နိုင်ငံ၊ ရေး

နိုင်ငံရေးဆိုရင် စိတ်ရှည်လက်ရှည်ရေး နှစ်တိုနှစ်ရှည်ဆိုတာမျိုး
အင်္ကျီလက်ရှည်နဲ့ရေးရေး လက်တိုနဲ့ရေးရေး ရေးလို့ရတယ်
ခဲတံနဲ့ရေး ဘယ်နိုင်ငံရဲ့ ပုံကိုမဆို ရေးလို့ရတယ်
လွယ်လွယ်ကူကူနဲ့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ကွန်တိုဂရပ်ဖ်
သုံးလို့ရတယ် စိတ်မရှည်လို့ လော်ကရစ်သမ်ကြီးကျကွဲတာမျိုး
လက်မခံဘူး ရော်ရမယ် ခဲဖျက် ခဲတံ ပေတံ အသင့်ပြင်
၁၅ မိနစ်အချိန်ပေးမယ် ကဲ စပြီ မြန်မြန်ဆွဲ မြန်မြန်ရေးတော့
နိုင်ငံရေးဆိုတာနဲ့ အတန်းနောက်က ရောင်ချီးပေ(ကြီးဗွေ)တို့
အချင်းချင်း ကူးမချကြနဲ့ ဆရာစိတ်ဆိုးရင် သိတယ်နော်
သိတယ် နိုင်ငံရေးဆိုရင် နိုင်ငံပုံကိုပဲရွေး နိုင်ငံပုံကိုရေးနိုင်မှ
အမျိုးသားရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစု၊ ဘာသာ သိလာမယ်
အထူးခြားဆုံးနိုင်ငံရေးတဲ့အထဲမှာ ဂွာဒီလုမ်နိုင်ငံငယ်လေးရဲ့ပုံ
လူဦးရေး တစ်သန်းလောက်ပဲ အခုရှိမယ် အလွယ်ဆုံးရေးချင်ရင်
လက်တစ်ဖျစ် ကျွန်းစုလေး၊ နိုင်ငံရေးနေတာကြာပြီ မိစာ(မီးစာ)တို့
ရှပ်ပြာတို့ ညည်းတို့ ရှေ့အတန်းအုပ်စုဟာ စာကတော့
တော်ကြပါတယ် နိုင်ငံရေးဆိုရင် အမြဲစူပုတ်ရှုပ်ထွေးနေတာပဲ
ဆရာပြောမယ် နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်ကူကို မိတ်ဆွေ
ဖြစ်အောင် လုပ်တာတဲ့ တခြားလျှောက်မပြောနဲ့ ဟေ့ကောင် ငြိမ်းချမ်းဆရာပြောတဲ့
ရန်သူကို မိတ်ဆွေတွေဝိုင်းလုပ်နေတော့ ရန်သူက ခံပါ့မလားကွာ မင်းဘိုးအေ
အဲဒီလို ပြောတာမဟုတ်ဘူး မိတ်ဆွေကို ရန်သူလုပ်ပစ်တာတဲ့ ဆရာကြားတယ်
ရှူး တိုးတိုး ဟေ့ကောင် ရှပ်ပြေး မင်း ကောင်းမြတ်ဆုဝေထွန်းနဲ့
ဘာတွေ တတွတ်တွတ်လုပ်နေတာလဲ ကိုယ့်ပေါင်းကိုယ်လှန်ထောင်းသလို
ကိုယ့်မြေပုံကို ကိုယ်မြန်မြန်တူး(အဲ)ရေးကြ ပြည်လုံးချမ်းသာ မိညွှန့်တို့
အလယ်တန်းက လေးယောက်အုပ်စု တစ်ယောက်ပုံတစ်ယောက်
မြိန်မြိန်ယှက်ယှက်ကြီး ကူးရေးနေကြတာပေါ့ တစ်ယောက်ပုံတစ်ယောက်
ကူးရေးတဲ့ ကလေးတွေ ယောက်ျားတစ်ယောက်တည်းကို တစ်ယောက်ပြီး
တစ်ယောက် ယူရလိမ့်မယ် မွေးလာတဲ့ကလေးတွေမျက်နှာဟာ
တစ်မျက်နှာတည်း ဖြစ်လိမ့်မယ် နောက်ဘ၀ မျက်နှာတွေလည်း တစ်ယောက်နဲ့
တစ်ယောက်တူလိမ့်မယ်၊ ရှပ်ပြာနဲ့ မီးစာ ညည်းတို့ ချိုချင်စာရေး
ရည်းစားထားရေးကြရင် မစူပုပ် မရှုပ်ထွေးကြဘူး ဆရာပြောတာ
လိုက်ရေးကြ ကြိမ်လုံးအောက်တော့ ခုန်းမတိုးကြနဲ့ တပည့်တို့
ပုဆိုးထဲ ခွေနေတဲ့ မြွေဟာ နိုင်ငံရေးဆိုရင် အဲဒီမြွေဟာ သူ့အမြီး
သူမြိုနေတာပဲတဲ လူကို မဥပါဒ်ဘူး နိုင်ငံရေးဆိုတာနဲ့ နိုင်ငံမရေးနဲ့
ဆိုတာဟာ မျက်နှာချင်းဆိုင်တိုက်ခန်းတွေပဲ တပည့်တို့ ခေါ်မကြား
အော်မကြားမဟုတ်ပါဘူး ၁၃မိနစ်ရှိလာပြီ ပြီးတဲ့လူ
စာအုပ်တွေ ခုံပေါ်ထပ်ထား အပေါ့အပါးသွားလို့ရတယ်
နိုင်ငံရေးတဲ့နေရာမှာ အရေးကနိုင်ငံပိုလှမယ်ဆိုရင် အမှတ်ပိုပေးမယ်
ရေး ရေး မြန်မြန်ရေး တစ်မိနစ်ခွဲပဲအချိန်ပေးတော့မယ်
ဆွဲ ဆွဲ ရေး ဘိတ် ထားဝယ် တနင်္သာရီ အစွန်အဖျား ရေး
ဘိတ်ဆုံးမှာ ပြီးတဲ့လူ နိုင်ငံရေးပုံမတူတဲ့သူ ထိပ်ဆုံးမှာဆုချမယ်
ယမထာရွှေကြိမ်လုံးဆု(ဆရာ)(အေး ပြော)တစ်နိုင်ငံလုံး
တောခိုသွားလို့ ကျွန်တော် နိုင်ငံမရေးတတ်တော့ဘူး ဆရာ၊ မောင်သုည
မင်းစဉ်းစားတာ လွန်သွားပြီ ဆရာအတိုချုံးလိုက်မယ် ဟိုဘက်လှည့်
လက်ဝါးဖြန့် သစ်သားပေတံနဲ့ ဂေါက် ဂေါက် ဂေါက်။ ။


ဝင်းမြင့်
အဖိတ်နေ့(၀ါဆို) ၀၉
(သားလေးအား သတိရခြင်းဖြင့်)

No comments:

Post a Comment