါးကို ဖွင့်လိုက်တော့ တစ်ခုခုခံနေတယ်
အားစိုက်တွန်းလာတော့ ဟသွားတဲ့ကြားကတွေ့လိုက်တယ်
အပြာရောင်ဝေလငါးကြီးတစ်ကောင်ရဲ့ ၀မ်းဗိုက်ဖြူဖြူကြီး
နှလုံးခုန်နေတာလို့ ထင်ရတဲ့ အရေပြားဖောင်းလိုက်ချိုင့်လိုက်ဖြစ်နေပုံ
စုဆောင်းရရှိလာခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိပညာ၊ ဗဟုသုတ၊ နောက်ခံရာဇ၀င်
ဆက်ဆပ်ဝန်းကျင်တွေဟာ အတွေ့အကြုံကိုလာတည်ဆောက်ကြတယ်
၁။ လူမှုထုံးတမ်းစဉ်လာများတွင်ဝင်ရောက်ပါဝင်ပါရန် (လူရာဝင်ရန်)
၂။ သတင်းအချက်အလက်ဖလှယ်ရန် (မှန်/မမှန် ဘေးဖယ်ထား)
၃။ ထိမ်းချုပ်မှုတစ်ခုခုလုပ်ရန် (ဘယ်သူလဲ၊ ဘယ်သူ့ကိုလဲ၊ ဘာကိုလဲ)
၎။ ခံစားချက်များ ကူးလူးမျှဝေရန် (မယုံဘူး)
၅။ မိမိကိုမိမိဖျော်ဖြေရန် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ရယ်ရတော့မလား)
မြင်သမျှ ကြားသမျှမှာ ကိုယ်ဟာ အပြင်လူတစ်ယောက်အနေနဲ့ပါပဲ
(ပြီးခဲ့တဲ့ ၂၄နာရီအတွင်း သင်တွေ့ကြုံခဲ့သမျှကို တန်းစီရေးပြပါ)
ဝေလငါးသေကြီးကိုစည်ပင်ကလာသိမ်းသွားပြီတဲ့
မြို့သူမြို့သားများစိတ်အေးလက်အေးသွားလာနိုင်ကြပါပြီတဲ့
အခန်းထဲလေသလပ်အောင်ပြတင်းကိုဖွင့်လိုက်တော့
ဘာဖြစ်လို့အခန်းထဲအဲဒီအနံ့ဆိုးကြီးတစ်ခုရှိနေပါလိမ့်ကွယ်
မျက်နှာကျက်နဲ့အမိုးကြားမှာ တစ်ခုခုများသေနေသလား
ကုတင်အောက်မှာများလား ဆံပင်တွေထဲမှာလား ဘီဒိုနဲ့နံရံကြားလား
ကြားလား၊ အဲဒီ ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ် ခုနေတာ
ဝေလငါး…မဟုတ်ဘူး၊ ခင်ဗျားရဲ့ ရင်ဘတ် (ဘယ်ဘက်ထဲ)မှာ
မြို့ပြရဲ့ စိတ်ရောဂါတစ်မျိုးလိုထဲမှာ သူဟာဗီဇစိတ်နဲ့ကစဉ့်ကလျား
ဒီအချိန်မှာ ဖုန်းမြည်လာတယ်
လက်တစ်ဘက်ဟာ ထိုးဝင်သွားတယ်ဝေလငါးရဲ့ပါးစပ်ထဲ
‘ဟဲလို၊ ပြောပါ ခင်ဗျာ၊ ကျွန်တော်ဟာလမ်းပေါ်မှာရှိနေပါတယ်’။     ။

