မောင်သာနိုး ထင်းရူးပင်ရိပ်




                                                      နေ့စွဲများ



ရာဇ၀င်


စာပေ


အနုပညာ

၁၇၅၅ ကုန်းဘောင်တည်
၁၇၅၆-၆၃ခုနှစ်နှစ်
စစ်ပွဲ



၁၇၇၆ အမေရိကန်လွတ်လပ်ရေး

၁၇၈၉ ပြင်သစ်တော်လှန်ရေး




၁၈၀၄-၁၄
နပိုလီယန်



၁၈၁၅-၂၄
လူဝီ ၁၈




၁၈၂၆ရန္တပိုစာချုပ်
၁၈၂၅-၇၀
လူဝီ နပိုလီယန်





၁၈၃၇ ၀ိတိုရိယနန်းတက်


၁၈၄၈ “ကွန်မြူနစ်ကြေငြာစာတန်း”

၁၈၅၂ ပဲခူးသိမ်း










၁၈၇၀-၇၁
ပြင်သစ်ပရပ်ရှာစစ်ပွဲ





၁၈၈၅ မြန်မာပြည်သိမ်း
























၁၉၁၄-၁၉၁၈
ပထမကမ္ဘာစစ်












၁၉၃၉ ဒုတိယကမ္ဘာစစ်



၁၇၆၄-၇၀
ရူးဆိုး “ဖြောင့်ချက်များ”

၁၇၆၇ လက်ဝဲသုန္ဒရ“မဲဇာတောင်ခြေ”

၁၇၈၅ ရာမရကန်

၁၇၉၈ ဘလိတ်
“အပြစ်မဲ့မှု တေးများ”

၁၇၉၈ ၀ဒ်စ၀သ်နဲ့
ကိုးလရစ် “လိရိက
ဘာလဒများ”

၁၈၀၂ ရှတိုးဘရိယန်

၁၈၀၇ ဟဲဂဲလ်
၁၈၁၃ စကော့တ်
“ဝေဗာလီ”


၁၈၂၀ ရှယ်လီ
“ပရောမိသယပ်စ်”


၁၈၂၄ ဘိုင်ရွန်
“ဒွန်ဟွန်”

၁၈၂၆ ဟိုလဒလင်
၁၈၂၉-၄၈
ဘာလ်ဇက်

၁၈၃၁ ပုသျှကင်
“ယဲဗဂဲနီ သြညီဂင်”

၁၈၃၅ ဘာလ်ဇက်
“ဂေါရယော”

လှိုင်ထိပ်ခေါင်တင်ဖွား

၁၈၄၀လဲရမန်တော့ဖ်
“သူရဲကောင်း”

၁၈၄၃ ပိုး“ပင်ဒူလမ်”

၁၈၅၀ တင်နိဆန်“အင်
မဲမောရိအမ်”

၁၈၅၂(အနုပညာအတွက်
အနုပညာဝါဒစတင်)

၁၈၅၅ မြ၀တီဦးစကွယ်လွန်
လှိုင် “၀ိဇယကာရီ”
၁၈၅၇ဖလိုးးဘဲ“မဒမ်ဘော်ဗရီ”
ဘိုးဒလယ်


၁၈၆၆ဒေါ့စတာယဲစကီး
၁၈၆၇ အိဘဆင်“ပီယားဂင့်”
၁၈၆၉ တော်လစတွိုင်း
“စစ်နဲ့ ငြိမ်းချမ်းရေး”

ဦးပုညကွယ်လွန်
၁၈၇၀ရဲန်ဘိုးလှုပ်ရှား
၁၈၇၄ဗယ်ရလန်း
၁၈၇၆မာလာမေ

၁၈၈၃ နီးရှ(ဂျာမန်
ဒဿနဆရာ

၁၈၈၅ လာဖော့ဂ်


၁၈၈၇ရဲန်ဘိုး
“လင်းပြချက်များ”

၁၈၈၈ စထယ်ရင်ဘယ်
“ယူလယယ်”

၁၈၉၁ ဟာဒီ“တက်စ်”(ပန်းသား
မစာဥ)

၁၈၉၆ ဟောက်စ်မန်“ရှရော့ပရှလုလင်”

၁၉၀၀ဖရွိုဒ်“အိပ်မက်”
၁၉၀၄ ချဲဟော့ဖ်
ဂျိမ်းလှကျော်
“မောင်ရင်မောင်
မမယ်မ”


၁၉၀၇ အဲလိယတ်
“ပရူဖရောက့်

၁၉၀၇ရိလ်ကယ်ဘယ်ဂဆွန်း

၁၉၀၉ရှိဒ်
အိတ်ချဂျီဝဲလ်စ်

၁၉၁၂ မာယာကော့ဖ်စကီးယ်

ဦးလတ်
“စပယ်ပင်”

၁၉၁၃“ပင်ရင်ဆိပိယ
မာသဲမာတိကာ”

၁၉၁၃ အပေါ်လီနယ်“အယ်လ်ကောလ်”
လောရင့်စ်“သားများ”
ပရစ်တ်

၁၉၁၈ဘလော့က်
ဟော့ပကင်းစ်

၁၉၂၁ဗစ်ဂင်စတိုင်
၁၉၂၂ အဲလိယတ်“ကန္တရ”
ဗာလေရီ“မန္တရားများ”
ဂျွိုက်စ်
“ယူလီဆိစ်”

ပေါင်းဒ်
“ကဗျာများ”


၁၉၃၀ အော့ဒန်
၁၉၃၄ကာနပ်
၁၉၃၆ အဲလ်ယတ်“ဘန့်တ်
နော်တန်”


ဒီလန် တော့မတ်စ်
၁၉၃၈ ဆားရ်တရ်
“နောဆယ”










၁၇၈၄ဒေးဗစ်“ဟော်ရေရှိုင်း”


၁၈၀၀ဂိုယာ
“မာယာနုဒ”



၁၈၀၅တန်နာ“သဘောင်္ပျက်”




၁၈၂၁ကန်စတဘလ်“ဟေးဝိုင်း”
၁၈၂၅ ကောရော့တ်“အဲကွီဒတ်”


၁၈၃၄ဒဲလကရွာ“အဲလဂျီးယားစ်က
မိန်းမများ”



၁၈၄၅ကူးဘဲ“ကျောက်တုံးခွဲသူများ”


၁၈၅၀ ကူးဘဲ“အသုဘ”




၁၈၆၂ ဒိုးမယဲ“တတိယတန်းရထား”
မီးလက်“ကော်ပြားနဲ့လူ”
၁၈၆၆ မနယ်
“ပလွေသမား”






၁၈၇၂ မော်နယ်
“နေထွက်”

(အင်ပရက်ရှင်းနစ်ပန်းချီ)
၁၈၈၀ဆေဇန်း“မွန်တိန်း”
၁၈၈၄မော်နယ်ပင်လယ်ကြမ်း
၁၈၈၅ဆာရား“ဂျုံခင်း”
ဗန်ဂေါဟ်
“အာလူးစားနေသူများ”




၁၈၈၉ရော့ဒန်“အတွေးသမား”
(ပန်းပု)

၁၈၉၅မန့်
“ဆီရိယမ်”

၁၈၈၉ ဂိုဂဲန်တဟီတီသူများ”
၁၉၀၃ ပီကာဆို“လာဗီယယ်”



၁၉၀၈ ဘရန်းကုရှ်
“အနမ်း”(ပန်းပု)

မာတစ် “အခန်းနီနီ”
၁၉၀၉ပိကာဆို
“ဗော်လာ”

၁၉၁၁မာတစ်“မောရောကို
ရူမျော်ခင်း”


၁၉၁၃ ကန်ဒန်စကီ
“ကွန်ပိုဇိရှင်း
၇”




၁၉၁၅ဟွန်ဂရစ်“ဟာလယ်ဂွင်”



၁၉၂၁ပီကာဆို“ဂီတသမားသုံးဦး”



၁၉၂၅ မက္ကစ်ဘဲကမန်
“တုံးလုံးမယ်”


၁၉၃၃ ဒါလီ


၁၉၃၇ ပီကာဆို
ဂွဲရနီကာ”

                                                                                   
                                                                                   (ဦးဝင်းဖေက ကျေးဇူးပြုတယ်)



အနောက်တိုင်းကဗျာ

“စိန်ခြူကြာညောင်” နဲ့ “ကွန်မြူနစ် ကြေညာစာတန်း”

ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က စာရေးသူဟာ နိုင်ငံခြားသားသတင်းစာဆရာတစ်ဦးနဲ့အတူ ဗမာပန်းချီဆရာတစ်ဦး အိမ် အလည်ရောက်သွားပါတယ်။ အတော်အသင့် ထင်ရှားတဲ့ ပန်းချီဆရာတစ်ဦးပါပဲ။ ပန်းချီအကြောင်း စကားပြောကြ ယင်းက နိုင်ငံခြားမိတ်ဆွေက “ခင်ဗျားတို့ဆီမှာ ခုဘယ်လိုထရင်းတွေ လိုက်နေကြပါသလဲ”လို့ မေးလိုက်ပါတယ်။ ကျွန်တော့် မိတ်ဆွေပန်းချီဆရာခများ သူ့မေးခွန်းကို နားမလည်နိုင်အောင် ဖြစ်သွားရပြီ ကြောင်နေတော့တယ်။ ကျွန်တော် ကပဲဝင်ပြီး “သြော် ကျွန်တော်တို့ဆီမှာ ထရင်းတွေ ဘာတွေ သိပ်မရှိသေးပါဘူးခင်ဗျာ၊ အစဉ်အလာ လမ်းကြောင်းအတိုင်း ဒီလိုပဲ ရေးဆွဲနေကြပါတယ်”လို့ ပြောလိုက်ရပါတယ်။ အဲဒီအချိန်အပိုင်းဆီက ခေတ်ပြိုင် အနုပညာထရင်းတွေကို ခေတ် မီမီလေ့လာသိမြင်နေတဲ့ ပန်းချီကျော်တွေလဲ မြန်မာပြည်မှာရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ တော်တော်များများကဖြင့် ကျွန်တော့်မိတ်ဆွေလို ကိုယ်သင်လာခဲ့ဖူးတဲ့ရေးနည်းဆွဲနည်းကလေးနဲ့ပဲ လူပုံဆွဲလိုက် ရှုမျော်ခင်းပုံဆွဲလိုက်၊ ရေဆေးဆွဲ လိုက်၊ ဆီဆေးဆွဲလိုက် ဒါလောက်နဲ့ ပြီးနေကြသူတွေပါပဲ။ “မော်ဒန်အတ်”တို့ “ဆာရီယဲလစ်ဇင်းတို့” “အင်ပရက်ရှင်းနစ် ဇင်း”တို့ဆိုတဲ့ အသံတွေ ပန်းချီလောကက ကြားရတာ မကြာသေးပါဘူး။
            ဒါပေမယ့် ဒီနေရာမှာ မြန်မာပန်းချီလောကဟာ မြန်မာစာပေလောက ထက်ကံကောင်းပါတယ်။ ခုနေခါမှာ ခေတ် ပေါ် မြန်မာပန်းချီကားတွေပေါ်နေပြီ၊ ပေါ်တာမှ တော်တော်အဆင့်အတန်းမီမီ ပေါ်နေပြီဖြစ်ပေမယ့် “မော်ဒန်” မြန်မာကဗျာ ရယ်လို့ မူးလို့မှ ရှုစရာမရှိသေးပါဘူး။ ဟုတ်ကဲ့၊ ကျွန်တော်တို့ အောင်ချိမ့်ဟာ လက်ဝဲသုန္ဒရလို ရတုပိုဒ်စုံ မရေးတော့ပါ ဘူး။ ကျွန်တော်တို့ အိုအောင်ဟာလဲ ရှင်မဟာရဌသာရလို ဇာတ်ကြီးဆယ်ဖွဲ့ထဲက ကောင်းနိုးရာရာရှာပြီး ပျို့တစ်ပုဒ် ခမ်းခမ်းနားနားဖြစ်အောင် အားထုတ်တာမျိုးမလုပ်တော့ပါဘူး။ ဒါပေမယ့် အကြောင်းအရာတွေ ပိုပြီး ကျယ်ပြန့်လာတာ၊ မျိုးစုံလာတာ၊ စာဟန်တွေသစ်လာတာ( သစ်လာတာကော ဟုတ်မှဟုတ်ရဲ့လား)က လွဲယင် စာပေမှာ စိမ့်ဝင်နေတဲ့ “ခံစား နိုင်စွမ်း”ဆိုတာကတော့ ပိန်မသာ လိန်မသာပါပဲ။(ပူးတွဲပေးထာတဲ့ ဇယားကိုကြည့်ပါ)
            ကနေ့အချိန်မှာ ကျွန်တော်တို့ဟာ အဘက်ဘက်က ခေတ်နဲ့ရင်ပေါင်တန်းနိုင်အောင် အားထုတ်နေကြပြီ။ ခေတ် ကို အတော်အသင့်လိုက်မီတာလဲရှိရဲ့။ ဒါပေမယ့် နောက်ကျနေတာက များနေသေးတယ်။ အဲဒီများတဲ့ထဲမှာ စာပေက ထိပ် ကပြေးနေတယ်။ ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်တို့ ကြိုးစားကြရမယ်။ လေ့လာကြရမယ်။ သူများတွေ ဘယ်အဆင့်ရောက်နေတယ်ဆိုတာကို လေ့လာသိမြင်ပြီး ကိုယ်ကိုယ်တိုင်ရဲ့အဆင့်၊ ရောက်နေတဲ့ အခြေအနေကိုလည်း သိမြင်ကြရပေလိမ့်မယ်။ သိမြင်လာတာနဲ့အမျှ ပိုပြီး အစွမ်းထက်လာအောင်၊ အားကောင်းလာအောင် လုပ်ကြရမှာလဲ။ “ပြည်သူအတွက် စာပေ”လို့ ကြွေးကြော်နေချိန်မှာ ကျွန်တော်တို့ ကဗျာတွေဟာ ပြည်သူကို အကျိုးပြုနေရဲ့လား။ အကျိုး ပြုနေရင်လည်း ဘယ်လောက်အဆင့်အထိ ထက်ထက်မြက်မြက်ပြုနေတာလဲ။ ဒီထက် ထက်မြက်လာအောင်ကော မလုပ် နိုင်တော့ဘူးလား။ ဘယ်လိုလုပ်ကြမလဲ။ ဒါကို ကျွန်တော်တို့ ဆန်းစစ်ကြရပါလိမ့်မယ်။
            ရာဇ၀င်စာအုပ်ကို ခဏကောက်ကိုင်ပြီး ကျွန်တော်တို့ တိုင်းပြည် အဘက်ဘက်က ခေတ်နောက်ကျခဲ့ရခြင်း အကြောင်းကို ဆန်းစစ်ကြည့်ယင် အဓိက အကြောင်းရင်းက “အထီးကျန်ခြင်း” ၀ါ “အဆက်ပြတ်ခြင်း” ဆိုတာကို တွေ့ရပါ လိ့မ်မယ့် သူများတကာတွေ ကျောက်တိုင် ကျောက်လုံးကြီးတွေနဲ့ နန်းတော်ကြီးတွေ ဘုရားကျောင်းတွေ တည်ဆောက်နေချိန်ကြချိန်မှာ ကျွန်တော်တို့က သစ်ကလေးဝါးကလေးနဲ့ “သစ်ခက်တဲနန်း” အပြိုင်ဆောက်ကြတုန်းပဲ။ သူများတကာတွေ ရေနွေးငွေ့ကို ကကြိုးတန်ဆာဆင်ပြီး စက်ကြီးတွေ၊ ယာဉ်ကြီးတွေ မောင်းနှင်လာနေချိန်မှာလည်း ကျွန်တော်တို့က “ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်”တုန်းပဲ။ သူများတကာတွေက “ပစ္စည်းမဲ့ လူတန်းစားမှာ ဘာမှ ဆုံးရှုံးစရာ မရှိဖူး၊ နှောင်ကြိုးပဲ ဆုံးရှုံးစရာရှိတယ်”လို့ ကမ္ဘာတုန်အောင် ဟစ်ကျွေးလိုက်တဲ့ အချိန်မှာလဲ ကျွန်တော်တို့က တော့ “စိန်ခြူးရယ်တဲ့ ကြာညောင်ကြာညောင်” ကောင်းတုန်းပဲ။ ကျွန်တော်တို့ ဖိုးဖွားတွေရဲ့ ဒီ “အဆက်ပြတ်မှု” အစဉ် အလာဆိုးကို ကျွန်တော်တို့ အဖိုးအဖွားတွေထက် အများကြီး အခွင့်အလမ်းသာလာပြီဖြစ်တဲ့ ကျွန်တော်တို့တစ်တွေဟာ ဒီ “ဗမာ့ဉာဉ်”ကြီးကို အစတုံးပစ်ဖို့ ကောင်းလှပြီ။
            ဒီလိုတင်ပြလိုက်တဲ့အတွက် ကျွန်တော်တို့ ဆိုလိုတာကို အဓိပ္ပာယ်အကောက် မမှားလိုက်ဖို့ ပြောကြားလိုပါ တယ်။ ကျွန်တော်တို့က သူများလုပ်တဲ့အတိုင်း လိုက်လုပ်ရမယ်၊ အတုခိုးရမယ်လို့ ဂျောက်တွန်းနေတာမဟုတ်ဖူး။ သူများ ရောက်နေတဲ့ အဆင့်ကို သိရမယ်၊ သူများသုံးနေတဲ့ နည်းနာတွေကို သိရမယ်၊ သူ့နည်းထဲက ကိုယ်လက်ခံနိုင်တာကို ယူသုံး၊ ကိုယ့်ဟာ ကိုယ်တီထွင်သင့်တာ တီထွင်၊ ဒီလိုလုပ်ခြင်းအားဖြင့် သူ့ထက်မကျော်ရင်သာရှိစေ၊ နောက်တော့ မကျ စေရဖူး။ ရင်ပေါင်တန်းရှိနေစေရမယ်လို့ ကျွန်တော်တို့က ဆိုချင်တယ်။ ဒီဆိုလိုချက်အတိုင်းပဲ ဒီစာအုပ်ကို ကျွန်တော် ပြုစုပါတယ်။ ဒီစာအုပ်ထဲမှာ ကျွန်တော် ရွေးချယ်တင်ပြထားတဲ့ ကဗျာဆရာအားလုံးကို ကျွန်တော် သဘောကျတာမဟုတ် ပါဘူး။ သူ့မှာထူးချွန်တာရှိခဲ့ယင်၊ သူ့နည်းကို သိသင့်တယ်လို့ ယူဆယင် စာရင်းထဲမှာ ထည့်လိုက်တာပါပဲ။ ဒီစာအုပ်ဟာ ကနေ့ခေတ်ရဲ့ သြဇာတိက္ကမ ကြီးမားတဲ့ ကမ္ဘာ့အစိတ်အပိုင်းဖြစ်တဲ့ အနောက်တိုင်းက ကဗျာဆရာတွေရဲ့ ကဗျာလမ်း ကြောင်းတွေ၊ သူတို့ သုံးနေတဲ့နည်း (တက်ခနိက)တွေ၊ အယူအဆတွေကို အထိုက်အလျောက်စုံစုံစေ့စေ့ မိတ်ဆက်ပေး နိုင်အောင်၊ “နိပါတ်ခင်း” ပြနိုင်အောင် အားထုတ်ထားပါတယ်။


