ဘဲငန်းပစ်ရန် မိတ်ဆွေ အမျိုးသမီးတစ်ဦးနှင့်တွေ့ရန်*နှင့် ကျွန်တော့်အကြောင်းဖုံးကွယ်ရန်လာခြင်း


၁။
မင်းပြောသလို
တံတွေးတစ်ဝက်ကိုထွေး
တစ်ဝက်ကိုမျိုသူ
ပတ္တာတံခါး တွန်းခုန်ဝင်ခဲ့ရမလား။

“ဘာစားမလဲ”
“မှာလိုက်လေ”
နွားနို့ပူပူ. . .
ဂျက်လန်ဒန်၊ ကဗျာစာအုပ်
မင်းမျက်မှောင် ပြုတ်ကျသွားမယ် တောင်းပန်ပါရဲ့။

ထိုခဏ မိုးသားများ ညို့တက်လာခိုက်
ငါ့ကို အထင်အမြင်သေးလိုက်ပုံဟာ
ကမ္ဘာတည်အောင် နက်ရှိုင်း
တိမ်ထဲက ကုက္ကိုပင်ဆီ လှိုင်းတွေ ပြန်မလာတော့နိုင်ဆိုလား။
ငါမှားပါတယ်ကွာ. . .
အသက် ၄၀ နားနီးမှ ဒီစကားပြောရတာ
ငါအဖို့ အခြားတစ်ယောက်အဖို့
နောက်လူတွေအဖို့
အရသာရှိရှိစုတ်သပ်
ကြည့်လေ
ကိုယ့်နားထင်ကိုယ် ငှက်မွေးနဲ့ တဖြန်းဖြန်းရိုက်နေပုံများ။

၂။
တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိတာဟာ
ပျော်ရွှင်မှုပမာ
အရက်ဖြတ်လိုက်ပါပြီ။

မယားဝတ် ကျေပွန်သူလေးငဲ့
ဇာတ်လမ်းများစွာငေးစိုက်
တွေ့လိုက်မှာပါပဲ
ငါ့ဘ၀ရဲ့ ၄ ပုံ၊ ၁ ပုံကို ပုံအောပေးခဲ့တာပဲ
အများကြီး များပါတယ်။

၃။
ခွက်ထဲက ရွှံ့တွေလို အရောအရောအနှောနှော
ရွေးမရအောင်တူရ။
အပ်ဖျားနဲ့ တဆစ်ဆစ်ဆွ
တစ်ယောက်နဲ့ တစ်ယောက်နစ်နာရ။
ဒုက္ခကိုခွဲဝေယူ
သေဖော်ညှိသလိုဖြစ်ရ။
လွန်ခဲ့သော မှင်သက် တောင့်တင်းစဉ်က
ငါတို့နမ်းမိခဲ့ကြတာကို။

၎။
အချစ်ကို ကြည့်ပျော်ရှုပျော် ဖြစ်အောင်တော့
သူမဟာ တင်ပြတတ်လေတယ်
ဒါကြောင့်ငါ
မင်းကို အငွေ့မပြယ်နိုင်တာပေါ့ကွယ်။

၅။
“အလကား”
“စပ်ဖျင်းဖျင်း အမြင့်မှာ
အခြောက်တိုက် စိတ်ကြီးဝင်နေသူ”
“လူလို အိမ်ထောင်ပြုပြီး
လူလို အိမ်ထောင်တာဝန်မယူသူ”
ငါ့ခန္ဓာကိုယ် မင်းထံက ရေငတ်သလိုမျိုး
မင်းပြုံးပြီး ခိုးယူသွားတယ်။
ပညာတတ်မ!
ငါ့ကို ကုလားထိုင်ပေါ်မှာ
ကျီးကန်းတောင်မှောက် ချထားခဲ့တယ်။

၆။
“ကလစ်” ခနဲမြည်ကာ
လက်ပွေ့အိတ်လှလှ ငွေထရှင်း
“ကဲ၊ သွားမယ်”
“ဒါပဲမဟုတ်လား”

၇။
ယောက်ျားနဲ့ မိန်းမများ နေ့ည
ပိုမိုစေထန်း ကျစ်ကျစ်ဖက်
ဒီ့ထက် စိတ်ကူးယဉ်တတ်ဖို့ လိုပါလိမ့်မယ်။

၈။
ထင်ကြမယ်။
ထင်ကြသလို ငါကောက်ကွေးချင်ရဲ့ အမှန်ပါ
အခု ကြိုးတန်းပေါ် ပေါလော
အတ္တဘောကြီး အရုပ်ဆိုးဆိုး ခိုင်ခံ့လှချည့်။

နောက်ကျနေရင် ခွင့်လွှတ်ပါ
သေသေချာချာ သုံးလို့မရတဲ့
ဗာဟီရ ကိစ္စတွေနဲ့မို့ပါ
အားနာတယ်။ ။


* ဟဲမင်းဝေးအား လေ့လာချက်မှ စာသား

အောင်ချိမ့်
(ဇွန်လ၊ ၈၇၊ မြတ်လေး)


No comments:

Post a Comment