ကဗျာထဲက ယဉ်ကျေးမှုအရ အငြင်းပွားဖွယ် စကားလုံးများ

အင်တာနက်ထဲမှာ တွေ့ရတဲ့ ကဗျာတွေထဲမှာ သတိထားမိတဲ့ အချက်တစ်ချက်ကတော့ လူမှုဝန်းကျင်ရဲ့ အသားကျနေတဲ့ ထုံးတမ်းစဉ်လာကနေ ခွဲထွက်လာတဲ့ အသုံးအနှုန်းတွေ၊ အယူအဆတွေပဲ ဖြစ်ပါတယ်။ သတင်းစာတွေထဲမှာ ပြောလေ့ရှိတဲ့ စကားအတိုင်းဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်နေတယ်လို့ ဆိုရပါမယ်။ ဂန္ထဝင်ကဗျာယဉ်ကျေးမှု၊ ကဗျာ့ထုံးတမ်းစဉ်လာ၊ ဆန်းကျမ်းတွေနဲ့ တိုင်းတာမယ်ဆိုရင်လည်း ကဗျာရေးတဲ့အခါ  ဒီလို ရေးသားမှုတွေကို စကားလုံးကြမ်းတမ်းတဲ့ ဂါမ္မဒေါသသင့်တယ်လို့ ဆိုကြပါလိမ့်မယ်။
မြန်မာစကားမှာ ယဉ်ကျေးမှု ဆိုတဲ့ ဝေါဟာရကိုက မရှင်းမရှင်း ဖြစ်တတ်ပါတယ်။ polite (ယဉ်ကျေးသိမ်မွေ့တယ်) ဆိုတဲ့ အဓိပ္ပာယ်နဲ့ civilization (ပြောင်းလဲဖြစ်ပေါ်နေတဲ့ သမိုင်းယဉ်ကျေးမှု အလေ့အထ) ဆိုတဲ့ အဓိပ္ပာယ်ကို ရောရောထွေးထွေး ပြောတတ်ကြပါတယ်။ ကဗျာဟာ polite ဖြစ်စရာ မဖြစ်မနေ လိုအပ်ပါသလား။ civilization ဟာ ပြောင်းလဲတတ်တယ်ဆိုရင် ကဗျာ့ civilization ထဲမှာ ဘယ်ဟာက polite ဖြစ်တယ် ဘယ်ဟာက polite မဖြစ်ဘူး ဆိုတဲ့ လူတွေရဲ့ သတ်မှတ်ချက်နဲ့ အယူအဆတွေကရော အမြဲတစေ တသမတ်တည်း ဖြစ်နေနိုင်ပါဦးမလား။ ဒါတွေဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။  ပြောင်းလဲတတ်တဲ့ ယဉ်ကျေးမှုစံ၊ တန်ဖိုးတွေနဲ့ ပတ်သက်လို့ ပြောဆိုရတာ အင်မတန် ခက်ခဲလှပါတယ်။
မသင့်တော်ဘူးလို့ ယူဆကြတဲ့ စကားလုံးတွေကို ပုံနှိပ်မီဒီယာထက် အင်တာနက်ထဲက ကဗျာတွေထဲမှာ အဓိက မြင်တွေ့လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုက လွတ်လပ်မှုနဲ့ဆိုင်ပါတယ်။ ဒီလို ရေးသားလာကြတာ ယနေ့ခေတ်မှ လို့တော့ တပ်အပ်ပြောရတာ ခက်ပါတယ်။ ပုံနှိပ်မီဒီယာမှာရေးကြတဲ့ ကဗျာဆရာတွေထဲမှာလည်း ယခင်ကတည်းက ဒီလို ရေးသားခဲ့ကြတာမျိုး ရှိနိုင်ပေမဲ့ အများပြည်သူ ဖတ်ရှုနိုင်တဲ့ နေရာတွေမှာ မြင်တွေ့ခွင့်ရဖို့တော့ ခက်ခဲပါတယ်။ (၁) စိစစ်ရေးကြောင့်ပါ။ (၂) အယ်ဒီတာတွေရှိလို့ပါ။ အခုအချိန်ကာလမှာတော့ စိစစ်ရေး မရှိတော့ပေမဲ့ အယ်ဒီတာတွေ ရှိနေပါသေးတယ်။ လူမှုဝန်းကျင်အတွက် အငြင်းပွားဖွယ် အရေးအသားတွေနဲ့ ကဗျာတစ်ပုဒ်ကို ပုံနှိပ်စာစောင်ပေါ်ကို ဖြတ်သန်းပေးဖို့ အယ်ဒီတာ့အနေနဲ့ ခက်ခဲနေဦးမှာပါ။