၈၊ ဧပြီလ ၂၀၀၇
ဇေယျာလင်း

ရေသူမနှင့် ညစာစားခြင်း

မော့မကြည့်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကောင်းကင်အောက်က
ညနေလှလှတစ်ခုမှာ
ရေသူမနဲ့ ကျွန်တော်တွေ့ပါတယ်
ငွေမင်ရောင် ရေကူးဝတ်စုံနဲ့ သူမ
အလှမွေးငါးတစ်ကောင်လို ရေကန်ထဲမှာ
ကျွန်တော့်မှာသာ
အရှင်လတ်လတ် ငါးတစ်ကောင်မြိုချမိသူလို ဖြစ်နေရ
ဒါကို ရိပ်မိတဲ့ ရေသူမဟာ
ကန်ဘောင်ပေါ်တက်လာပြီး စကားစပါတယ်
‘ရေကူးရတဲ့ အရသာကို မနှစ်သက်ဘူးလား . . .’
ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်ပြန်ပြောမိတယ်
‘ရေကူးရတဲ့ အရသာထက်
ရေကူးနေသူကို ထိုင်ကြည့်ရတာ ပိုသဘောကျတယ် . . .’လို့
ရေသူမက ဖွဖွလေးရယ်ရင်း
ဆာလမ်ပရုပ်အေး စီကရက်တစ်လိပ်ကို မီးညှိတယ်
ကျွန်တော်ကြားဖူးနားဝရှိခဲ့တဲ့ ရေသူမတွေဟာ
ဆံပင်ဖားလျားနဲ့တဲ့
အခုတွေ့နေရတဲ့ ရေသူမကတော့ ဆံပင်မရှိဘူး
ခေါင်းတုံးနဲ့
နားရွက်မှာ အဖိုနဲ့အမလိင်သင်္ကေတ နားဆွဲနဲ့
အိုင်ယာလန်က ပန့်ခ်ရော့ခ်အဆိုတော်မတစ်ယောက်နဲ့ တူနေရဲ့
ဒေသခံမဟုတ်ကြောင်း ငြင်းရင်းနဲ့
သူမကို ဘယ်ကလာလဲလို့ စပ်စုလိုက်တာ
သူမက သူ့နိုင်ငံအမည်ကို ပြောပါတယ်
ကျွန်တော့်ကို ဘယ်နိုင်ငံသားလဲလို့ မေးလို့
ကျွန်တော့်နိုင်ငံအမည်ကို ပြောပြတော့
(အားမနာပါးမနာ) သူမက တခါမှ မကြားဖူးဘူးတဲ့
ပြီးတော့ သူတို့ အနောက်ကလူတွေဟာ
အရှေ့ကို သိပ်စိတ်မ၀င်စားကြောင်း ဖွဲ့နွဲ့ပြန်ရဲ့
ကျွန်တော်က သူ့နိုင်ငံတည်နေရာနဲ့မြို့တော်အမည်ကို ပြောပြတော့
သူမ အံ့အားသင့်သွားပုံက တပ်မက်စရာ
‘ငါ့မှာ အရှေ့တွေ အနောက်တွေ မရှိဘူး
ကမ္ဘာပေါ်က လူတစ်ယောက်အနေနဲ့
ကမ္ဘာ့ကိစ္စတွေကို သိနိုင်သမျှ သိအောင် ကြိုးစားနေတယ်. . .’လို့
ပြောပြတော့ သူမ နည်းနည်းဖျားသွားတယ်
အဲဒီအချိန်မှာ ညဟာ ဘွားခနဲ ပေါ်လာတယ်
ရောင်စုံမီးတွေလည်း လင်းလာပြီ
ကပွဲခန်းမထဲက မရိုးမရွဂီတသံဟာ
အပြင်ကို လျှံထွက်လာရဲ့
ရေသူမဟာ စိတ်ဝင်တစားနဲ့
ကျွန်တော့်ကို ညစာအတူစားဖို့ ဖိတ်ခေါ်ပါတယ်
ငြင်းလိုက်ရရင် ကောင်းမလား
ကျွန်တော်စဉ်းစားတယ်
ကျွန်တော့်နိုင်ငံအမည်ကို မသိတဲ့ မိန်းမတစ်ယောက်နဲ့
ညစာအတူစားဖို့ သင့်လျော်ပါ့မလား
အီလျာအာရင်ဘတ်ရေးခဲ့သလို
လူမျိုးတစ်မျိုးက တခြားလူမျိုးတစ်မျိုးကို နားလည်ဖို့ဆိုတာ
သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးလေ
ဒါပေမယ့် ကျွန်တော်က ယောက်ျားပီသသူပါ. . .
ဒီလိုနဲ့ ဆီးမီးခွက်အလင်းရောင် မှိန်ပျပျနဲ့
အာဖရိကရဲ့ ပြင်ပဆိုတဲ့ စားသောက်ဆိုင်မှာ
သူမနဲ့ ကျွန်တော် သမင်သားနဲ့ ညစာစားဖြစ်တယ်
ကျွန်တော်မှားသလား
ကျွန်တော့်နိုင်ငံအမည်ကို မသိတဲ့ မိန်းမတစ်ယောက်နဲ့
ညစာအတူစားမိတယ်
ကျွန်တော်မှားသလား
ခင်ဗျားတို့လည်း ၀ိုင်းစဉ်းစားပေးကြပါ
ကျွန်တော်မှားသလား
ခုချိန်ထိ ကျွန်တော်လည်း စဉ်းစားနေတုန်း။         ။