ဦးနောက်တိုး၊ ရှုဆိုးနဲ့ ကိုးလရစ်

အနောက်တိုင်းကဗျာဆိုတာလဲ အနောက်တိုင်းယဉ်ကျေးမှု၊ ၀ါ ကမ္ဘာ့ ယဉ်ကျေးမှုနဲ့ အမျှ သက်တမ်းရှည်ခဲ့ပါပီ။ ရာစု နှစ်လောက်နဲ့ ပြောလို့မရဖူး။ ထောင်နဲ့ချီပီး ပြောကြရတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒါကြောင့် “အနောက်တိုင်း ကဗျာလက်ရွေး စင်”လို့ အမည်ခံလိုက်သော်လည်း ဒီစာအုပ်ငယ်မှာ ဟိုးမားရဲ့ အက်ပစ်ကဗျာကြီးတွေ အကြောင်း ပြောပြနိုင်လိမ့်မယ် မဟုတ်ဘူး။ မနေ့တနေ့ကလို့တင် ထင်ရတဲ့ ရှိတ်စပီးယာကိုတောင် မျက်လုံးလေးမော့ပီး မကြည့်အားပါဖူး။ ကြည့်ဖို့လဲ မရည်ရွယ်ဖူး။ အတိတ်ခေတ် ယဉ်ကျေးမှုတွေကို လူယဉ်ကျေးတို့ မည်သည်လေ့လာကြရမယ်။ “လူတော သူတော”၀င်ပြီး စကားပြောနိုင်ရုံလောက်ဖြစ်ဖြစ် ကြားဖူးနားဝရှိရမယ် ဖြစ်ပေမဲ့ ဒီတာဝန်ကို ဓာပေဗိမာန်က “စွယ်စုံကျမ်း”ပညာရှိများ၊ တက္ကသိုလ်က မျက်မှန်ထူထူနဲ့ လူ့ဗိုက်ရွှဲကြီးများက တာဝန်ယူကြပါလိမ့်မယ်။ ဒီစာအုပ်အနေနဲ့ကတော့ “ခေတ်ပေါ် ကဗျာ” (မော်ဒန်ပေါ်အဲထရီ) သက်သက်ကို လမ်း“ကြောင်း”ပြလိုယင်းပါ။
            ခေတ်ပေါ်ကဗျာရဲ့ ခြေရာကို ကောက်တဲ့နေရာမှာတော့ သူ့အထက်က အစ်ကိုတော်ဖြစ်တဲ့ ရောမန္တိက ကဗျာရဲ့ အကြောင်းကို မပြောလို့မရပါဖူး။ ဒါကြောင့် ဒီစာအုပ်ကို ရောမန္တိကကဗျာနဲ့စပြီး “ပြည်တည်”ထားပါတယ်။ ရောမန္တိက ကဗျာမှာလည်း အင်္ဂလိပ်ရောမန္တိက ကဗျာဟာ ရှေ့ဆောင်ရှေ့ရွက်လို့ဆိုနိုင်တဲ့အတွက် အင်္ဂလိပ်ကဗျာဆရာတွေဟာ ဒီစာအုပ်ရဲ့ ရှေ့တန်းစာမျက်နှာတွေမှာ နေရာရကုန်ကြပါတယ်။
            “ရောမန္တိက”ဆိုတဲ့ ဝေါဟာရကို မြန်မာလို အမျိုးမျိုးပြန်ဖို့ ကြိုးစားခဲ့ဖူးကြပါပြီ။ အစောဆုံးဘာသာပြန်ကတော့ “စိတ်ကူးယဉ်ဝါဒ” ဖြစ်လိ့မ်ယမ် ထင်ပါတယ်။ အချို့ကလဲ “ယဉ်မပါဘဲ “စိတ်ကူးဝါဒ” လို့ဆိုကြတယ်။) ကျွန်တော်ကိုယ် တိုင် ဒီလိုသုံးဖူးပါတယ်) ဆရာဇော်ဂျီက “ဘ၀အလွမ်း”၊ “ဘ၀အမော”၊ စသဖြင့်သုံးတယ်။ နောက်အကျဆုံး သုတေသန ဆွေးနွေပွဲမှာ တင်သွားတဲ့ စာတမ်းတစ်စောင်မှာတော့ “ခံစားမှုအဓိကပြုဝါဒ”လို့ သုံးနှုန်းသွားတာကြားလိုက်မိသလိုပါပဲ။ ဒီအခေါ်အဝေါ်တွေဟာ ရောမန္တိက၀ါဒရဲ့ အင်္ဂါတစ်ပိုင်းစီကို ညွှန်းပြရာမှာဖြင့် မှန်ကြတယ်။ ရောမန္တိက၀ါဒဟာ စိတ်ကူးယဉ် လည်းဟုတ်တာပဲ၊ ဘ၀အမောလည်းဟုတ်တာပဲ၊ ခံစားမှုကို အဓိကထားတာလည်း မှန်တာပဲ၊ ဒါပေမယ့် ဘယ်သင်းမှ ဒီဝါဒ ရဲ့ ဘက်စုံသဘောသွားကို မချုံ့ငုံမိကြဖူး။ ဒီတော့ ကျွန်တော်တို့တော့ နောက်ဆုံးမှာ တစ်ပေကုလားရွာက ဦးနောက်တိုး ရဲ့ အဆိုပြုချက်ကိုပဲ ကြိုက်လိုက်ရတယ်။ “တစ်ပေကုလား” ဆိုတာ “တစ်ပေကုလား”ပဲပေါ့။ တစ်ပေရှိတဲ့ ကုလားလေး တည်ထောင်လို့လေး ဘာလေးနဲ့ ဘာလို့ ပြောနေတော့မလဲ။
            အထက်နားကဆိုခဲ့ပြီးအတိုင်း ရောမန္တိက၀ါဒဆိုတာ မူရင်းက အင်္ဂလိပ်တွေရဲ့ဝါဒပါ။ “ရောမန္တိက”ဆိုတဲ့စကားလုံး ရဲ့ဇစ်မြစ်က “ရောမန့်စ်”ခေါ်တဲ့ စိတ်ကူယဉ်ဝတ္ထုပါပဲ။ အဲဒီကနေ ဆင့်ပွားလာတဲ့ အဓိပ္ပာယ်တွေလည်း သူ့မှာ ကပ်ပါလာ ပါတယ်။ ၁၈ရာစုတုန်းက ရောမန္တိက ရှုမျော်ခင်းဆိုတာ ကြည်နူးလွမ်းဆွတ်ဖွယ် စိတ်ခံစားရမှုတွေကို ဖြစ်စေတဲ့ ပန်းချီကား မျိုးကို ဆိုလိုပါတယ်။ ဂန္ထ၀င်စာပေကို ဆန့်ကျင်တဲ့စာပေဂိုဏ်းကို “ရောမန္တိက”ဆိုတဲ့ အမည်နဲ့ စတင်သမုတ်လိုက်သူ ကတော့ ဂျာမာန်ဝေဖန်ရေးသမား ဖရိုက်ဒရစ် ရှလယ်ဂယ်လို့ဆိုပါတယ်။ ဂျာမနီကနေ အင်္ဂလန်၊ ပြင်သစ်တို့ဆီ ဒီအသုံး ရောက်သွားတယ်။ ဒီသုံးနိုင်ငံ အပြန်ပြန်ဆက်သွယ်ဆက်စပ်ရာက ရောမန္တိက၀ါဒ စတင်ပေါ်ပေါက်ခဲ့ခြင်းပါပဲ။
            ၁၇၅၀မှာ ပြင်သစ်စာရေးဆရာ ရူဆိုးက စာတန်းတစ်စောင်ရေးတယ်။ စာတန်းထဲမှာသူ လူဟာ သဘာဝအရ ကောင်းပါတယ်။ တိုးတက်မှု၊ ယဉ်ကျေးမှုတို့က ဖျက်ဆီးလိုက်ခြင်းပါလို့ ရေးလိုက်တယ်။ တခါ ၁၇၈၁-၈၈မှာ ထုတ်တဲ့ သူရဲ့နာမယ်ကျော် “ဖြေင့်ချက်များ”ဆိုတဲ့ စာအုပ်ထဲမှာ သူက “ကျုပ်ဟာ ကျုပ်တွေ့ဖူးတဲ့ ဘယ်သူနဲ့မှ မတူအောင် ဖန်ဆင်းထားသူတစ်ဦးပါ။ ကျုပ်ဟာသက်ရှိဘယ်သူနဲ့မှ မတူအောင် ဖန်ဆင်းထားတာဖြစ်တယ်ဆိုတာကို ကျုပ်ရဲရဲဝံ၀ံ ယုံကြည်တယ်။ ကျုပ်က ပိုမကောင်းချင်သာရှိမယ်။ သူများနဲ့ မတူကွဲပြားခြားနားတာတော့ အမှန်ပဲ”လို့ ရေးလိုက်ပြန် တယ်။ ဒါဟာဖြင့် ရောမန္တိက၀ါဒီတွေရဲ့ ကျွေးကြော်သံဖြစ်သွားပါတယ်။ ဒါကြော်င့ ရူးဆိုးကို ရောမန္တိကအကြိုလို့ခေါ်ကြပါ တယ်။ ရူဆိုးရဲ့ ဒီစကားလုံးတွေဟာ အနောက်ဥရောပမှာ ပြန့်နှံလို့သွားပါတယ်။ စောစောပိုင်း သူ့အရေးအသားတွေက လဲ ပြန့်နှံ့နေပီးသားပါ။ သူ့အတွေးအခေါ်တွေဟာ အဲဒီအချိန်က စာပေသမားတွေစိတ်ထဲ တွေ့ကြုံခံစားနေရတာနဲ့ သွား ပြီးဒက်ထိ တိုးမိပါတော့တယ်။
            အဲဒီအချိန်ပိုင်းက န၀ဂန္ထ၀င်ခေတ်လို့ ခေါ်တဲ့ ရှေ့ဟောင်းဂန္ထ၀င်စာပေ အစဉ်အလာ စည်းစနစ်တွေကို ထိန်းသိမ်း လိုသူတို့ရဲ့ ခေတ်နိဂုံးချုပ်စပြုနေတဲ့ အချိန်ပိုင်းပါ။ လူထုပုံပြင်တို့ အလယ်ခေတ် စိတ်ကူးယဉ်မှုတို့ဆီ ပြန်လည်ဝင်နေ ကြပါပြီ။ အင်္ဂလန်မှာ လူထုပုံပြင်တွေ အကြီးအကျယ် လိုက်ကောက်စုဆောင်းနေကြတယ်။ ဂျာမနီမှာ ဂန္ထ၀င်ပြဇာတ်ပုံစံ တွေကို စတင်ပယ်ရှားဖို့ ကြိုးပမ်းနေကြတယ်။ ရှေးဘာလဒကဗျာတွေ နမူနာယူပီး ဘာလဒအသစ်တွေရေးကြတယ်။ ဒါပေမယ့် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂည်ထယ်ကိုယ်တိုင်က ဂန္ထ၀င်ဝါဒထဲ ပြန်လှည့်သွားတာမျိုး ဖြစ်ခဲ့လေတော့ ဂျာမနီမှာ ရောမန္တိက၀ါဒ ဓာတ်ခံကလေးများ ရှိနေပါလျှက် အောင်အောင်မြင်မြင်မပေါ်ပေါက်ခဲ့ရဘူး။ တကယ့်ပီပီပြင်ပြင် ရောမန္တိက ရုပ်လုံးဟာ အင်္ဂလန်မှာသွားပြီးပေါ်ပါတယ်။ အင်္ဂလန်မှာလည်း ရောမန္တိက ဓာတ်ခံကလေးတွေကတော့ အနှစ်ငါးဆယ် လောက်ကတည်းက ပေါ်ထွက်နေခဲ့ပြီးပါ။ ဒါပေမယ့်ရောမန္တိက၀ါဒ မီးရှုးသန့်စင်ရာ အချိန်အဖြစ် တရားဝင်သတ်မှတ်ကြ တာကတော့ ၀ဒ်စ၀သ်နဲ့ကိုးလရစ်တို့ရဲ့ “လိရိကဘာလဒများ” ထုတ်ဝေတဲ့ ၁၇၉၈ပါပဲ။ ဒီစာအုပ်ဒုတိယအကြိမ် ရိုက် (၁၈၀၀)မှာပါတဲ့ နိဒါန်းကို “ရောမန္တိက၀ါဒ ကြေညာစာတမ်း”လို့ခေါ်ကြတယ်။ အဲဒီအချိန်မှာ ကိုးလရစ်က ဂျာမနီမှာ အချိန် အတော်ကြာ နေ့ဖူးခဲ့ပြီးပြီ။ ၀ဒ်စ၀သ်ကလဲ ပြင်သစ်ပြည်မှာ တော်လှန်ရေးမဖြစ်မီကလေးသွားရောက်ခဲ့ပြီးပြီ။ ဂျာမန်တွေ ရဲ့တော်လှန်လိုတဲ့ အတွေးအခေါ်တွေ၊ အင်္ဂလိပ်စာရေးဆရာအတော်များများအပေါ်မှာ လာရိုက်ခဲ့ပါတယ်။ ဒီလိုရိုက်ခတ်ခဲ့ မှုကြောင့်လဲ အင်္ဂလန်မှာ ရောမန္တိက၀ါဒ ထွန်းပေါက်လာခဲ့ရပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာ ပေါ်ပြီးလို့ နှစ်အတန်ကြာမှပဲ ဂျာမနီမှာ ရောမန္တိက၀ါဒရယ်လို့ တခေတ်ထလာရတယ်။ အဲ…ဒီဝါဒရဲ့ ရှေ့ပြေးအတွေးကို စတင်မျိုးစေ့ချခဲ့သူရဲ့ဇာတိမြေ (ပြင်သစ်ပြည်)မှာတော့ ဒီ့ထက်မက နောက်ကျပါသေးတယ်။ ကြာလည်းတော်တော်ကြာအောင် ပျိုးထောင်ယူရတယ်။ န၀ဂန္တ၀င်ဝါဒ ဂြိုဟ်မင်းက တော်တော်နဲ့ခွာချလို့မရခဲ့ဘူး။