ဒီနေရာမှာ ကဗျာရည်ရွယ်ချက်က အရေးကြီးတယ်လို့ ယူဆပါတယ်။ ဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရအောင် တမင်ရေးသားကြတယ်၊ တစ်ယောက်ရေးလို့ အားကျမခံ လိုက်ရေးတယ်လို့ ထင်မြင်စရာတွေလည်း အများကြီး ရှိပါတယ်။ တချို့က တီထွင်စမ်းသပ်မှု ကဗျာ့နည်းစနစ်ဆိုင်ရာ၊ ကဗျာဝါဒဆိုင်ရာကြောင့် ရေးသားကြတာဖြစ်နိုင်ပါတယ်။ အမေရိကန် flarf ကဗျာဆရာမ နာဒါဂေါဒင်က ကဗျာထဲကို ထည့်ရေးဖို့ မသင့်တော်ဘူး လို့ ယူဆကြတဲ့ စကားလုံးတွေကို သူတို့ရဲ့ flarf ကဗျာတွေမှာ တမင် ထည့်ရေးလေ့ရှိတယ်လို့ ၂၀၁၂ ခုနှစ်က မြန်မာပြည်ကို သူအလည်လာခဲ့စဉ် ကျင်းပတဲ့ ကဗျာ workshop မှာ ပြောပြသွားခဲ့ပါတယ်။ flarf ကဗျာကို လိုက်စားကြတဲ့ PEM Skool က ကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာ ဒီလို စကားလုံးတွေ တွေ့နိုင်ပါတယ်။ တချို့က သဘာဝကျအောင် လိုအပ်တယ် ထင်လို့ ရေးသားကြတာ ဖြစ်နိုင်ပါတယ်။ facebook ခေတ်မစားခင် blog တွေထဲမှာ ကဗျာဆရာ မြေမှုန်လွင်ရဲ့သဘောပေါက်တဲ့အခါ ရီဝေမှုတွေနဲ့ မျှော်နေမှာပေါ့”  ဆိုတဲ့ ကဗျာတစ်ပုဒ်ကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ဧရာဝတီစာပေပွဲက ဆွေးနွေးပွဲတစ်ခုမှာတော့ ဆရာမြေမှုန်လွင်က သူ့ရဲ့ရေးသားမှုတွေဟာ တကယ်တော့ realism တွေဖြစ်ကြောင်း၊ လူငယ်တွေရဲ့ အပြင်လက်တွေ့လောကမှာ ပြောဆိုနေကြတဲ့ အသုံးအနှုန်းတွေ၊ ဖြစ်ပျက်နေကြတဲ့ အဖြစ်အပျက်တွေကို သူက အရှိအတိုင်း ပြန်ပြောပြခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာ ပွင့်လင်းရဲတင်းတဲ့ အသုံးအနှုန်းတွေ၊ အရိုအသေ ကင်းမဲ့တယ်လို့ ယဉ်ကျေးမှုအရ သတ်မှတ်ကြတဲ့ ပြောဆိုမှုတွေ၊ ဆဲရေးတယ်လို့ သတ်မှတ်ထားတဲ့ စကားလုံးမျိုးတွေကို  အင်တာနက်ထဲက ကဗျာအချို့မှာ တွေ့မြင်နေရပါတယ်။ လူငယ်အမျိုးသားတွေသာမက လူငယ်အမျိုးသမီးတွေပါ ဒီလို ရေးသားနေတာကလည်း အထူးအဆန်း မဟုတ်တော့ပါဘူး။ ကဗျာဆရာမ ချိုပိန်းနောင်ရဲ့ ကဗျာတစ်ပုဒ်ကို တင်ပြလိုက်ပါတယ်။
အမေဟာ စောက်ဆန်းကြီး