ဧပြီ ၁၉၉၇ သရဖူ
လှသန်း

ဓားနဲ့ဓားအကြောင်း

ဓားရိုးပေါ်လက်တင်ထားတယ်
တင်ထားတဲ့ လက်ပေါ်ဓားမိုးထား
ဓားတွေတဖွားဖွား မြှားလိုကျနေ
ဟေ့ ဓားတွေများနေပြီ ဓားသမားတစ်ယောက်
ဓားနဲ့ပစ်ပေါက်လိုက်
မြင်းသံတွေ မြန်နေတဲ့ တိုက်ပွဲထဲက ဓားတွေ
ပန်းဝါတိုက်ပွဲထဲက ပွင့်ထွက်နေတဲ့ ဓားတွေ
ပန်းပဲဖိုထဲက ပန်းရောင်ထနေတဲ့ ဓားတွေ
ဓားကိုပါးစပ်နဲ့ ကိုက်ဖမ်းလိုက်တယ်
သရဖူရောက်လာသလို၊ ခွေအမဲရိုးဖမ်းမိသလို
ချီလာတယ် အမေကသားကို ချီလာသလို ဓားကို
ဓားကိုငါပြန်မှုတ်မထုတ်ခင်၊ လိပ်ပြာလို
ဓားတစ်စင်းပြေးဝင်လာ၊ လေယာဉ်တစ်စီး
ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးစီ ပြေးဝင်လာသလို
ဓားတွေ၊ ပျားရည်အတွက် ပျားတွေ ၀က်ဝံဆီထိုးဆင်းရန်မူသလို
ဓားတွေလောင်းချ
ဓားဟာ ဒေတာတစ်ခုမကျန်လှီးဖြတ် လပ်သွားသည်မရှိ
ဓားဟာ အစာအိမ်နဲ့ထိ ဒေါက်ခနဲပြုတ်ကျ
ခြေမကို စိုက်ဝင်တယ်
ဓားသက်ဦး ဓားလှဦး ဓားအောင်နိုင်ဦး ဓားရူးရူးကြ
ငါ့ သမီးလက်ရေးလှဖို့ ငါ့သမီးဝလုံးဝိုင်းဖို့
နေ လ ကမ္ဘာဂြိုဟ်ကြီး၈လုံးကို သင်ယူဖို့
ဓားနဲ့ ဒီခဲတံ ဒီသမီးကို ချွန်ခဲ့ရ
လူဟာ လူနဲ့မတူဖို့ လူဟာ လူနဲ့တူဖို့
ဓားနဲ့ ဒီညှင်းသိုးသိုး ဒီမုတ်ဆိတ် ဒီပါးသိုင်းမွှေး
အရှုပ်အထွေးကို ရှင်းရတယ်
ဓားနဲ့ ဒီအသီးအနှံ ဒီသားငါး ဒီဝါးထရံကိုလှီးရ
သားကောင်ကိုဖျက် ဒီဝါးဖောင်ကိုလည်းဆက်ရတယ်
ဓားတစ်ချောင်းနဲ့ ဒီနိုင်ငံမှာ
ခန်းစီနံရံ မျက်နှာကျက် အကွက်ချဖြတ်လှီး
အတိအကျတပ်ဆင် သံတစ်ချက်မလို
ဒီဓားနဲ့ ဒီတိုင်းပြည်မှာ
လယ်ယာလုပ် တောရှင်း တောင်ယာခုတ်
ဒီခေတ်ရဲ့ ဒီအလင်းကိုဖွင့်ခဲ့
ဆပ်ကပ်သမားဟာ သူ့ဓားကိုသူ့စပ်စပ်ထိမခံ
သူ့ဓားရဲ့ရိုးဖြောင့်မှု သူ့ဓားရဲ့အနုပညာ
သူ့ဓားရဲ့ ပျော့ပြောင်းတဲ့ ဉာဏ်ပညာမှာ
သူ့ဘ၀ကိုဖြန့်ခင်း တဖျင်းဖျင်းအဆိပ်တက်
အဲဒီအဆိပ်ကို သောက်ခဲ့တယ်