သူပုန်တပ်သားကြီးရဲ့အလွမ်း

နိုင်ငံရေးအရကြည့်လျှင်တော့၊ ရောမန္တိက၀ါဒဟာ အာဏာပိုင်စနစ်၊ မှူးမျိုးမတ်မျိုးအရာရှိကြီးတွေ စိုးမိုးချယ်လှယ်မှုတို့ကို ဆန့်ကျင်တိုက်ခိုက်လိုတာက ပေါက်ဖွားလာခြင်းပါပဲ။ ရောမန္တိကတွေဟာ လွတ်လပ်လိုကြတယ်။ တော်လှန်လိုကြတယ်။ သူပုန်ဆန်ချင်ကြတယ်။ သူတို့ဇာတ်ကောင်ဟာ သူပုန်ပဲ။ (ဥပမာ ဘိုင်ရွန်ရဲ့ ဒွန်ဟွန်) စက်မှုတော်လှန်ရေးပေါ်လာတဲ့ အတွက် လူတွေဟာ လူနဲ့ မတူတော့ဖူ။စက်ဆန်ကုန်ကြပြီလို့လဲ ရောမန္တိကတွေက ယုံကြည်ကြတယ်။ “ရောမန္တိက၀ါဒ ဟာ အနှစ်သာရကတော့ ညူတန်ရဲ့ သိပ္ပံအတွေးအခေါ်တွေကို ဆန့်ကျင်တော်လှန်ခြင်းပါပဲ”လို့ ပညာရှင်တစ်ဦးက မှတ် ချက်ချပါတယ်။
            ရောမန္တိက၀ါဒရဲ့ အခြေခံအင်္ဂါရပ်များကတော့ (၁)တစ်ဦးချင်းဝါဒ (၂) လွတ်လပ်လိုခြင်း (၃) စိတ်လှုပ်ရှားမှု ၀ါ ခံစားမှု (၄)ကျင့်ဝတ်တရား (၅)ဘ၀အလွမ်း ဘ၀အမောတို့ဖြစ်ပါတယ်။ ဒီအယူအဆတွေဟာ ရူဆိုးရဲ့လူဆိုတာ သဘာဝ အရကောင်းတယ်။ ယဉ်ကျေးမှုက ဖျက်ဆီးလိုက်တာ။ လူဆိုတာတစ်ဦးနဲ့တစ်ဦး မတူဘူးဆိုတဲ့ အတွေးအခေါ်က ဆင်း သက်လာတာချည့်ပါပဲ။
            လူဆိုတာ အခြေခံက ကောင်းပါတယ်၊ ယဉ်ကျေးမှုတို့ တိုးတက်မှုတို့က ဖျက်ဆီးပစ်လိုက်တာပါဆိုတာကို ယုံ ကြည်လက်ခံလို့ရှိလျှင် ဒီလူရဲ့ အတွင်းစိတ်ကို ယုံကြည်ရပေလိမ့်မယ်။ ဒီလူရဲ့အတွင်း အဇ္ဈတ္တအတ္တက ဖွင့်အံလာတာတွေ ကိုလည်း ဖော်ထုတ်ရင့်ကျူးပြရပေလိမ့်မယ်။ ဒီလိုနဲ့ ရောမန္တိကတွေဟာ အတ္တကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ရတာ၊ ၀ိညာဉ်ကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးပြီးပြန်လည်တင်ပြ ဖော်ကျူးရတာကို အင်မတန်နှစ်ခြိုက်ကြတယ်။ သူတို့ကဗျာတွေ မှာ ဇာတ်ကောင်ဟာ စာရေးသူရဲ့ အတ္တပါပဲ။ “ဒွန်ဟွန်”ဟာ ဘိုင်ရွန်ပါပဲ။ သြကာသလောက၊ သတ္တလောကမှာ လျှို့ဝှက် နက်နဲတဲ့ သဘောတွေရှိတယ်။ ဒီသဘောတွေဟာ တစ်ဦးစီတစ်ဦးစီရဲ့ အတ္တမှာ အမျိုးမျိုးလာပီး ထင်ဟပ်ကြတယ်။ ဒါကို ဖော်ထုတ်ရမယ်လို့ သူတို့ယုံတဲ့အတိုင်း ကဗျာတွေရေးကြတယ်။ ဥပမာ- ကိစ်ရဲ့ “နိုင်တင်ဂေးလ်သို့ တမ်းချင်း”၊ ရှယ်လီ ရဲ့ “မိုးဆွေငှက်သို့”။
            ဒီလိုတစ်ဦးချင်း အတ္တကို ယုံကြည်သူတွေ၊ ကိုယ့်အတ္တကို ကိုယ်စိတ်ရှိလက်ရှိဖော်ကျူးလိုသူတွေဟာ လွတ်လပ် မှုကို ခုံမင်တာ မဆန်းဘူးပေါ့။ ဒီတစ်ဦးချင်း လွတ်လပ်လိုမှုဟာ ရောမန္တိကတို့အလျင် ဟိုပဝေသဏီခေတ်ကနေ ကနေ့ ဆိုရှယ်လစ်ခေတ်ထိ လူသားရဲ့ မွေးရာပါ ခေါင်းကိုက်ရောဂါ ဖြစ်နေပါပြီ၊ ဆိုဗီယက်ယူနီယံက ကဗျာဆရာပေါက်စတို့ရဲ့ “သူပုန်” ထမှု၊ ချက်ကိုစလိုဗားကီးယားက “လစ်ဘရယ်ဖြစ်ပေါ်ရေး”၊ ဒါတွေအားလုံးဟာ ဒီအခြေခံစိတ်လေးမှာ မြစ်ဖျားခံပါ တယ်။ ရောမန္တိကတွေဟာ ဒီစိတ်ကြောင့်ပဲ ဂန္တ၀င်ဝါဒရဲ့စည်းကြီးကမ်းကြီး အချုပ်အချယ်ကို ဆန့်ကျင်ခဲ့ကြတယ်။ လွတ်လွတ်လပ်လပ်ဖော်ကျူးရေးကို အားထုတ်ခဲ့ကြတယ်။ ဒီလိုစိတ်ပိုင်း လွတ်လပ်မှုတင်မက နိုင်ငံရေးလွတ်လပ်မှုကိုပါ သူတို့တောင့်တခဲ့ကြတယ်။ ဒီလိုစိတ်ပိုင်း လွတ်လပ်မှုတင်မက နိုင်ငံရေး လွတ်လပ်မှုကိုပါ သူတို့ တောင့်တခဲ့ကြတယ်။ ဂန္တ၀င်ခေတ်က တစ်ဦးနဲ့တစ်ဦး ဆန့်ကျင်နေတာမျိုးကနေ လူတစ်ဦးနဲ့ လူတန်းစားတစ်ခု ဆန့်ကျင်တာမျိုးဖြစ်လာတယ်။ သက်ဦးဆံပိုင်စနစ်နဲ့ အထက်တန်းလွှာ လူတန်းစားကို ရောမန္တိကတွေက ဆန့်ကျင်လာပါတယ်။ သူတို့ရဲ့သူရဲကောင်း ကတော့ ဘိုင်ရွန်ပေါ့။ (“ဒွန်ဟွန်”ကြည့်) ဘိုင်ရွန်ဟာ ကဗျာရေးရုံတင်မက၊ နောက်ဆုံးလူကိုယ်တိုင်ပါ လွတ်လပ်ရေးစစ်ပွဲ ထဲ ၀င်တိုက်ဖို့ သွားခဲ့သေးတယ် မဟုတ်လား။
            ဂန္တ၀င်ဝါဒီတွေက ဆင်ခြင်တုံတရားကို ဦးစားပေးကြတယ်။ ရောမန္တိကတွေက ဆင်ခြင်တုံတရားကို ရယ်သွမ်း သွေးလိုကြတယ်။ (ကိစ် “နိုင်တင်ဂေးလ်”ကြည့်) လူဆိုတာ သဘာဝအခြေခံအရ ကောင်းတယ်ဆိုလျှင် သူ့စိတ်လှုပ်ရှားမှု ကို ယုံကြည်ရပေလိမ့်မယ်။ အခြေခံက မကောင်းဘူး။ ဆိုးတယ်ဆိုမှသာ ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်ပေးရပေမပေါ့။ တကယ်ကတော့ ဆင်ခြင်တုံတရားနဲ့ ဆင်ခြင်လို့ မရတဲ့နေရာမျိုးမှာတောင် စိတ်လှုပ်ရှားမှု ၀ါ ခံစားမှုက မှန်မှန်ကန်ကန် ဦးဆောင်လမ်းညွှန်ပြသမှု ပြုနိုင်ပါသေးတယ်။ ဒီလိုတွေးခေါ်မှုမျိုးနဲ့ ရောမန္တိကတွေဟာ ကဗျာတွေ အများကြီးရေးခဲ့ကြ ပါတယ်။ ဥပမာ- ၀ဒ်စ၀သ်ရဲ့ “သေခြင်းမဲ့တရားတမ်းချင်း”၊ ရှယ်လီရဲ့ “မိုးဆွေငှက်”၊ “ကဗျာဆရာရဲ့ အိပ်မက်”။ ရောမန္တိက တို့ဟာဆင်ခြင်တုံတရားထက် ခံစားမှုကို ဦးစားပေးလိုတယ်။ အကျိုးသင့် အကြောင်းသင့် တွေးတောယူခြင်းထက် စိတ်ထဲ တွေ့ကြုံခံစားမိလာရတာကို အသားပေးလိုတယ်။ ဉာဏ်အသိ(Knowing)ထက် ဈာန်သိ(Insight)ကိုအမွှမ်းတင်ကြတယ်။
လူသားရဲ့ပင်ကိုယ်က ကောင်းမြတ်နေမှုကို ယုံကြည်ခြင်းနဲ့အတူ တစ်ပြိုင်နက် ဖြစ်ပေါ်လာတာကတော့ လူသား ရဲ့ ပါရမီဖြည့်နိုင်စွမ်းကို ယုံကြည်ခြင်းပါပဲ။ လူသားရဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းပါ တိုးတက်လာမှုဟာ ဖြစ်နိုင်တယ်။ ပါရမီ ဆည်းပူးလို့ရတယ်လို့ သူတို့ကယုံတယ်။ လောကီသဘာဝကို ကျော်လွန်သွားပြီး လောကုတ္တရာ မြင့်မြတ်မှုမျိုးအထိ ကြိုးပမ်းအားထုတ်သွားလို့ရတယ်လို့ သူတို့က လက်ခံကြတယ်။(ဥပမာ ဂွည်ထယ်ရဲ့ “ဖော့စ်တ်”) တစ်နည်းမှာတော့ သူတို့တစ်တွေဟာ သူတို့ခေတ်က အထက်တန်းလွှာတွေရဲ့ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ၊ ဖောက်ပြန်မှုတွေကို ပြစ်တင် ရှုတ်ချရင်း ခုလိုကျင့်ဝတ်ပိုင်း အမြင်တွေ ရကုန်တယ်နဲ့တူပါရဲ့။
ခေတ်ဟာ စာပေမှာ ရောင်ပြန်ဟပ်မြဲပါပဲ။ ရောမန္တိကတို့ရဲ့ခေတ်ဟာ နိုင်ငံရေ၊ စီးပွားရေး၊ လူမှုရေး အလွန်ဗရုတ် ဗရက်နိုင်လှတဲ့ခေတ်ပါ။ ဒီခေတ်၊ ဒီအခြေ၊ “သည်မင်းသည်စိုး သည်သူခိုးနဲ့ သည်မိုး သည်လေ သည်လူတွေ”ကို ဆန့် ကျင်ယင်း ပေါ်ပေါက်လာရတဲ့ ရောမန္တက၀ါဒဟာ အပျက်အမြင်ဘက်ကို ရှေ့ရှုနေပါတယ်။ ရောမန္တကတွေရဲ့ ကဗျာမှာ ဘ၀ကို၊ လောကကို ဒုက္ခဘုံအဖြစ် ခြယ်မှုန်းကြတာ မကြာမကြာတွေ့ပါလိမ့်မယ်။ ဘ၀အမော ဘ၀အလွမ်းကို ငြီးငွေ့နေ တဲ့ နိဗ္ဗိန္ဒဆရာကလေးတွေအဖြစ် သူတို့ကို တွေ့ကြရမယ်။
“တိုရဲ့ အသန့်စင်ဆုံး ရယ်မောသံဟာ
ဒုက္ခတစ်ခုခုနဲ့ ပြွမ်းနေတတ်တယ်။
ငါတို့ရဲ့ အလှဆုံးတေးဆိုတာ အဆွေးဆုံးအတွေကို ပြောပြတဲ့
                                                တေးတွေပေါ့”
                                                            ရှယ်လီ
“လူတွေထိုင်တဲ့ပြီးတစ်ယောက်ညည်းသံတစ်ယောက်ကြားရတယ်။
ကြေကွဲဖွယ် နောက်ဆုံးဆံဖြူအနည်းငယ်ကို သွက်ချာပါဒက
                                                လှုပ်ခါပစ်တယ်။
ငယ်ရွယ်ခြင်းဟာ ဖြူရော်၊ တစ္ဆေလိုပိန်ပါးလာပြီး သေလွန်ရတယ်”။
                                                            ဂျွန်ကိစ်
            ရောမန္တိကတွေဟာ ဒဿနတစ်ရပ်ကို ထူထောင်သူတွေလို့လည်း ဆိုနိုင်တယ်။ ၁၇ရာစု သိပ္ပံပညာတွေက စကြ ၀ဠာဆိုတာကို စက်အဆောက်အအုံတစ်ခုလို့ တင်ပြခဲ့ကြလေတော့ လူဆိုတာ သဘာဝတရား(သြကာသလောက)နဲ့ တခြားစီဖြစ်လေဟန်၊ အပြင်ပ တစ်နေရာကနေ စကြ၀ဠာထဲရောက်လာခဲ့ရဟန်၊ သူတွေ့နေရတဲ့ ကမ္ဘာနဲ့ တစ်သီးတစ်ခြား ရှိနေရလေဟန် ထင်မှတ်စေရတော့တယ်။ ၀ဒ်စ်ဝသ်လို ရောမန္တိကတစ်ဦးအဖို့ ဒါမှားတယ်လို့ မြင်လာပါတော့တယ်။ သူက ကမ္ဘာကို ဇီဝရုပ်အဖွဲ့အစည်းတစ်ခုလို့ မြင်လာတယ်။ သဘာဝတရားဆိုရာမှာ ဂြိုဟ်တွေ၊ တောင်တွေ၊ တောတွေ၊ လူတွေ ပါဝင်နေတယ်။ ဖြစ်ရ၊ မြင်ရ၊ ကြားရ၊ ခံစားရတာတွေဟာ ဆက်သွယ်ူနေကြတယ်။ ဒြပ်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းတွေ အဖြစ်ပါဝင်နေကြတယ်လို့ မြင်လာပါတယ်။ ရှုခင်းရှုကွက်နဲ့ ကဗျာဆရာရဲ့ခံစားမှု ဆက်သွယ်ခြင်းမရှိလို့ဆိုလျှင်မှားတယ်။ ပြင်ပလောကဖြစ်တဲ့ ရေမြေတောတောင်နဲ့ လူခံစားရချက် နှစ်ခုပြိုင် ရပ်တည်နေတာမဟုတ်ဘူး။ လူခံစားမှုနဲ့ သက်မဲ့ ၀တ္ထုများဟာ တစ်ဦးနဲ့တစ်ဦး ပြန်လှန်ဆက်သွယ်နေကြခြင်းသာဖြစ်တယ်။ အတူတကွ တိုးတက်ဖြစ်ပေါ်နေကြခြင်းသာ ဖြစ်တယ်။ ဒီလိုဖြစ်နေကြတဲ့ သဘောကို ထုံးတမ်းစဉ်လာအကြောင်းနဲ့ အကျိုး၊ ရုပ်နဲ့နာမ်၊ ကိုယ်နဲ့စိတ်နှစ်ခုပြိုင် ရပ်တည် မှုတရား(ဒွန္ဒ၀ါဒ)တွေနဲ့ ရှင်းလင်းတင်ပြလို့ မရဖူး။ ဒီလိုမြင်ပြီသကာလ သူ့ဝန်းကျင်နဲ့ သူ့ခံစားမှု၊ စာနာမှုတွေ ရောယှက် နေလေဟန် ရေးသီဖွဲဆိုတဲ့ ရောမန္တိက ကဗျာဆရာဟာဖြင့် သဘာဝတရားကို အမြင်သစ်ဖွင့်နေခြင်းပဲ ဖြစ်ပါတော့တယ်။ ကဗျာရုပ်ပုံ ဖော်ကျူးမှုရေးရာ တော်လှန်နေရာက သူဟာ ဒဿနရေးရာ အတွေးအခေါ်တော်လှန်ရေးပါ လုပ်နေခြင်း ဖြစ်ပါတော့တယ်။
            ရောမန္တိက၀ါဒဟာ အလိုမပြည့်ရခြင်း၊ မျှော်ခေါ်တောင့်တမိခြင်းများ အပေါ်အခြေခံဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှု တစ်ရပ်ပဲဖြစ်ပါတယ်။ သူ့ခေတ်နဲ့သူကတော့ တော်လှန်တက်ကြွတဲ့ လှုပ်ရှားမှုတစ်ရပ်ပါပဲ။ ရောမန္တိကတွေမှာ အောင်မြင် ခဲ့တာတွေရှိသလို အားနည်းချက်တွေလည်းရှိခဲ့တယ်။ အားနည်းချက်မှာလည်း တစ်ဦးချင်းအားနည်းချက် အမျိုးမျိုးရှိသလို လှုပ်ရှားမှုတစ်ခုလုံးရဲ့ အားနည်းချက်လည်းရှိတယ်။ ရောမန္တိကတွေမှာ လွှမ်းချုံနေတဲ့ မဟာ့မဟာ အားနည်းချက်ကတော့ အတွေးအခေါ်ကို ပညာသားပါပါ စနစ်တကျဖွဲ့စည်းသီကုံးပြီးမှ ဖော်ကျူးပြတာမျိုးမလုပ်ခဲ့နိုင်ခြင်းပါပဲ။ အဲဒီတော့ သူတို့ရဲ့ ခံစားနိုင်စွမ်းဟာ တိမ်နေတယ်။ မနက်ဖူး။ သူတို့ကခံစားမှု၊ ခံစားမှုဆိုပီး ခံစားမှုကို ခံစားရတဲ့အတိုင်း လက်လွတ်စပယ်ရေး ချပစ်လိုက်တာဖြစ်လေတော့ သူတို့ကဗျာကို ဖတ်ရတာဟာ ပန်တျာကျောင်းက ပထမနှစ်ကျောင်းသားလေးဆွဲထားတဲ့ တောကား တောင်ကားလေးတစ်ကား ကြည့်ရသလိုပဲ။ လှပါရဲ့၊ ပေါ့နေတယ်။ ကြည်နှုးဖွယ်ပါပဲ၊ အားပျော့နေတယ်။ စိတ်ကို “ခိုက်” မသွားစေနိုင်ဖူး။ ထိ-ငြိပြီး မသွားစေနိုင်ဘူး။