အမေဟာ တစ်နှစ်မှာ တစ်ခါလောက်ကျမတို့ကို စောက်ဆန်းကြီးတွေ လုပ်လုပ်ပြတယ်
လုပ်ပြတိုင်းလည်း ကျမတို့ ထင်မထားတဲ့ရက် ထင်မထားတဲ့ အချိန်တွေမှာချည့်ပဲ
အခုလည်း လွန်ခဲ့တဲ့ ၈ ညက ကျမကဗျာစာအုပ်တစ်အုပ်လက်ဆောင်ရလာတယ်
တစ်ခါမှ ကဗျာမဖတ်တဲ့ အမေက ပြစမ်းဆိုပြီး စာအုပ်လာလှန်တယ်
ကျမပြလိုက်တော့ ငါဝယ်မယ်ဆိုပြီး ပိုက်ဆံပေးသွားတယ်
ကျမမှာ စောက်ဆန်းကြီးဖြစ်လို့
နောက်ရက်တွေမှာ သူနဲ့အတူအိပ်နေကျ အဖေနဲ့ မအိပ်တော့ဘူးဆိုပြီး အဖေ့ကို ကုတင်ပေါ်က မောင်းချတယ်
အဖေက စောက်ဆန်းကြီးဖြစ်ပြီး အပြင်ကို ထွက်အိပ်တယ်
အမေက နှစ်ယောက်အိပ်ကုတင်ပေါ်မှာ အကျအနမှောက်
ဘေးက မှန်အိမ်ကို မီးစာအဆုံးထိမြှင့်ပြီး
ကဗျာစာအုပ်ကို ကောက်ဖတ်တယ်
ဖတ်ရင်း ဖတ်ရင်း တစ်ခါတစ်လေ အင်း အင်းဆိုပြီး သူ့ဟာသူ စာအုပ်ကို ခေါင်းတွေညိတ်ပြတယ်
သုံးလေးရက် ဒီတိုင်းလုပ်နေတယ်
ကျမက တံခါးကြားက ခိုးကြည့်နေတော့ သူဘာလုပ်လဲမြင်ရတယ်
တစ်မနက်ကျ ဒီစာအုပ်ထဲ နင့်ကဗျာတွေပါတယ် ဒီလိုမှန်းသိ ငါမ၀ယ်ပါဘူးဆိုပြီး အတင်းလာပြန်ပေးတယ်
ကျမပြန်ပေးလိုက်တော့ အင်တင်တင်နဲ့ ပြန်ယူသွားတယ်
နေ့လယ်စာ စားပြီးတော့ သူကျမကိုလာပြောတယ်
“ဒီကဗျာစာအုပ်ထဲက ကဗျာဆရာတွေလက်မှတ်ငါလိုချင်တယ်”
ကျမနဲ့ သိပ်မသိတဲ့ ကဗျာဆရာတွေဆီ ကျမသွားတယ်
လက်မှတ်လေးထိုးပေးပါလို့ သွားတောင်းဆိုတယ်
အားလုံး ကြည်ကြည်သာသာလက်မှတ်ထိုးပေးကြတယ်
ဒီမှာ လက်မှတ်တွေပါလာပြီ လာကြည့်စမ်းလို့ အိမ်ရောက်ရင် ပြောလိုက်မယ်လို့ ၀မ်းသာပြီး ကျမအားခဲလာတယ်
သူဝမ်းသာသွားမှာပဲ
အိမ်ပြန်ရောက်တော့ ဒီမှာလက်မှတ်တွေပါလာပြီ လာကြည့်စမ်းလို့ ကျမသူ့ကိုပြောလိုက်တယ်
အေး ဒီမှာချထား
ကျမ သူ့ကိုကြည့်ပြီး သူပြောတဲ့နေရာမှာ စာအုပ်ချထားပေးလိုက်တယ်
အဲဒီညက သူအလုပ်များတယ်
ကျမကလည်း ညဘက်အိမ်ပြန်မအိပ်ဘူး
နောက်ရက်တွေလည်း ကျမအိမ်ပြန်မအိပ်ဖြစ်ဘူး
သူ့သတင်းကိုလည်း ကျမ မကြားဘူး
နောက်ရက် ကျမအိမ်ပြန်တယ်
ကဗျာစာအုပ်ကို ကျမမေ့နေတယ်
ညဘက်ရောက်မှ အမေမှန်အိမ်ကိုင်နေမှ သတိရပြီး သူ့ကို မေးလိုက်တယ်
အမေ ကဗျာစာအုပ်ရော
သူက ပြန်ပြောတယ်
အေး ငါမေ့နေတာ ရှိတယ် ဟုတ်တယ် ဟုတ်တယ်
ဆိုပြီး ကဗျာစာအုပ်ကို မီးဖိုချောင်ထဲက သွားဆွဲထုတ်လာပြီး အနောက်ဖက်ထွက်သွားတယ်
ကျမ သူဘာလုပ်မလဲသိရအောင် သူ့နောက်လိုက်သွားတယ်
အိမ်နောက်က မြေကွက်လပ်မှာ သူစာအုပ်ကိုချတယ်