ခုတော့ ဒါဟာ ထင်းခုတ်သမားထားခဲ့တဲ့ ဓားတဲ့
ဒါဟာ ပန်းခင်းထဲ လဲသေနေတဲ့ ဓားကွယ့် ပြောကြ
ဒါဟာ ဓားစက်အောက် ဓားရောက်သွားတဲ့ ဓားပေါ့
လူငယ်ဘ၀ ခင်းဗျားလည်းဓားဆောင်ဖူး
ဓားတောင်လည်း ဖြတ်ဖူးမယ်
အသက်အရွယ်ရခါမှ ခြံထဲဆင်း ပန်းစိုက် ပေါင်းမြက်ရှင်း
သေခြင်းကို ဓားနဲ့ရင်းဖို့နေခြင်းကို ဓားနဲ့လင်းဖို့
လေပြည်လေညှင်းကို ဓားအိမ်ထဲကထုတ်ဖို့
ခင်ဗျားကြံ ကျွန်တော်ကြံ ဒီကိစ္စဘယ်သူမှ မကျန်ပါဘူး
ဟဲလို ဓားတွေထပ်နေပြီ ဟေ့ဓားတွေပြတ်နေပြီ
ဓား ၉ ခါ ဓား ၁၀ ခါ ဓား ၁၀၀ ဓားစာမိတော့မယ် ဓားကြိမ်းကြိမ်း
ကမ္ဘာကြီးပေါ်မှာ ဓားယိမ်းတွေထပ်ခဲ့
ဓာတ်လိုက်ခဲ့ပါပေါ့ ဓားဟာ ဓာတ်မီးတိုင်ပေါ်ကဆင်းလာ
အိမ်တစ်အိမ် လမ်းတစ်လမ်း မြို့တစ်မြို့ဆီမှာ
ဓားတစ်ချောင်းရှိသင့်
အသွားကို အသက်မသေအောင် ကွန်ပျူတာထဲထည့်
ကမ္ဘာပတ်လမ်းကြောင်းထဲ မောင်းထည့်ကာ
ကြယ်နဲ့သွေး လနဲ့ဆေး လေးစားလိုက်။ ။

ခရမ်းပြာထက်လူ
(ဟန်သစ်၊ဇူလိုင်လ၊၂၀၀၇)


ဆွေးပေါ့ မင်းတို့ ငါတို့သည်လည်း


အစားအစာစားရင်း
အစားဟောင်းစွန့်ရင်း
ချာချာလည်ရင်း
မင်းတို့ငါတို့သည်လည်း
ပေါ့ပေါ့နေပေါ့ပေါ့စားလမ်းများဆီအလုအယက်
ပေါ့ပေါ့နေ ပေါ့ပေါ့စား အိပ်ယာများဆီအလုအယက်
ပေါ့ပေါ့နေ ပေါ့ပေါ့စား သင်တန်းများဆီအလုအယက်
မင်းတို့ငါတို့သည်လည်း
ဘာလုပ်ရမှန်းမသိမှောက်ချည်လှန်ချည်ဆိုတော့
အဆွေးသမားတစ်ယောက်ဖြစ်ဖို့ အမြဲအဆင့်သင့်ဖြစ်နေတဲ့
ရာသီဥတုမှာ ဆွေးပေါ့
ပထွေးနှိပ်စက်လို့ပါဆိုတဲ့ ကလေးမလောက်တောင်
ဈေးခေါ်လို့မကောင်းတော့ဆွေးပေါ့
မင်းတို့ငါတို့သည်လည်း
ဆွေးပေါ့ အ၀တ်အထည်များနှင်အတူတကွ
ဆွေးပေါ့ စာချုပ်စာတမ်းများနှင့်အတူတကွ
ဆွေးပေါ့ နာရေးကြော်ငြာများနှင့်အတူတကွ
မင်းတို့ငါတို့သည်လည်း
စိုးစိတ်နှင့်ခပ်မဆိတ်
ဦးဆွေးဆံမြေ့သစ္စာစောင့်သိခဲ့ရတော့
အရိုးလည်းဆွေးပေါ့
ဆွေးလို့သေတဲ့မသာဆိုတာ မရှိသေးတော့
ဆွေးလို့သေတဲ့မသာရှိလာတဲ့အထိ အဆွေးကြီးဆွေးပေါ့
မင်းတို့ငါတို့သည်လည်း
ဆွေးနေတဲ့သီချင်းများကို နားထောင်ရင်း
ဆွေးနေတဲ့ ကြမ်းများကို နင်းကြရင်း
ဆွေးနေတဲ့ ဓားများကို သွေးကြရင်း