ပင်မရေစီးနဲ့ လှိုင်းဝဲသြဃ

ရောမန္တိက၀ါဒဟာ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဒီသုံးနိုင်ငံမှာပဲ ဗဟိုပြု အခြေစိုက်နေခဲ့ပါတယ်။ ဒါပေမယ့် ဥရောပအနှံအပြား ကိုရော၊ အနောက်ကမ္ဘာလုံးခြမ်းကိုပါ ပြန့်နှံ့သွားခဲ့တယ်။ အီတလီ၊ ပိုလန်၊ ရုသျှတို့မှာလဲ ရောမန္တိက၀ါဒ ပေါ်ခဲ့တာပါပဲ။ ဒါပေမယ့် ပင်မသုံးနိုင်ငံမှာလောက် မပြင်းထန်ဘူး။ ထူးထူးခြားခြားမရှိလှဘူး။(ကျွန်တော်တို့လက်ရွေးစင်မှာ အင်္ဂလိပ်ရော မန္တိကလှုပ်ရှားမှိုကု တော်တော်လေး စုံစေ့အောင် ထည့်ပေးထားတယ်။ ကျန်နိုင်ငံများထဲကတော့ ဂျာမနီက ဂွည်ထယ်၊ ရုသျှက ပုသျှကင်၊ ဒီနှစ်ဦးပဲ ထည့်ပေးနိုင်ပါတယ်) ရောမန္တိက၀ါဒလို့သာ ချုံငုံပြီး ခေါ်လိုက်ရပေမယ့် တစ်နေရာနဲ့ တစ်နေရာကလည်း မတူဘူး။ သူ့နည်းသူ့ဟန်နဲ့ “ရောမန္တိက”နေတာတွေဖြစ်ပါတယ်။ ရောမန္တိကခေတ်ရယ်လို့ စာပေ ရာဇ၀င်ဆရာတို့က အချိန်ကို ပိုင်းယူလေ့ရှိသော်လည်း တကယ့်တကယ်တိတိကျကျကွန်ပါနဲ့ ထောက်ပြလို့ မရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ တချို့နေရာတွေမှာ(ဥပမာ ကျွန်တော်တို့တိုင်းပြည်) ရောမန္တိက အငွေ့အသက်ကို တွေ့နေရသေးတာလည်း ရှိရဲ့။ ဒါပေမယ့် ခြုံကြည့်ယင်တော့ ရောမန္တိက၀ါဒဟာ ၁၉ရာစု ဒုတိယတစ်ဝက်လောက်ကပဲ နေရာအများအပြားမှာ ရက်လည်ဆွမ်းသွတ်ပြီးသွားခဲ့ပါပြီ။ သူချုပ်ငြိမ်းသွားပုံတွေကလည်း တစ်နေရာနဲ့ တစ်နေရာ ကွဲပြား ပါတယ်။ ပြင်သစ်ပြည်မှာဆိုရင် သူပြီးတဲ့နောက် ၀တ္ထုမှာ အမှန်ဝါဒနဲ့ အဲဒီနောက် သဘာ၀၀ါဒ၊ ကဗျာမှာ ပါနဲဆယန်ဝါဒနဲ့ အဲဒီနောက် သင်္ကေတ၀ါဒတို့က ထိုးဝင်လာတာနဲ့ ရောမန္တိက၀ါဒ ခေါင်းလျှိုးထွက်ပြေးခဲ့ရတယ်။ ဂျာမနီမှာတော့ ၀တ္ထုမှာ အမှန်ဝါဒကို နေရာဖယ်ပေးခဲ့ရပေမဲ့ ကဗျာမှာတော့ သင်္ကေတ၀ါဒ တက်လာတဲ့တိုင် သူက အပြုံးမပျက်ဖူး။ ကနေ့တိုင် တွေ့ရတုန်းပဲ။ အင်္ဂလန်မှာ ရောမန္တိက၀ါဒဟာ ၁၈၃၂မှာ နိဂုံးချုပ်တယ်လို့ အဆိုရှိကြတယ်။ ဒါပေမယ့် သူ့နောက်တက် လာတယ်ဆိုတဲ့“၀ိတိုရိယန်စာပေ”ဟာလဲ တကယ့်တကယ်ကတော့ တယ်မထူးလှပါဘူး။ နည်းနည်းပါးပါး ကွာခြားတာတွေ ပဲရှိပါတယ်။ အင်္ဂလိပ်ကဗျာမှာ ရောမန္တိကခေတ်ကုန်ပီး “မော်ဒန်”လမ်း ပြောင်းဝင်လာတာကတော့ ၁၉ရာစု ကုန်ခါနီး ၂၀ ရာစု စခါနီးကျမှသာဖြစ်ပါတယ်။
            ဒါကြောင့် ရောမန္တိက၀ါဒပြီးတော့ ဘာဝါဒတက်လာသလဲမေးရင် ဖြေဖို့မလွယ်ဘူး။ တိုင်ပြည်လိုက်မေးယင်သာ ဖြေလို့ရမယ်။ အကြမ်းဖျင်း ကြည့်ရလျှင်တော့ ရောမန္တိက၀ါဒနောက်မှာ တိုင်းပြည်တိုင်လိုလို အမှန်ဝါဒတမျိုးမဟုတ် တစ်မျိုးရောက်လာတယ်လို့ ပြောနိုင်ပါရဲ့။ ခေတ်က နီးကပ်လွန်း အားကြီးနေတဲ့အတွက် လှိုင်းကလေးတွေ၊ ၀ဲကလေးတွေ နဲ့ပင်မရေစီးကို ခွဲခြားမမြင်နိုင်သေးဘဲ ရှိနေတာလားတော့ မပြောတတ်ဘူး။ ဒါမှ မဟုတ်ရင်လည်း လှိုင်းတွေဂယက်တွေ ထကြွနေကြတာက များပြားပြင်းထန်လွန်းလို့ ပင်မရေစီးရယ်လို့ မရှိကို မရှိတော့ဘဲ ဖြစ်နေရော့လားလည်း မသိဘူး။ တစ်ခုတော့ ပြောနိုင်ရဲ့ ရောမန္တိကလှုပ်ရှားမှုနောက်ပိုင်းမှာ အနောက်တိုင်းစာပေလောကမှာဖြင့်ရင် လမ်းကြောင်းတွေ၊ ၀ါဒ တွေတချို့လည်း သက်ဆိုးရှည်၊ တချို့လည်း အဖတ်မတင် အမျိုးမျိုး ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ အကြောင်းပါပဲ။ အဲဒါတွေ ထဲက အချို့ကတော့ အမှန်ဝါဒ၊ သဘာ၀၀ါဒ၊ သင်္ကေတ၀ါဒ၊ ရုပ်ပုံဝါဒ၊ ဒေသ၀ါဒ၊ ဖော်ကျူးရေးဝါဒ၊ စွဲထင်မှုဝါဒ၊ အမှန်လွန် ၀ါဒ၊ အနာဂတ်ဝါဒ၊ ဆိုရှယ်လစ်အမှန်ဝါဒ၊ လူဝါဒတို့ဖြစ်ပါတယ်။

သိပ္ပံ၊ သဘာဝ၊ သင်္ကေတ

၁၉ရာစုအလယ်လောက်မှာ သိပ္ပံပညာမှာ တိုးတက်မှုတွေ အသစ်ကြုံလာရပြန်တယ်။ “ဆင့်ကဲဖြစ်စဉ်”သဘောတရား ရှေ့တန်းရောက်လာရတယ်။ ဒီသဘောတရား အမြင်ကြောင့် လူဆိုတာ ရောမန္တိကတွေ ခြယ်မှုန်းခဲ့လေ့ရှိတဲ့ သူရဲကောင်း အဆင့်ကနေ စကြာဝဠာကြီးရဲ့ အလယ်မှာ သေးသေးမွှားမွှားကလေး၊ သဘာဝ အင်အားစုတွေရဲ့ အနိုင်ကျင့်တာကို ကျားသနားမှ နွားချမ်းသာဖြစ်နေရတဲ့ သနားစရာ့ သတ္တ၀ါကလေးမျှ ဖြစ်လာပါတော့တယ်။ လူဆိုတာ ဗီဇတရားနဲ့ ၀န်းကျင်တို့ရဲ့မတော်တဆ ဖန်တီးလိုက်ချက်တစ်ခုပဲ။ သူ့အကြောင်းကို ဒီတရားနှစ်ခုနဲ့ ရှုမြင်နားလည်ရမယ်လို့ လက်ခံ လာကြပါတော့တယ်။ စာပေမှာ ဒီအမြင်ကို သဘာ၀၀ါဒလို့ ခေါ်ပါတယ်။ ဦးဆောင်တင်ပြသူကတော့ ပြင်သစ်စာရေးဆရာ ဇိုလာပါပဲ။ သူက ၀တ္ထုရေးတယ်ဆိုတာ စမ်းသပ်ခန်းထဲမှာ စမ်းသပ်လုပ်ကိုင်ရခြင်းမျိုးပဲလို့ယုံတယ်။ ဒီလို ဒီလို ၀န်းကျင်မှာ၊ ဒီလိုဗီဇတရားနဲ့ ဒီလိုဇာတ်ကောင်တွေ ထည့်မွှေလိုက်၊ ဘယ်လိုဖြစ်လာကြမလဲ စောင့်ကြည့်လိုက်၊ ပြီးတာပဲ။ အပူချိန် ဘယ်နှစ်ဒီဂရီမှာ ဘယ်ဝတ္ထုထဲ ဘယ်အက်ဆစ်ထည့် ဘယ်လိုဓာတ်ငွေထွက်လာမလဲ ကြည့်ရသလိုပဲပေါ့ ဒါသဘာဝ ၀ါဒပါပဲ။