လေတိုက်နေတော့ စာရွက်တွေက တဖျတ်ဖျတ်လန်နေတယ်
ကဗျာဆရာတွေရဲ့ လက်မှတ်မည်းမည်းတွေကို လရောင်အောက်မှာ မည်းမည်းမြင်ရတယ်
စာအုပ်ကိုကြည့်နေတော့ သူ့လက်ထဲက ရာဘာတုံးလေးနဲ့ မီးခြစ်ကို သတိမထားမိဘူး
  
အမေဟာ စတင်မီးရှို့တော့တာပဲ
ကျမ သူ့ကိုကြည့်နေတယ်
သူ ကျမကိုပြန်ကြည့်တယ်

ပြီးတော့ စာအုပ်တကယ်ပြာကျ မကျ ပြန်ကြည့်တယ်
ပြာကျသွားတော့ မီးလောင်စာတွေကို ရေနဲ့ပြန်ပက်တယ်
ငါ့စာအုပ်လေး နှမြောစရာလို့ သူရွတ်တယ်
ဂွတ်နိုက်လို့ သူပြောတယ်
ငါမနက် အလုပ်သွားရဦးမယ်
အမေဟာ ဒီအချိန်ဆို တရှူးရှူးအိပ်ပျော်နေမှာပဲ
အမေဟာတကယ်
စောက်ဆန်းကြီးပဲ။         ။

ချိုပိန်းနောင်
(3/28/15) (Saturday) (11:16 PM)
(Thanks Mom. I inspired you! )