ကြည်ဇော်အေး
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)


ဘဂ္ဂဒက်သားကဗျာဆရာ

(က)
သဲနွံတောကို ခေါင်းအုံးလို့
ကဗျာရေးဖို့ လူဖြစ်လာသူ။
ခါးသီးနာကျင်မှုနဲ့သာ
ခရီးသွားခဲ့ရသူလူငယ်တစ်ယောက်
သူ့သမိုင်းသူခွဲစိတ်မိတိုင်း
မငိုမိအောင် ထိန်းချုပ်ရင်းက
အလိုလိုစီးကျလာတဲ့ မျက်ရည်များ
အပေါက်ကွဲဆုံး
အကျယ်လောင်ဆုံး
အပြင်းထန်ဆုံးဝေဒနာတွေနဲ့
သူ့ချစ်ခြင်းဟာ ဗုံးအကြဲခံခဲ့ရ။
(ခ)
တိမ်စိုင်တွေလို
မြို့ရဲ့လမ်းတွေပေါ် မျောလွင့်ရင်း
မှော်ဆန်တဲ့ နာမည်ကို အော်ခေါ်နေမိတယ်
ဘဂ္ဂဒက်။
တို့မျက်ရည်စက်တွေကို
အိုးခွက်ပန်းကန်တွေ ဆေးကြောဖို့ စုဆောင်းထားတယ်လား
ဘဂ္ဂဒက်။
ဆေးရုံစာသင်ခန်း၊ ၀တ်ပြုဆုတောင်းပွဲနဲ့ မိဘမဲ့ ဂေဟာများ
သေပန်းတွေ မတရားပွင့်တယ်
ဘဂ္ဂဒက်။
ရှေ့ကဖုံးနောက်ကပေါ်
ဘယ်သူ ဘယ်ဝါဟာ
လရောင်ကို စနစ်တကျဖျက်ဆီးခဲ့သလဲ
ဘဂ္ဂဒက်။
စိတ်လည်း
ဒီ့ထက်လေစရာမရှိဘူး
စွန်ပလွံပင်တွေလည်း
ဒီ့ထက်သေစရာမရှိဘူး
ဘဂ္ဂဒက်။
ပါကင်ကိုဘယ်လိုဖွင့်ဖွင့်
အလံကို ဘယ်ပုံလွှင့်လွှင့်
မြင်းမိုရ်ဖြိုမယ့် မာန်မျိုးနဲ့
ခါးမသန်သူမဖြစ်လိုပါ
ဘဂ္ဂဒက်။
အိုး.  .  . ဘဂ္ဂဒက်
ငါတို့ဘာအတွက် အသက်ရှင်သလဲ
မမေးနဲ့။
ကဗျာမဲ့တဲ့နေ့ဟာ
ကမ္ဘာမဲ့တဲ့နေ့လို့ ယုံတယ်
ဘဂ္ဂဒက်။
ဘဂ္ဂဒက် . . . ဘဂ္ဂဒက်
ဘဂ္ဂဒက် . . . ဘဂ္ဂဒက်။

(ဂ)
အပေါက်ကွဲဆုံး
အကျယ်လောင်ဆုံး
အပြင်းထန်ဆုံးဝေဒနာတွေနဲ့
သူ့မေတ္တာဟာ
နောက်တစ်ကြိမ် နောက်တစ်ခါဗုံးအကြဲခံခဲ့ရ။          ။

နွယ်စိမ်းဝေ
နွယ်နီ

No comments:

Post a Comment