            ဒါပေမယ့်ဆင့်ကဲဖြစ်စဉ်ဝါဒကြောင့်မဟုတ်ဘဲ သူ့နည်းနဲ့သူ ရောမန္တိက၀ါဒကို ဆန့်ကျင်ရင်း သဘာ၀၀ါဒီဖြစ်လာ သူတွေလည်းရှိသေးတယ်။ ပြင်သစ်ပြည်က ပါနဲဆယန် ကဗျာဆရာတွေပါပဲ။ သူတို့က(ဂိုတျယ်၊ ဒါလိစ်လယ်၊ အေရေဒိယာ) ရာဇ၀င်ကြောင်းဖြစ်ရပ်တွေနဲ့ သဘာဝဖြစ်စဉ်တွေကို ရုပ်ဝတ္ထုကျကျ ရှုမြင်မှတ်သားပြီး သရုပ်ဖော်တင်ပြ လိုက်ရင် ပြီးရောဆိုတဲ့ ရည်ရွယ်ချက်မျိုးထားရှိကြတယ်။ ဒါလိစ်လယ်ရဲ့ကဗျာတစ်ပုဒ်ဟာ အကောင်းဆုံးနမူနာပေါ့။ ကန္တရ ထဲမှာ ဆင်တွေ ဖြတ်သွားနေကြတယ်။ ဆင်တွေပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်ဖြစ်နေပုံကို ကဗျာဆရာက ဂန္ထ၀င်ဝါဒီဆန်ဆန် ခမ်းခမ်းနားနား သရုပ်ဖော်ရေးခြယ်ပြတယ်။ ပြီးအဲဒီမှာပဲ ထားခဲ့တယ်။ ပြီးရော။ ဒါပေမယ့် သဘာ၀၀ါဒ ဟာ ကဗျာမှာထက် စကားပြေမှာ အဖွံ့ဖြိုးဆုံးဖြစ်ခဲ့ပါတယ်။ (ဖလိုဘယ်၊ အိဘဆင်)
            သဘာ၀၀ါဒီရဲ့ ရုပ်ဝတ္ထုကျကျရေး အဓိကရည်ရွယ်ချက်ဟာ ကဗျာဈာန်နဲ့ အံမ၀င်ခွင်မကျဖြစ်လာရပါတော့တယ်။ ကဗျာစိတ်ကူးတွေကို ဒီရည်ရွယ်ချက်က ဇိအစ်ထားသိလို ဖြစ်နေတယ်။ သူခံစားရတာကို ထိထိမိမိ ဖော်ကျူးနိုင်စွမ်းမရှိ လာတော့ဘူး။ စာဖတ်သူကလည်း အားမလိုအားမရဖြစ်လာတယ်။ အနုပညာသည် ကိုယ်တိုင်ကလဲ သူ့နည်းကို သူသစ္စာ ဖောက်ချင်ချင်ဖြစ်လာတော့တယ်။ ဒီလိုနဲ့ သဘာ၀၀ါဒရဲ့ နေရာကို ၀ါဒသစ်တစ်ခုဟာ တဖြည်းဖြည်းချင်း ၀င်ရောက်ယူ လာပါတော့တယ်။
            သင်္ကေတ၀ါဒကို တနည်းပြောရရင် ရောမန္တိက၀ါဒကို အလွန်အကျွံလုပ်ပစ်ခြင်းလို့ ဆိုရမလားမသိဘူး။ သင်္ကေတ ၀ါဒရဲ ရှေ့ပြေးဆိုရသူတွေကိုလေ့လာကြည့်ရင် ဒီတိုင်းတွေ့ရတယ်။ သူတို့တစ်တွေဟာ ကိုယ်တိုင်က ရောမန္တိက၀ါဒီတွေပဲ ရောမန္တိကကို ဆန့်ဆွဲရင်း သူတို့ဟာ ဘိုးသူတော်ဖြစ်မှန်းမသိဖြစ်ဆိုသလို သင်္ကေတ၀ါဒီများ ဖြစ်လာခဲ့ကြရပါတယ်။ ပြင်သစ်က ရှေရာဒါနယ်ဗာလ်ဟာ ဒီလိုကဗျာဆရာတစ်ဦးပေါ့။ သူဟာ မကြာမကြာစိတ္တဇဆေးရုံရောက်ရတဲ့လူပါ။ ဒါကြောင့်ပဲလာတော့မသိဘူး၊ သူဟာ သူ့စိတ်ကူးယဉ်မှုတွေ၊ ခံစားမှုတွေကို တကယ်ဘ၀နဲ့ ရောထွေးပစ်လေ့ရှိတယ်။ မြင်တွေ့ရတဲ့ ရုပ်ကမ္ဘာဟာစိတ်ထဲမှာ ခံစားကြုံတွေ့ရတဲ့ စိတ်ကူးထည်တွေနဲ့ ဆက်စပ်နေတယ်။ အိပ်မက်တို့ စိတ်ကူးယဉ်မှုတို့ဟာ တကယ့်ရုပ်ဘ၀နဲ့ ဆက်သွယ်နေတယ်လို့ သူယုံကြည်တယ်။ သူ့ဆွန်းနက်ကဗျာတစ်ပုဒ်မှာဆိုရင် သူ့ကိုဝဒ်ဝသ်က အကိုခေါ်ရမတတ်ပဲ၊ “ကောင်းကင်မှာ သြကာသလောကရှိပုံများ”၊ “အထီးကျန်နေရာများက၀ိညာဉ်များ”၊ “ကျောက်တုံးတို့ရဲ့အောက်က သန်စင်တဲ့ဝိညာဉ်များ”အကြောင်း ထည့်ရေးစပ်ခဲ့ပါတယ်။
            သင်္ကေတ၀ါဒ ဖြစ်ပေါ်လာမှုမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ အဂ္ဂါအယ်လင်ပိုးပါဘဲ။ ပိုးအပါအ၀င် အမေရိ ကန်က ရောမန္တိကစာရေးဆရာအချို့ဟာ( ဟော်သွန်း၊ မယ်လဗီလ်၊ ၀ှစ်တမင်၊ အီမာဆင်) သင်္ကေတ၀ါဒဆီ ရှေ့ရှုနေခဲ့ကြ တယ်လို့ အဆိုရှိတယ်။ ၁၈၄၇မှာ ပြင်သစ်က ရောမန္တိကကဗျာဆရာ ဘို့ဒလယ်ဟာ ပိုးကို ပထမဆုံးအကြိမ် ဖတ်ရတယ်။ အင်မတန်စိတ်ထဲစွဲငြိသွားတာနဲ့ ပိုးရဲ့ ပုံပြင်တွေကို ပြင်သစ်လို ဘာသာပြန်ထုတ်ခဲ့တယ်။ အဲဒီကစပြီး ပြင်သစ်စာပေမှာ အဂ္ဂါအယ်လင်ပိုးရဲ့ သြဇာဟာ အရေးကြီးလာပါတော့တယ်။ ပိုးရဲ့ဝေဖန်ရေးဆောင်းပါးတွေဟာ သင်္ကေတ၀ါဒလှုပ်ရှားမှုရဲ့ ကျမ်းစာတွေ ဖြစ်လာတယ်။ ရောမန္တိကတို့ရဲ့ လက်လွတ်စပယ်လှုပ်ရှားမှုကို သူကပြုပြင်ပေးလိုက်ပြီး ရောမန္တိကတို့ရဲ့ စကားလုံးသုံးဖြုန်းမှုကိုလဲ သိပေးလိုက်တယ်။ ကဗျာဆိုတာ ဈာန်ဝင်ပြီး စပ်ရတယ်ဆိုတဲ့ နေရာမှာ သူက တမင်ကို ကြံစည် စီစဉ်ပြီး စပ်ယူရတယ်လို့ ကြွေးကြော်လိုက်တယ်။ ဒါပေမယ့် သဘာ၀၀ါဒဖြစ်မလာဘဲ ရောမန္တိကအလွန် အကျိုးတရားများ ဖြစ်ပေါ်လာစေခဲ့တယ်။ ပိုးရဲ့ကဗျာနဲ့ ကိုးလရစ်ရဲ့ “ကူဗလခန်”လို ရောမန္တိကကဗျာမှာ တူညီတာ အများအပြားပဲရှိပါတယ်။ ဒါပေမယ့်ပိုးက ရောမန္တိက၀ါဒရဲ့ အင်္ဂါရပ်အချို့ကိုသာ အမိအရတွယ်ဆုပ်ကိုင်ပြီး ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်တဲ့အတွက် ရောမန္တိက၀ါဒကို လုံးဝတမျိုးတဖုံဖြစ်သွားအောင် ပြောင်းလဲ ပစ်နိုင်စွမ်းခဲ့ပါတော့တယ်။ သူက မတိမကျရှိမှုဟာ တကယ့်ကဗျာ ဂီတကောင်းတို့ရဲ့ အခြေခံ အင်္ဂါရပ်လို့ဆိုပါတယ်။ ၀ိုးတ၀ါးနိုင်မှု၊ မတိမကျလုပ်ပြီး၊ အရိပ်အညွှန်းပြမှုဆိုတာ ဟာသင်္ကေတ၀ါဒရဲ့ အဓိကရည်ရွယ်ချက်တစ်ခုပါဘဲ။
            မတိမကျဖြစ်အောင် ၀ိုးတ၀ါးဖြစ်အောင်လုပ်ရာမှာ နယ်ဗာလ်လို စိတ်ကူးယဉ်ကမ္ဘာနဲ့ တကယ့်ရုပ်ကမ္ဘာရောထွေး ပစ်ရုံတင်မကဘူး။ အာရုံငါးပါးတို့ရဲ့ ခံစားမှုတွေကို ရောပစ်ကြပါတယ်။ ဘို့ဒလယ်က “အဝေးမှာရောယှက်သွားတဲ့ ရှည်လျားပဲ့တင်သံများပမာ မွှေးရနံ့များ၊ အရောင်များ၊ အသံများ အချင်းချင်းခေါ်ထူးနေကြရဲ့”လို့ ရေးခဲ့ပါတယ်။ ဒါဟာဖြင့် ပြင်သစ်ကဗျာလောကမှာ တော်လှန်ရေးတစ်ရပ်ဖြစ်သွားတော့တယ်။ သင်္ကေတ၀ါဒလှုပ်ရှားမှုဟာ ပြင်သစ်ဆန်းဂိုဏ်းစနစ် စည်းကမ်းများကိုရိုက်ချိုးလိုက်ပြီး ပြင်သစ်ဂန္တ၀င်အစဉ်အလာရဲ့ ပြတ်သားမှု၊ ကျိုးကြောင်းယုတ္တိရှိမှုဆိုတာတွေကို ရေစုန် မျှောပစ်လိုက်တယ်။ ကဗျာမှာ ဂီတရဲ့ အကျိုးသက်ရောက်မှုများအောင် ကြိုးစားကြပါတော့တယ်။