ရိုးရှင်းတဲ့ ဖွဲ့စည်းပုံနဲ့ ရေးထားတဲ့ ချိုပိန်းနောင်ရဲ့ ကဗျာမှာ အဓိက ဆန်းပြား အငြင်းပွားဖွယ် အချက်ကတော့ အနန္တဂိုဏ်းဝင်လို့ မြန်မာ့ထုံးတမ်းစဉ်လာအရ၊ အထူးသဖြင့် ဗုဒ္ဓဘာသာအရ သတ်မှတ်ထားတဲ့ မိခင်ကို ဆဲရေးတဲ့စကားလုံးလို့ သတ်မှတ်ကြမဲ့ ဘန်းစကားတစ်ခုနဲ့ ယှဉ်တွဲထားတာပါပဲ။ ရှေ့မှာ ဖော်ပြခဲ့သလို ကဗျာ့ရည်ရွယ်ချက်က အရေးကြီးပါမယ်။ ကဗျာပါ အကြောင်းအရာဟာ တကယ့်အဖြစ်အပျက်နဲ့ ဆက်စပ်နေပါတယ်။ သိရသလောက် ချိုပိန်းနောင်ရဲ့ အမေဟာ ကဗျာစာအုပ်ကို ဖတ်တာ၊ ကဗျာဆရာတွေကို လက်မှတ်ထိုးခိုင်းတာ တကယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကဗျာတစ်ပုဒ်လုံးကို အတည်ယူဖို့ကတော့ ခက်ပါတယ်။ ယနေ့ခေတ်မှာ မသုံးတော့တဲ့ မှန်အိမ်နဲ့ စာဖတ်တယ် ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကို သတိပြုမိတဲ့အခါ၊ အမေက စာအုပ်ကို မီးရှို့တယ်ဆိုတာကလည်း တကယ် ဖြစ်ခဲ့တာ ဟုတ်မဟုတ်၊ ဒါဆိုရင် ကဗျာထဲမှာ မိခင်ကို မလေးစားတဲ့ ရည်ရွယ်ချက်နဲ့ အငြင်းပွားဖွယ် ဝေါဟာရကို သုံးလိုက်တာရော ဟုတ်ပါ့မလား၊ ဆရာမြေမှုန်လွင်ပြောခဲ့သလို ဒီဝေါဟာရဟာ ယနေ့ခေတ် လူငယ်တို့ကြားမှာ သာမန်အသုံးတစ်ခုမို့ ပြောဆိုနေကျ သဘာဝအတိုင်း ထည့်သွင်းထားသလား ဆိုတာကို စဉ်းစားစေပါတယ်။ တကယ်လို့ ဆဲရေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တယ်ဆိုရင်ရော၊ ဒါဆိုရင် လူငယ်တွေရဲ့ စံတန်ဖိုးတွေကို နားလည်ဖို့ လိုအပ်လာပါပြီ။
မူဝါဒရေးဆွဲသူတွေ၊ ယဉ်ကျေးမှု ထိန်းသိမ်းသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒါမှမဟုတ် ခေတ်သစ်အဖွဲ့အစည်းကို အားပေးလိုသူတွေ၊ တီထွင်ဆန်းသစ်လိုသူတွေ၊ အမျိုးမျိုးသော ဝါဒရေးရာတွေအတွက်တော့ ဒီတွေ့ရှိချက်အပေါ်မှာ ကဲ့ရဲ့ခြင်း၊ တားမြစ်ခြင်း၊ တိုက်တွန်းခြင်း၊ ချီးကျုးခြင်း စသည်ဖြင့် ဘက် တစ်ဘက်ဘက်ကနေ တစ်ခုခု အရေးယူဆောင်ရွက်ကောင်း ဆောင်ရွက်ပါလိမ့်မယ်။ လေ့လာသူအတွက်ကတော့ ဒီလို အရေးအသားတွေနဲ့ ပတ်သက်လို့ တွေ့ရှိချက်ကို အင်တာနက်ထဲက ကဗျာအချို့ရဲ့ စရိုက်လက္ခဏာ အချက်အလက်တစ်ခုအဖြစ် မှတ်သားရုံသာ ဖြစ်ပါတယ်။
ပန်ဒိုရာ
၁၄.၄.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အမှတ် ၅ တွင် ဖော်ပြပါရှိပြီး)

ပြန်လည်တွေ့ဆုံခြင်းအတွက် အမှတ်တရစကား



ဘားမီးစ် ပိုယက်ထရီ ဖောင်ဒေးရှင်းမှာ ဘာပို့စ်မှ မတင်ဖြစ်တာ အတော်ကြာသွားခဲ့ပါပြီ။
အခုတော့ ဘလော့ဂ်ကို ပြန်စမ်းရင်း ကဗျာနဲ့ပတ်သက်လို့ တခုခုပြောဘို့ကြိုးစားကြည့်ပါမယ်။
Burmesepoetryfoundation ဟာ စကတည်းက ကဗျာနဲ့ပတ်သက်တာတွေကို စောင်းပေးပြီး
ပို့စ်တင်ဘို့ ကဗျာအပေါ် လေးနက်ရူးသွပ်သူတွေအတွက် တစုံတရာသော ပံ့ပိုးမှုတခုခုဖြစ်စေဘို့
သာ ရည်ရွယ်ခဲ့ပါတယ်။ အကြောင်းကြောင်းသောအကြောင်းတွေကြောင့် ထင်တိုင်းမပေါက်ခဲ့တာကို
တော့ ၀န်ခံရမှာပါ။ အခု အကောင့်ကို ပြန်ပြီးဆန်းစစ်ကြည့်ခြင်းနဲ့အတူ မကြာမီရက်ပိုင်းအတွင်းမှာ
ကဗျာနဲ့ကဗျာဆိုင်ရာစာသား ပို့စ်များ ပြန်တင်နိုင်အောင် ကြိုးပမ်းအားထုတ်သွားမယ့်အကြောင်း
ပြောကြားရင်းနဲ့  --
Burmesepoetryfoundation မိတ်ဟောင်း မိတ်သစ်များကို နှုတ်ခွန်းဆက်သလိုက်ပါကြောင်း။

ဘဲသားသစ်သီးကိတ်မုန့်


ဘဲသားသစ်သီးကိတ်မုန့်ကဗျာကို သူရေးခဲ့တာပေါ့
အဲဒါ သူ့ကုတ်အင်္ကျီရဲ့ ညာဘက်အိတ်ထဲကလျှောကျလာတာ
အဲဒါ မျိုးတုံးလုနီးပါးဖြစ်နေတဲ့ ဝေလငါးဆီကလာတာ
ဒီ့ထက်တိတိကျကျဆိုရရင်
ဝေလငါးရဲ့ ညာဘက်အံသွား ဒုတိယထပ်ဆီကနေ ယူခဲ့တာ
ဘဲသားသစ်သီးကိတ်မုန့်လေ
ဟော်လန်ရဲ့ အက်စတာဒမ်ဘိန်းခန်းတွေဆီက
စပိန်ရဲ့ မက်ဒရစ်လမ်းကြားတွေထဲက
သူ့ ဦးခေါင်းအရေပြားထဲ အဲဒီ့ခံယူချက်ကို စိုက်ထူပြီး
ငွေရည်ဖွဲ့နေတဲ့ သက်တံ့ရဲ့အတွင်းသားကိုလှီထုတ်ပြီး တရှိုက်မက်မက်
သူတို့အော်ကြဟစ်ကြတဲ့ တွေ့ဆုံစည်းဝေးပွဲကနေ မနေနိုင်မထိုင်နိုင် ရပ်နိုင်ပေ့လုပ်ကြတာ
အဘိုးကြီးတွေ အဘွားကြီးတွေရဲ့ အတွင်းခံကိုမသိအောင်ချွတ်ယူပြီး တစ်ယောက်မျက်နှာတစ်ယောက်စွတ်ကြည့်ကြတာ
အဲဒါ တိုက်တန်းနစ်မနစ်မြုတ်မီ တစ်ပတ်အလိုက
နာမည်ကြီးခဲ့တဲ့ပါတီပွဲပဲ
ဘဲသားသစ်သီးကိတ်မုန့်ရဲ့ မြေညီထပ်မှာလေ
နောက် ပထမထပ် ထို့နောက်ဒုတိယထပ်
ခင်ဗျားနိုင်သလောက်ရေတွက်သွားဖို့ပဲတဲ့
ငါတို့ ခဲနဲ့ဝိုင်းပစ်တော့ သူ့ဖင်ကိုခါရမ်းပြီးစင်ပေါ်တက်ပြေးတယ်
ပြီးမှ ငါဟာကမ္ဘာရဲ့အစောဆုံးဘုရင်
ငါ့ခန္ဓာမှာ မင်ခြစ်ရာတွေချည်းပဲတဲ့
သူ ထွင်ထားတဲ့ဘဲသားသစ်သီးကိတ်မုန့်အနားကနေ တစ်ဖဝါးမကွာ စောင့်ရှောက်လို့
အဲဒါဈေးကြီးတယ်
ငါ့ထက်လည်း ပိုပြီးအရေးကြီးတယ်. . . . .
သူ့ခမျာ ပျော်လို့ ။ ။