ကဗျာအတွက်ကဗျာ

ကဗျာကို ဂီတဘက်နွယ်အောင်၊ ဂီတသဘောသက်ရောက်အောင် လုပ်တယ်ဆိုတာဟာ တနည်းအားဖြင့်တော့ ကဗျာကို တစ်ဦးချင်းရဲ့ စိတ်ခံစားမှုများ၊ စိတ်လှုပ်ရှားမှုများ ကျက်စားရာအဖြစ်လုပ်ခြင်းပါပဲ။ ရောမန္တိကတွေထက်တောင် တစ်ဦးချင်း သဘောဆောင်လာတဲ့ လက္ခဏာပါပဲ။ ကဗျာဟာ ကဗျာဆရာတစ်ဦးထဲရဲ့ပုဂ္ဂလိကကိစ္စရပ်လေးတစ်ခုလိုဖြစ်လာပြီး၊ စာဖတ်ပရိသတ်နဲ့ ဆက်သွယ်လို့မရအောင် ဖြစ်လာရပါတော့တယ်။ သင်္ကေတ၀ါဒဆိုတဲ့ အမည်ကိုက ခပ်ရှုပ်ရှုပ်ပါ။ မာလာမေတို့ပြောတဲ့ သင်္ကေတဆိုတာ အများနားလည်တဲ့ သင်္ကေတမျိုးမဟုတ်ပါဖူး။ အများနားလည်နေတာက သင်္ကေတမျိုးမဟုတ်ပါဘူး။ အများနားလည်နေတာက သင်္ကေတဆိုတာ တစ်စုံတစ်ခုကိုယ်စား လူအများက ၀ိုင်းပြီးအမှတ် အသားပြုထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဥပမာ ဆေးရုံကို ကြက်ခြေနီ၊ ပညာကို မီးရှူး၊ ရှေးရှေးက စာဆိုတွေသုံးခဲ့ကြတဲ့ သင်္ကေတဆိုတာလည်း အလားတူ သဘောဆောင်ပါတယ်။ သဘောသဘာဝတူမျှတာကိုယူပြီး သင်္ကေတပြုခဲ့ကြချင်းပါပဲ။ “ရွှေလိပ်ပြာရွှင်စေ့မယ်”ဆိုရာမှာ “လိပ်ပြာ” ဟာ ၀ိညာဉ်ကိုပြောတာပါပဲ။ ရှေးအယူအရ ၀ိညာဉ်ဟာ လိပ်ပြာကလေးနဲ့ တူတယ်ဆိုလို့ ဒီလိုသုံးခြင်းဖြစ်ပါတယ်။ “သကျမျိုးရိုး ခြင်္သေ့မင်း”လို့ ဘုရားကိုခေါ်ဝေါ်တာဟာလည်း ရဲရင့်တာခြင်းတူလို့ ခေါ်တာဖြစ်ပါတယ်။ သင်္ကေတ၀ါဒီတွေရဲ့ သင်္ကေတက ဒီလိုမဟုတ်ပါဘူး။ ကဗျာဆရာက သူ့မှာဖြစ်ပေါ်လာတဲ့စိတ် အတွေးတွေကို ကိုယ်စားပြုဖို့ သူထင်သလို ရွေးချယ်သုံးနှုံးလိုက်တဲ့ ပစ္စည်းတွေပါ။ ဥပမာ ကဗျာဆရာတစ်ယောက်က သူအိပ်ချင်စိတ်ဖြစ်လာတာကို ပြောချင်ရင် “ငါ့ခေါင်းထဲ ပိုးနသန်ကောင်တွေ တွားဝင်လာနေတယ်”လို့ ပြောတာမျိုးပါ။ တနည်းအားဖြင့်တော့ သူ့အတွေး၊ သူ့စိတ်ကူးတွေကို တမင်လူများတကာ မရိပ်မိအောင် ဖုံးကွယ်ပေးတဲ့ မျက်နှာဖုံးလို ရုပ်ဖျောက်စရာ ပစ္စည်းများပါပဲ။မာလာမေက ဒီလိုပြောပါတယ်။ “ပါနဲဆယန်တွေက အရာဝတ္ထုကို သူရှိနေတဲ့ အတိုင်းပဲယူ ပြီး ကျုပ်တို့ရှေ့ချပြတယ်။ အဲဒီတော့ လျှို့ဝှက်တဲ့သဘောမပါတော့ဘူး။ အဲဒီတော့ ဖန်ဆင်းနေရတာပဲလို့ ယုံရတဲ့ အရသာကိုစိတ်ထဲမှာ မရှိစေတော့ဘူး။ ပစ္စည်းတစ်ခုကို နာမည်ထုတ်ပြောလိုက်တာဟာ ကဗျာဖတ်ရတဲ့ အရသာကို လေး ပုံသုံးပုံ လျှော့သွားစေတယ် ကဗျာအရသာဆိုတာက နည်းနည်းချင်း နည်းနည်းချင်း ခန့်မှန်းလို့ရရှိတဲ့ အခါမျိုးမှာမှ ပေါ်တာကလား။ အရိပ်အမြွက်ပြပေး၊ သိချင်အောင်ဆွပေး၊ ဒါဟာစိတ်ကူးကို စွဲမက်စရာဖြစ်စေတယ်။”
            သင်္ကေတ၀ါဒ လှုပ်ရှားမှုဟာ ပထမတော့ ပြင်သစ်ပြည်အတွင်းမှာပဲ နယ်သန့်နေခဲ့ပါတယ်။ လေးလေးနက်နက် ခေါင်လွန်းတဲ့ ကဗျာမျိုးကိုမှလဲ သုံးကြတယ်။ နောင်မှာတော့ တစ်စတစ်စနဲ့ အနောက်တိုင်းကမ္ဘာတစ်ခုလုံး ပြန့်နှံ့သွားပြီး ဒီနည်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြပါတော့တယ်။ ကနေ့ခေတ်ရဲ့ စာပေရာဇ၀င်ဟာ သင်္ကေတ၀ါဒ ဖြစ်ပေါ်လာပုံ သဘာ၀၀ါဒနဲ့ ဆန့်ကျင်ခဲ့ရပုံ ရာဇ၀င်ပါပဲလို့ ဆိုကြပါတယ်။ ကနေ့ခေတ်ပေါ်ကဗျာ( “မော်ဒန်”)ဆိုတာ သင်္ကေတ၀ါဒကဗျာက စလိုက်တာပါပဲ။ ဂျွန်ကိစ်ရဲ့ ပထမဆုံးကဗျာစာအုပ်ကို ဖတ်ရတော့ လီးဟန့်က ဂျွန်ကိစ်ဟာ “ကဗျာ အတွက် ကဗျာ” ရေးတာပဲလို့ မှတ်ချက်ချပါသတဲ့။ သင်္ကေတ၀ါဒီတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ထေယော်ဖိလ်ဂို တျယ်ဖြန့်ဖြူးခဲ့တဲ့ “အနုပညာ အတွက် အနုပညာ”ဆိုတဲ့ ဆောင်ပုဒ်ပေါ်မှာ သူတို့ရဲ့ လှုပ်ရှားမှုကို တည်ဆောက်ထားခြင်း ပါပဲ။


“လက်ပတ်နာရီရှာတဲ့ထာဝရတရား”

ပင်မသင်္ကေတ၀ါဒ နောက်ပိုင်းမှာ ဆက်လက်ချဲ့ထွင်ဖို့ ကြိုးစားကြတာတွေကတော့ အများကြီးပါပဲ။ မာလာမေကိုယ်တိုင် ကလဲ သူ့စောစောပိုင်းက ကဗျာနဲ့ နောက်ပိုင်းကဗျာထူးခြားအောင် လုပ်လာတာတွေ့ရပါတယ်။ အခြားပုဂ္ဂိုလ်တွေက လည်း သစ်သထက် သစ်အောင် ကြိုးစားကြတာပဲ။ အပေါ်လီနယ်က ပထမပိုဒ်ထီးပုဒ်မတွေ ဖြုတ်တယ်၊ နောက်ကြိယာ အဆက်စပ်တွေကိုပါ ဖြုတ်ပစ်ခဲ့ပြန်တယ်။ ဘို့ဒလယ်ကို သူက ဘောင်ကျဥ်းတယ်လို့ ဝေဖန်လာတယ်။ သူ့ရဲ့ စာပေ သား မြေး အမှန်လွန်ဝါဒီတွေလက်ထဲ ရောက်တဲ့အခါမှာတော့ ကိုးရို့ကားယား ရုပ်ပုံတွေရရှိအောင်ကြိုးစားကြတော့တယ်။ စကားလုံးတိုင်းကို အဓိပ္ပာယ်တန်ဖိုးရှိပုံချင်း အတူတူပဲလို့ သူတို့က ဆိုလာကြတယ်။ အတွင်းစိတ်၊ မသိစိတ်ကို ဖွင့်ကြည့် လိုက်နိုင်ပြီဆိုတဲ့အခါမှာတော့ ဒီအတိုင်းဖြစ်ရပေမှာပဲလို့ဆိုကြတယ်။ ဂုစတဗ်မော်ရိုးက “ကျုပ်က ကျုပ်မမြင်ရတာကိုသာ၊ ကျုပ်ခံစားရတာကိုသာ ယုံတယ်၊ ကျုပ်အဖို့ အတွင်းစိတ် အနေဟာသာ ထာဝရတည်တံ့တယ်၊ ငြင်းစရာမရှိအောင် စစ်မှန် တယ်”လို့ ပြောလာပါတယ်။ ငြင်းစရာမရှိအောင် မှန်တယ်ဆိုရင် သူ့အထဲရှိနေတာတွေ အားလုံးဟာ မြင့်မြတ်ပေတာပေါ့။ သူက ထုတ်လုပ်လိုက်တဲ့ အရာတိုင်းဟာ အရေးပါနေ၊ တန်ဖိုးရှနေတော့တာပေါ့။ လုံးဝဖွင့်လှစ်ပြလိုက်ရင် သတ္တိရှိရှိအသုံး ပြုလိုက်ရင် မသိစိတ်ဟာ သစ်လွင်တဲံ၊ ပိုမြင့်မြတ်တဲ့ အမှန်တရားကိုဖော်ပေးနိုင်လိ့မ်မယ်။ ဒီလိုဖြစ်အောင် နိုးနေတဲ့အခါ သိရတဲ့ အမှန်တရားကို အိပ်မက်နဲ့ရောပေးလိုက်ရမယ်လို့ သူတို့ကဆိုပါတယ်။ ဒီလိုလွန်ကဲတဲ့ အမှန်တရားကို ဖော်ထုတ် ရေးဟာ အန္ဒရေဘရီတန်ခေါင်းတောင်တဲ့ အမှန်လွန်ဝါဒီတွေရဲ့ ရည်ရွယ်ချက်ပါပဲ။ မသိစိတ်ကို နှိုက်ချွတ်လေ့လာမယ်ဆို တဲ့ လှုပ်ရှားမှုမှာ သူတို့ဟာ တတိယအဆင့်ပေါ့။ ပထမ ရောမန္တိက၊ ဒုတိယ သင်္ကေတ၀ါဒီတွေလေ။ အိပ်မက်နဲက အမှန်ဘ၀ကို အမှန်လွန်ဖြစ်အောင် ရောမွှေပေးတဲ့နည်းကတော့ မစပ်အပ်ဆုံး ရုပ်ပုံတွေကို အသုံးပြုခြင်းပါဘဲ။ တစ်ခုနဲ့ တစ်ခု မဆက်စပ်လေလေ၊ အင်အားပိုကောင်းလာလေလေ ဖြစ်လာပါတော့တယ်။ ဥပမာ ဘရယ်တန်ရဲ့ “ထာဝရတရား ဟာ ကမ်းစပ်နားမှာ သန်းကောင်မတိုင်မီလေးမှာ လက်ပတ်နာရီ ရှာဖွေနေတယ်” “ကနေ့မနက်တောင်တန်း ရဲ့ သမီးဟာ လင်းနို့တို့ရဲ့  အကော်ဒီယမ်ကို ဒူးပေါ်တင်ထားတယ်” ဆိုတာမျိုး၊ အယ်လွာရဲ့ “ကျိုးနာနေတဲ့ ဆိုင်းဝိုင်းများ နဲ့ ခင်းကျင်းထားတဲံ နံရံများ တလျောက် မိမိတို့ရဲ့ ခဲပုပ်နားရွက်များကို ဆန့်ထုတ်ယင်း မိုးကြိုးသံနဲ့ ရောထွေးတဲ့ အနမ်း ကို ကြိုတင်ကာကွယ်ကာ” ဆိုတာမျိုးပေါ့။
            သူတို့ကဗျာက ဖတ်ရုံသက်သက်နဲ့ မရဘူး။ စာဖတ်သူကပါ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပေးမှာဖြစ်တယ်။ ကဗျာဆရာရဲ့ ရုပ်ပုံတွေထဲမှာ စာဖတ်သူကလည်း မိမိရဲ့ အတွေးတွေထည့်ပေးပြီး ပြည့်စုံလာအောင် ပူးတွဲလုပ်ဆောင် ပေးရတယ်။ ဒီလိုနဲ့ သူတို့ကဗျာဟာ သမားရိုးကျ ၀ါကျအဆောက်အအုံ အတွင်းမှာပဲ ဘာသာစကား အလွန်အမင်း ကျစ်လစ်နေတာ၊ သိသာတဲ့ အဓိပ္ပာယ်ကင်းမဲ့နေတာ တွေ့ရတယ်။ ဆယ်နှစ်လောက် လှုပ်လှုပ်ရွရွ ဖြစ်ပြီးတဲ့နောက်မှာ တော့ အဖွဲ့ဝင်တွေတစ်ယောက်တစ်လမ်းသွားကြ၊ လမ်းခွဲကြယင်းနဲ့ အမှန်လွန်ဝါဒ လှုပ်ရှားမှုဟာ ပျက်သွားပါတယ်။ ခေါင်းဆောင်းနှစ်ဦးဖြစ်ကြတဲ့ အယ်လွာနဲ့ အာရာဂွန်တို့ကလဲ ကွန်မြူနစ်တွေ ဖြစ်သွားကြပါတော့တယ်။