သားဦး

အခန်းကျဉ်းလေးထဲ




ပိတ်ဆို့ထားတဲ့ အခန်းရဲ့ အတွင်းသားမှာ
ဖွင့်ထားတဲ့ သီချင်းတွေက မီးခိုးရဲ့အမျှင်လို
အော်သံတွေက လောင်ပုံမီးရှို့ခံထားရတဲ့အခါ
သူတို့လည်း မိုးထဲ လေထဲ တဖျတ်ဖျတ် ပျံသွားတာ
အငွေ့တွေလိုမျိုးပဲ

ပြတင်းပေါင်ပေါ် ငှက်ဟာ လာသေနေတယ်
အရုပ်တစ်ရုပ်ရေးတိုင်း စာမျက်နှာ တစ်ခုကုန်တယ်
ဒီအချိန်ထိတော့ သောက်နေကျ ပုံမှန် တစ်ခွက်ပါပဲ
မကြာခင် ယင်ကောင်တစ်ကောင် လာနားလိမ့်မယ်
တောက်ထုတ်ပစ်လိုက်တယ်

ဒီနေရာမှာတော့ ရှုခင်းဟာ မရှိတော့ဘူး
လွန်ခဲ့တဲ့ မနေ့ကပဲ သူတို့ကို မြှပ်နှံခဲ့လိုက်တာ
သေချင်တဲ့အနံ့ဟာ စီးကရက်တစ်လိပ်ကို ဖွာတယ်
ပတ်ဝန်းကျင်ကို စပရေးဘူးနဲ့နည်းနည်း ဖျန်းမယ်
စန့်စန့်ကြီးဖြစ်နေတော့

အခုရောက်နေတဲ့ နေရာက ကျဉ်းလွန်းပါတယ်
ထပ်ချဲ့စရာ မလိုလောက်အောင် အသံရဲ့ဗြက်ဟာ
ကြီးမားလွန်းတယ် သူတို့တွေ အော်ကြ ဟစ်ကြပြီးတော့
ငရဲအတွက် လိပ်စာနဲ့ နိဗ္ဗာန်မှာက တိကျသေသပ်လှတဲ့
မြေပုံလမ်းညွှန်ရှိနေတယ်

နေကသာ မသာတာ ကျီးတွေက အာတယ်
သူတို့မှမဟုတ်ဘူး ဆိုတော့လည်း မဟုတ်ပြန်ဘူး
ငှက်တွေလည်း ဒီမှာငြိမ်နေလို့မရဘူး လိုအပ်တာက
အိမ်ထောင်ပြုဖို့လည်းမဟုတ် အသက်ဖြင့်မကြီးသေး
ဒါဖြင့် တကယ်လိုအပ်နေတာ

ဘာမှမပြောချင်တော့ဘူးဆိုရင် ဝင်ခွေနေလိုက်
အသိုက်က ဆံပင်ရှည်တွေ ဖွာရရာကြဲနေလိမ့်မယ်
မင်းရဲ့အခန်းဟာ အခုအချိန်အထိ ပိတ်ဆို့ခံထားရတဲ့အခါ
ဖောက်ထွက်ဖို့ရာ ချည်းကပ်နည်း ၇၀ စသည်ဖြင့်
လိုရင်းကိုမရောက်နိုင်

တကယ်ဆို ဘာမှမဟုတ်ဘူး တကယ်ဆို
အခန်းလေးထဲကို ဝင်သေဖို့ပဲသက်သက် ငှက်ဟာ
ပြတင်းဆီလာတယ် ရင်ကွဲပက်လက် ၊ ရင်ကွဲမှောက်လျက်
အသံလေးကြားရုံ ၊ အကြည့်လေးငြိရုံ ဘယ်လိုပဲဆိုဆို
တကယ့်လိုရင်းက သေဖို့ ။ ။

ခွန်ရှိုင်း
2015 Oct 4, SUNDAY 00:04