သူရူး၊ သူပုန်၊ အမှိုက်ပုံးနဲ့ သတို့သမီး

ဝဒ်စ၀သ်တို့ ရောမန္တိကတွေ၊ ပြင်သစ်ကလူတွေ ဦးဆောင်ဦးရွက်ပြုခဲ့တဲံ သင်္ကေတ၀ါဒီတွေရဲ့ စိတ် - စိတ် -စိတ်နဲ့ တစိတ် ထဲ စိတ်နေပုံကို ဖတ်ရ၊ ကြားရတာဟာ ပျင်းစရာကြီးပါပဲ။ ရာစုနှစ်နေတွေနဲ့ချီပီး အမြစ်တွယ်လာခဲ့တဲ့ နာမ်ဝါဒကြီးက တစ်လျှောက်လုံး လူသားတွေရဲ့ ဦးနှောက်ကို ကိုက်ခဲလာရာမှာ ခေတ်သစ်လူ့ဘောင်ရဲ့ ရှုပ်ရှုပ်ပွေပွေ လူမှုဆက်ဆံရေး စနစ်ကြီးနဲ့သွားတိုးမိပြန်တော့ ဒီလိုကြုံတွေ့ရတာဟာ ဆန်းတော့မဆန်းပေဘူး။ ဒီလူတွေရဲ့ ဘ၀ရာဇ၀င်ကို လေ့လာ ကြည့်လိုက်ရင်လည်း ခေါင်းဆောင်ဆိုတဲ့လူတွေဟာ များသောအားဖြင့် စိတ္တဇဆေးရုံကို ခဏခဏ သွားရတဲ့လူနဲ့ လမ်းပေါ်မှာ အရူးကြီးလို လျှောက်လှည့်နေပြီး တွေ့ကရာပလက်ဖောင်းမှာ ထိုးအိပ်တဲ့လူနဲ့။ ဘိန်းစားပြီး မိန်းမပွေတွေရဲ့ လက်မောင်းပေါ် အိပ်မက်မက်သူနဲ့ အမျိုးစုံပဲ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့တတွေရဲ့ နာမ်ဝါဒအမြင်တွေ ကယောင် ကယင် လူပုံပန်းတွေကို ဘေးချိတ်လိုက်ပြီး သူတို့ကဗျာလေးတွေ သက်သက်ကို ယူကြည့်လိုက်လျှင်တော့ အင်မတန် အားကောင်းပြီး “ထိမိ”တဲ့ကဗျာလေးတွေကို တွေ့ရပါလိမ့်မယ်။ မြန်မာ စကားပုံက “ရူးမှတတ်မည်” ဆိုသမဟုတ်လား။
            ကျွန်တော်တို့ မြန်မာမှာ နိဗ္ဗိန္ဒကဗျာတွေ၊ လောကနဲ့ ဘ၀ကို စိတ်ပျက်အားလျော့တဲ့ ကဗျာတွေ အင်မတန်ပေါ တာပေါ့။ ဒါပေမယ့် ဘို့ဒလယ်ရဲ့ “စပလီးန်”လောက် စိတ်ပျက်အားလျော့မှုကို ဖတ်ရသူရင်ထဲ အသည်းထဲ ခိုက်သွားစေနိုင် တဲ့ ကဗျာကတော့ ရှားပေလိမ့်မယ်။ (စာမျက်နှာ ၃၉၁)
            အနုအလှ ကဗျာတွေကိုလည်း ကျွန်တော်တို့ သီဖွဲ့ခဲ့ကြတယ်။ ဒါပေမဲ့ ဗာလေရီရဲ့ “ခြေလှမ်းများ”(စာမျက်နှာ ၂၃၆)ရဲ့ အနားကို သီမှ သီနိုင်ခဲ့ရဲ့လား ဆိုတာတော့ အပြောရခက်ပေလိမ့်မယ်။
            ဒါမှမဟုတ်ရင်လဲ  ရိလ်ကယ်ရဲ့ “ကျားသစ်” (စာမျက်နှာ ၅၃၆)“စပိန်ကချေသည်” (စာမျက်နှာ ၅၃၉)စသဖြင့် စသဖြင့်။
            ဒါဖြင့် ဒီသင်္ကေတ၀ါဒဆိုတာ ဒီလို နာမ်တရားရဲ့ ချောက်ချားမှု၊ ကဗျာဉာဏ်၊ တိရစ္ဆာန်၊ မိန်းမ ဒါတွေလောက် ဖွဲ့သီလို့ရတဲ့ ၀ါဒလား။ ဒီနေရာမှာ ကျွန်တော်တို့ (အာရာဂွန်တို့လို အမှန်လွန်ဝါဒက လုံးဝကူးပြောင်းသွားသူတွေကို ခဏ ဘေးချိတ်ပြီး) ၁၉၁၇ ဆိုရှယ်လစ် တော်လှန်ရေးဝန်းကျင်က ရုသျှပြည်ရဲ့ စာပေလောကကို နည်းနည်းငဲ့စောင်း ကြည့်ကြဖို့ ကောင်းပါတယ်။
            ဘို့ဒလယ်ရဲ့ သင်္ကေတ၀ါဒ ဥရောပတိုက်ကြီးမှာ ပြန့်နှံ့သွားတော့ ရုသျှပြည်ကိုလည်း ရောက်သွားတာပါပဲ။ ပြင်သစ် ပုံစံကို ယူသူရှိသလို ကိုယ့်အမျိုးသားဟန် ဖြစ်အောင် လုပ်ယူတဲ့သူတွေလည်း ရှိခဲ့တယ်။ ရဲန်ဘိုးထက် ဂိုဂိုးလ်ကို ပိုပြီး အားကိုးလာကြတယ်။ အဲဒီအချိန်က ၁၉၀၅ တော်လှန်ရေးရဲ့ ရုတ်ရက် ရက်ရက် အချိန်မှာပါ။ ပညာတတ် လူတန်းစား ဟာ အလိုမကျမှုတွေဖြစ်၊ ဒေါတွေထ စိတ်အားတွေပျက်၊ ဖြစ်နေရတဲ့ အချိန်ပိုင်းဖြစ်တဲ့အတိုင်း စာပေလောကမှာလည်း ဒီလူတွေရဲ့ “ရင်ဖွင့်သံ” တွေ လွှမ်းမိုးနေပါသေးတယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာကိုပဲ စိတ်ပျက် အားငယ်သံတွေ ကြားထဲ ကနေ တက်ကြွတဲ့ တော်လှန်လိုတဲံ အသံတွေ ထွက်လာခဲ့ပါတယ်။
တစ်ယောက်က-
            ပန်းပွင်းလေးရဲ့ သဏ္ဍာန်နဲ့ ရနံ့ကြားမှာ
            သိမ်မွေ့တဲ့ ဆက်သွယ်မှုရှိတယ်
နောက်တစ်ယောက်
            ပစ္စုပ္ပာန်ထဲမှာ မနေလေနဲ့
            အနာဂတ်ကိုသာ ကဗျာဆရာပိုင်တယ်။
နောက်တစ်ယောက်-
            ငါက အဆောက်အဦးတွေ မီးလောင်နေစေချင်တယ်။
            ငါက မုန်တိုင်းတွေ ညှပ်အော်နေစေချင်တယ်။
နောက်တစ်ယောက်-
            တောင်ကမ်းပါးအစွန်းမှာ ငါရပ်နေရတယ်
            မိုးပေါ်မှာ ၀ဲစရာ တောင်ပံလည်းမပါ။
            ငါဘာများလုပ်ရပါ့မလဲကွယ်။
            သူပုန်ထရမလား၊ လက်နက်ချရမလား။
နောက်တစ်ယောက်က-
            သူ့စိတ်ထဲမှာ သူ့ခေတ်တွေကို တိုင်းတာနေတယ်
            သူ့ဘ၀သူတိုင်းဖို့တော့ အချိန်မရရှာဖူး။
            အလားတူပဲ ကဗျာအဆိပ်၊ အိပ်မက်ဘိန်း၊ ခရစ်တော်နဲ့ ဒိသြနဲဆု၊ စကားလုံးနဲ့ ပန်းချီဆွဲလိုသူ၊ အမျိုးမျိုးတွေ့ကြ ရတယ်။ သူတို့ထဲမှာ အကြီးမားဆုံးဖြစ်တဲ့ ဘလောက့်ကလဲ သူရဲ့ ထူးဆန်းလျှို့ဝှက်တဲ့ မိန်းမလှနဲ့ (“မြေကြီးပေါ်မှာ သူ့ကို သစ္စာဖောက်ဖို့အတွက် မိုးပေါ်မှာ သူ့ကို ချစ်ရဖို့ ကံဆောင်လေတယ်”)သူ “အနာဂတ်မြင် စိတ်အဆွေး”နဲ့၊ သူ့ “ချစ်အပ်တဲ့ ကံခေသူတိုင်းပြည်”နဲ့ “အစဦးတွင် ဂီတရှိလေ၏”နဲ့ ရှိနေခဲ့ပါတယ်။
            အနာဂတ်ဝါဒီဆိုတဲ့ လူတွေကတော့ “ပြည်သူ့ပါးကို ရိုက်လိုက်ခြင်း”(၁၉၂၂)မှာ “အတိတ်က ကျဉ်းမြောင်းတယ်၊ ပုသျှကင်နဲ့ သုခမိန်အဖွဲ့ဟာ အီဂျစ်ကျောက်စာတွေလောက်မှ ဖတ်လို့ နားလည်စရာမရှိဖူး။ ပုသျှကင်၊ တော်လ်စတွိုင်းနဲ့ အပေါင်းအသင်းများကို ခေတ်ပေါ်ကဗျာ သင်္ဘောပေါ်ကနေ ရေထဲ ပစ်ချကြရမယ်”လို့ ကျွေးကြော်လိုက်ပါတယ်။ သူတို့ ခေါင်းဆောင် ကလဲဘညိကော့ဖ်က သဘာဝကို ထာဝရဗရုတ်ဗရက်ဖြစ်စဉ်တစ်ခုလို ယုံကြည်တယ်။ “ကြိယာဓာတ်ဆိုတာ အက္ခရာရဲ့စောင်းကြိုးထဲမှာ ပုန်းနေတဲ့ တစ္ဆေသရဲများဆိုတာကို သဘောပေါက်ပြီးတဲ့နောက် ဘာသာစကား အားလုံးရဲ့ တူညီမှုသဘောကိုရှာ”ဖို့အားထုတ်ခဲ့တယ်။ သူတို့ ဂိုဏ်းအပြင် “လယ်သမားကဗျာဂိုဏ်း”၊ နတ္ထိဝါဒဂိုဏ်း၊ ဖော်ကျူးမှုဝါဒ ဂိုဏ်း၊ စကြ၀ဠာဂိုဏ်းဆိုတာတွေလဲ ရှိသေးတယ်။
            ၁၉၁၇တော်လှန်ရေးကြီး ပေါ်ပေါက်လာတဲ့အခါ ဒီကဗျာဆရာတွေဟာ ပြဿနာတစ်ခုကို ရင်ဆိုင်ကြရပါတော့ တယ်။ ဘယ်ဘက်က ရပ်တည်မလဲဆိုတဲ့ ပြဿနာပဲပေါ့။ ကဗျာဆရာတော်တော်များများကိုတော့ တော်လှန်ရေးကာလ အတွင်း (၁၉၀၅-၁၃)ကပဲ ဂေါ်ရကီက စည်းရုံးထားပြီး ဖြစ်ပါတယ်။ သင်္ကေတ၀ါဒီတွေ ဂိုဏ်းကွဲကုန်ပါတယ်။ တချို့ကတော့ စိတ်သမားပီပီ တော်လှန်ရေးကို ကျောခိုင်းသွားကြပါတယ်။ ဘလောက့်အပါအ၀င်ကဗျာဆရာအများကတော့ တော်လှန် ရေးထဲ ပါလာခဲ့ကြတယ်။ သူတို့တစ်တွေကဖြင့် သင်္ကေတ၀ါဒ နိမိတ်ပုံ အစွမ်းကို ရာဇ၀င်လမ်းကြောင်းနဲ့ ပြည်သူ့အရေး တို့မှာ အောင်မြင်စွာ အသုံးချလိုက်ကြပါတော့တယ်။ သူတို့ အဲသလို ကျင့်သုံးတာကို ဘယ်နည်းနဲ့မှ “၀ါဒဖြန့်စော်နံ” တယ် “အနုပညာမဆန်ဖူး”လို့ မပြောနိုင်ဘူး။ ပြောလို့မရဘူး။ ရေးထားတဲ့ အကြောင်းအရာက တော်လှန်ရေးပဲ၊ ဒါပေမယ့် အနုပညာက မြောက်နေတော့ တော်လှန်ရေးဆိုလျှင် အော့ကြောလန်ချင်တဲ့လူများကကို လေးစားလာရပါတော့တယ်။ ခုလက်ရွေးစင်မှာ ဘလောက့်ရဲ့ “တစ်ဆယ့်နှစ်”ထဲက ကောက်နုတ်ချက်ထည့်ထားပါတယ်။ အဲဒါက တော်လှန်ရေး အောင်မြင်ပြီးမှ ရေးတဲ့ကဗျာပါ။ ၁၉၀၅ ဆီက ရေးတဲ့သူ့ကဗျာတစ်ပုဒ်မှာလည်း-
            အမှောင်ထဲမှာ ခွန်အားနဲ့ သတ္တိကို ငါမမြင်ဘူး၊
            လည်တိုင်တွေ ငိုက်လို့ တိတ်တဆိတ်သွားလေလိုက်ကြတာ၊
            ငါ ဆိတ်ငြိမ်ခြင်းနဲ့ သင်္ချိုင်းတို့ရဲ့ နိုင်ငံကို သွားခဲ့တယ်၊
            လျှို့ဝှက်စွာ ကုန်လွန်ခဲ့တဲ့ ရာစုနှစ်များဆီကိုပေါ့။
            အဲလို အသက်ရှင်နေမှုမျိုးကို ငါစက်ဆုပ်လိုက်တာ၊
            ရှက်ဖွယ် သေးဖွဲ့၊ တရားမျှတမှုမရှိ။ ညစ်ထည်းပေကျံလို့၊
            တခါတလေလည်း ခေါ်သံကို ငါက လှောင်ထူး ထူးလိုက်တယ်။
            ကယ်တော်မူပါ အော်တဲ့ ကျွန်မျိုးငါတယ်ရွံဆိုကိုး။
            ဒါပေမယ့် ပြင်းပြပြတံပိုးမှုတ်သံ မိုးခွင်ပြည့်သွားသွားချင်း၊
            မီးလျှံအောင်လံ ပွင့်လွင့်သွား သွားချင်း။
            ငါအော်လိုက်တော့တယ် ၊တိုက်ပွဲရဲ့ တေးသံရှင်ဟေ့ ငါက
            မိုးချုန်းသံနဲ့ တညီတညာ ၀င်ပြီး ငါတေးသီတယ်။
            ကဗျာရဲ့ဓားတဲ့ဟေ့၊ ကြည့် လျှပ်ရောင်က ပြနေတယ်။
            သစ္စာရှိ သံမဏိပေါ်မှာ ရှေးကလိုပဲ နီရဲလို့၊
            ငါပြည်သူတွေကြား ရောက်ရပြန်ပြီ ငါက ကဗျာဆရာလေ၊
            လျှပ်ရောင်လျှပ်ပန်းက ဖော်ပြလိုက်တဲ့ အရာကို ငါမြင်ပေါ့။
ရယ်လို့ ပြည်သူတွေဖက်က ရပ်တည်လိုတဲ့ တိုက်ပွဲဝင်ကဗျာဆရာတစ်ဦးရဲ့ ကဗျာဝါဒကို ဘလောက်က ထုတ်ဖော်ခဲ့ပါ တယ်။ မာယာကော့ဖစကီးယ်က ဘယ်လိုပဲ ပြောပြော၊ သင်္ကေတ၀ါဒီချင်း တူပေမယ့် အသက်ရှူပုံချင်းကွဲပြားပုံ ဖော်ပြလိုက်ခြင်းပါပဲ။
            ဟုတ်ကဲ့၊ ဆိုရှယ်လစ်သွားတဲ့ ဆိုဗီယက် ရုသျှမှာ ထုံးစံအတိုင်း “ရောယောင် နောက်လိုက် အမြှောက်ကြိုက်က လေးတွေ”လည်း ဒုနဲ့ဒေးပေါ့။ သူတို့ဆီကတော့ ကဗျာထွက်မလာပါဘူး။ ကချလာပဲ ထွက်လာပါတယ်။ ဒါပေမယ့် အချိန်ဟာ အင်မတန် ကျွမ်းကျင်တဲ့ တံမြက်စည်းတချောင်းပါ။ သူက အာဏာရပါတီနဲ့ ကပ်ရပ်ပြီး ပါတီကြိုက်တွေသာ တွန်းအော်လေ့ရှိတဲ့ အကြမ်းပညာသမားတွေကို တဖြည်းဖြည်းနဲ့ မြူနီစပယ် အမှိုက်ပုံးထဲ ပို့ပေးလိုက်ပါတယ်။ နောက်ဆုံး အနုပညာကျောက်မျက်ရွဲလေးတွေကသာ ရာဇ၀င်သတို့သမီးရဲ့ ဘယက်သွယ်အဖြစ် ကျန်ရစ်ခဲ့မြဲပါ။

တက္ကသိုလ်

ကျွန်တော် အနောက်တိုင်းကဗျာ စာအုပ်ပြုစုဖို့ စိတ်ကူးခဲ့တာကတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်တက္ကသိုလ်မှာ ကျောင်းသားဘ၀က စာပေသူငယ်ချင်းတွေနဲ့ ဆုံစည်းမိကြ၊ စာပေအကြောင်း၊ စကားပြောမိကြချိန်ကတည်းပဲ ဆိုကြပါစို့။ တချို့ကဗျာလေးတွေကို ချတောင်ပြန်မိတယ်။ ဒါပေမယ့် စာတစ်စောင် ပေတစ်ဖွဲ့ဖြစ်မလာခဲ့နိုင်ဘူး၊ ဒါပေမယ့် စာအုပ် ထုတ်ပေးမယ့် “ယမင်း”နဲ့တွေ့တယ်။ ကျွန်တော် အပြေးအလွှား ရေးရပါတော့တယ်။  အိမ်မှာသူငယ်ချင်း ကိုအောင်ကျော် ရဲ့ကလေးတွေ ဂျွမ်းပစ်နေကြတဲ့ကြားက ရေးတယ်။ စာပုံနှိပ်စက်မှာ တချောက်ချောက်စက်ရိုက်နေတဲ့ကြားက ရေးတယ်။ တခါတလေ လက်ဖက်ရည်ဆိုင်မှာပါ ထိုင်ရေးတယ်။ အများဆုံးရေးခဲ့တာကတော့ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနက မိတ်ဆွေ ကိုကျော်အောင်ရဲ့ အခန်းလွတ်ထဲမှာပါပဲ။ ပြောရင်ယုံနိုင်စရာတောင် မရှိဘူး။ အင်္ဂလိပ်ရောမန္တိက နောက်ပိုင်း ကနေ စာအုပ်ဆုံးထိကို ကျွန်တော်ရေးခဲ့တာ တစ်လတောင် မပြည့်ဘူး ရက်အစိတ်ပဲရှိတယ်။ နောက်ပိုင်းရက်များမှာ ညမအိပ်ဘဲ အလင်းထိုင်ရေးခဲ့ပါတယ်။
            ဒီတော့ အကျိုးဆက်က နှစ်မျိုးကြုံရပါတော့တယ်။ တစ်-ရေးယင်း ရိုက်ယင်း၊ ရေးယင်း စက်လို ထုတ်လုပ်ခဲ့ရတာ ဖြစ်လေတော့ နောက်ပိုင်းစာတွေဟာ နဂိုကမှ ထောင့်ချင်ရတဲ့ ထဲ မချောတော့ပါဖူး။ (ပုသျှကင် အချို့ကတော့ အရင်ကပဲ ပြန်ပြီးပါ) ကဗျာကို ရွေးချယ်တာ၊ ရှင်းလင်းတာတွေလဲ အချိန်ယူပြီးရေးရင် ကောင်းသင့်တာလောက် မကောင်းနိုင်တော့ ပါဘူး။ နှစ်- ချင့်ချင့်ချိန်ချိန် တင်တင်ကူးကူး စီစဉ်လုပ်နိုင်တာမဟုတ်လေတော့ နောက်ပိုင်းမှာ စာမျက်နှာတွေ မှန်းထားတာ ထက် ပိုထွက်ကုန်တဲ့အတွက် အများကြီး ဖြုတ်ပစ်ခဲ့ရပါတယ်။ ကြော်ငြာထားတဲ့ ကဗျာဆရာထဲက လေးဦး ငါးဦး ဖြုတ်ခဲ့ ရတဲ့အပြင် ပါလာတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေကိုလဲ တစ်ဦးကို အနည်းဆုံး ငါးပုဒ်မှန်းထားခဲ့ရာက နှစ်ပုဒ် အချို့ တစ်ပုဒ်ပဲ ပေးနိုင်ပါတော့တယ်။ အမေရိကန်ကဗျာ တကဏ္ဍလုံး ဖြုတ်လိုက်ရတဲ့အတွက်လဲ ကျွန်တော် ၀မ်းမသာပါဘူး။ ရောဘတ်ဖရော့စ်ရဲ့ ကဗျာလေးတွေကို ကျွန်တော် သဘောကျပါတယ်။
            ကျွန်တော်ဘာသာပြန်နည်းက လုံးစေ့ပတ်စေ့ အတိအကျ ဘာသာပြန်တဲ့နည်းဖြစ်ပါတယ်။ အချို့အလေ ကွင်းစကွင်းပိတ်ထဲမှာ ဖော်ပြလိုက်ရတာကလွဲလို့ မူရင်းစာကိုယ်နဲ့ တိကျနိုင်သမျှ တိကျစွာ တူညီနိုင်အောင် ကြိုးစားထား ပါတယ်။ အင်္ဂလိပ်ဘာသာပြန်တွေရဲ့ အကူအညီကို ယူသော်လည်း မူရင်းကို အဓိကထားပါတယ်။ ဥရောပဘာသာစကား တွေက တစ်ခုနဲကတစ်ခု ဆင်ဆင်ပဲများတာမို့ တစ်ခုတတ်ထားရင်၊ သဒ္ဒါအဆောက်အအုံအကြောင်း အလုပ်ဖြစ်ရုံသိထား ရင်၊ အဘိဓာန်တစ်ခု အနားမှာရှိရင် ဖတ်လို့ရပါတယ်။ အချို့စာဖတ်သူများ ဆန္ဒရှိပါက မူရင်းနဲ့ ယှဉ်ဖတ်ကြည့်နိုင်အောင် စကားပြေနဲ့ ပြန်တာဖြစ်ပေမယ်လို့ စာကြောင်းကိုတော့ တတ်နိုင်သမျှ သူ့နဂိုက အနေအထားအတိုင်း စီစဉ်ပေး ထားပါတယ်။
            ဒီစာအုပ်ပြုစုရာမှာ စာအုပ်စာတမ်းများ အကြံဉာဏ်များနဲ့ ကူညီကြတဲ့ ညွှန့်ကြူး၊ ဦးချမ်း၊ ငြိမ်းကျော်၊ မင်းမော်၊ ကိုစံဖော်၊ ကိုအောင်ကျော်၊ ဦးအုန်း။ နားအေးပါးအေးစာရေးဆရာ “ရိပ်မြုံလေးတစ်ခု ဖန်တီးပေးတဲ့ ကိုကျော်အောင်၊ ခေတ်ပေါ်ကဗျာကို နားလည်ဖို့ အားထုတ်ရာမှာ အကူအညီများစွာ ပြုခဲ့တဲ့ ဦးဝင်းဖေတို့ကို အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဖို့ မေ့ကျန်ခဲ့ရင်ဖြင့် ကျွန်တော်ဟာ အတော်ကျေးဇူးမသိတတ်တဲ့ လူတစ်ယောက် ဖြစ်နေပါလိမ့်မယ်။ စာအုပ်ကို စနစ်တကျ ဖြစ်နိုင်အောင် ကြိုးစားပေးကြတဲ့ “ယမင်း” ၀ိုင်းတော်သားများ ကိုလည်း ကျေးဇူးတင်ပါတယ်။
                                                                                                                        မောင်သာနိုး
ရန်ကုန်၊ ဇူလိုင် ၂၆၊ ၁၉၆၈

No comments:

Post a Comment